အာဆင်နယ် အသင်းရဲ့ အကောင်းဆုံး လူငယ် ကြယ်ပွင့် အဖြစ် သတ်မှတ်ခံထားရတဲ့ ပါတီနို နဲ့ ပတ်သက်ပြီး သိထားသင့်သော အကြောင်းအရာမျာ

ပရီးမီးယားလိဂ်၂ ပွဲစဉ် (၄) မှာ မန်ယူနိုက်တက် ယူ၂၃ အသင်းက ဖီးလ်ဂျုံးစ် နဲ့ ဒင်းဟန်ဒါဆန် တို့ကို လှလှပပ ကျော်ဖြတ် ဂိုးသွင်းပြီးနောက် ဂန်းနား လူငယ် ကြယ်ပွင့်လေး ချာလီ ပါတီနို ဟာ အာဆင်နယ် ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစား လာခဲ့ပါတယ် ။ ( အဲ့ဒီဂိုးမတိုင်ခင်ကတည်းက ပါတီနို က ပရိသတ်တွေကြားထဲမှာ နာမည်ကြီးနေသူတစ်ဦးပါ )

ပါတီနို ဟာ အာဆင်နယ် အသင်းကြီးနဲ့ မကြာခဏ လေ့ကျင့်ခန်း အတူ ဆင်းလေ့ရှိပြီး ခြေစမ်းပွဲတွေမှာ ပါဝင်ကစားလေ့ရှိသူပါ ။အသက် ၁၇ နှစ် အရွယ်သာ ရှိသေးတဲ့ ပါတီနို ဟာ မနှစ်က အာဆင်နယ် အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့ပြီး ဒီရာသီ အသင်းကြီးမှာ ပွဲဦးထွက်ကို ကစားခွင့် ရဖွယ် ရှိနေပါတယ် ။

လက်ရှိ အချိန်မှာ ပါတီနို ဟာ အာဆင်နယ် ယူ၁၈ ၊ ယူ၂၃ အသင်းတွေရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ပါတယ် ။ အာဆင်နယ် အသင်း ပရိသတ်တွေကတော့ ဝင်ဘယ်ဒန် နဲ့ ခါရာဘောင်းပွဲမှာ ပါတီနို ပွဲထွက် ကစားတာကို မြင်တွေ့ ချင်နေကြပါတယ် ။

ချာလီ ပါတီနို နဲ့ ပတ်သက်ပြီး သိထားသင့်သော အကြောင်းအရာများကို ဖော်ပြ ပေးလိုက်ပါတယ် ။

၁ ။ ချာလီ ပါတီနို အကြောင်း တစ်စေ့တစ်စောင်း

ပါတီနို ဟာ ၂၀၀၃ ခုနှစ်ဖွား ဖြစ်ပြီး လာမယ့် အောက်တိုဘာလမှာ အသက် ၁၈ နှစ်ပြည့်မှာ ဖြစ်ပါတယ် ။ ပါတီနို ဟာ ဂျက်ဝီလ်ရှား လိုပဲ လူတန်တောင်း အကယ်ဒမီ ကနေ ထွက်ပေါ် လာခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ အာဆင်နယ် အသင်းကို ရောက်ရှိ လာခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ချဲလ်ဆီး အသင်း နဲ့ အပြိုင် ပါတီနို ကို ခေါ်ယူ ခဲ့ရတာ ဖြစ်ပြီး လူတန်တောင်း အသင်းကို လျော်ကြေး ပေါင် ၁ သောင်း ပေးချေ ခဲ့ရတယ်လို့ သိရပါတယ် ။ အဲ့ဒီ အချိန်တုန်းက ပါတီနို ရဲ့ အဖေ ဂျူလီယို က ” ဒီလို အခွင့်အရေးမျိုးက မကြာခဏရမှာ မဟုတ်တော့ ရလာတဲ့ အချိန်မှာ အမိအရ ဆုပ်ကိုင်လိုက်တာပါ ၊ သားလေးအတွက် ဝမ်းသာမိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ပါတီနို ဟာ အာဆင်နယ် လူငယ် အသင်းကို ရောက်ရောက်ချင်းမှာပဲ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြသ နိုင်ခဲ့ပြီး ကလပ်အသင်းတွင်းကလူတွေကတော့ ပါတီနို ဟာ ဂျက်ဝီလ်ရှား ထက် ပိုကောင်းသူ ၊ မန်စီးတီး ကြယ်ပွင့် ဖိုဒန် နဲ့ ကစားပုံ ဆင်တူသူလို့ ပြောလေ့ ရှိကြပါတယ် ။

ပါတီနို ဟာ ဘရန့်ဖိုဒ့် အသင်း နဲ့ တံခါးပိတ် ခြေစမ်းပွဲမှာ အာဆင်နယ် အသင်းကြီး အတွက် ပါဝင် ကစားခဲ့ပြီး စီနီယာ ကစားသမားတွေရဲ့ အထင်ကြီးမှု ကို ရရှိ ခဲ့ပါတယ် ။ ဆွင်ဒန် နဲ့ EFL Trophy ပွဲက ပါတီနို ရဲ့ ခြေစွမ်းဟာလည်း ပရိသတ်တွေကြားထဲ အပြောများ ခဲ့ပါတယ် ။

ဒါ့အပြင် ပါတီနို ဟာ အသက် ၁၄ နှစ် အရွယ်မှာတင် အင်္ဂလန် ယူ၁၆ အသင်းရဲ့ ကပ္ပတိန် အဖြစ် ကစားခွင့် ရရှိ ခဲ့သူပါ ။ ပါတီနို ဟာ အာဆင်နယ် အသင်းကြီးနဲ့ အတူ တရားဝင် ပြိုင်ပွဲတွေမှာ ပါဝင် ကစားရခြင်း မရှိသေးပေမယ့် နာမည်ကျော် brand Adidas နဲ့ စာချုပ်ချုပ်ဆိုထားပြီး ဖြစ်ပါတယ် ။

၂ ။ ပါတီနို က ဘယ်နေရာမှာ ကစားတာလဲ

ပါတီနို ဟာ ဂန်းနား ဂန္တဝင် လီယန် ဘရာဒီ လိုမျိုး ပွဲအဖြေ ပြောင်းလဲအောင် လုပ်ပေးနိုင်တဲ့ ကစားသမား ဖြစ်ပြီး CM , CAM , no 10 နေရာတွေမှာ ကစားနိုင်သူ ဖြစ်ပါတယ် ။ ဒါ့အပြင် ပါတီနို ဟာ ဘောလုံးကို သက်သောင့်သက်သာ ကိုင်ကစားနိုင်ပြီး ပြိုင်ဘက် ခံစစ် ကစားသမားတွေ ဗျာများစေမယ့် ပေးပို့မှုတွေ လုပ်နိုင်ပါတယ် ။

ပါတီနို ဟာ စပိန် မိဘနှစ်ပါးက မွေးဖွားသူ ဖြစ်ပြီး စပိန် ကစားသမားတွေ ရဲ့ ကစားဟန်ကို ကြည့်ရှုပြီး ကြီးပြင်းလာသူ ဖြစ်တာကြောင့် စပိန် ကွင်းလယ်လူတွေလို ကိုယ့်အတွက်ကော အသင်းဖော်တွေ အတွက်ပါ နေရာလွတ်တွေ ရှာဖွေ ကစားနိုင်စွမ်း ရှိပါတယ် ။

အတိုချုပ် ပြောရရင် ပါတီနို ဟာ ဖိအားတွေမှာ သက်သောင့်သက်သာ ကစားနိုင်ပြီး နည်းစနစ်ပိုင်း ကျေညက်တဲ့ ဘယ်ခြေအားသန် ကစားသမား တစ်ဦး ဖြစ်ပါတယ် ။

၃ ။ ပါတီနို က သူ့အကြောင်း ဘယ်လို ပြောခဲ့ဖူးသလဲ

ပါတီနို ရဲ့ စံပြ ကစားသမားတွေက အာဆင်နယ် အသင်းမှာ ကစားခဲ့ဖူးတဲ့ စပိန် ကစားသမားတွေပါ ။ ဒီအကြောင်းကို ပါတီနို က အာဆင်နယ် ဝက်ဆိုဒ် နဲ့ အင်တာဗျူးမှာ ” ကျွန်တော်က ဆန်တီ ကာဇိုလာ ကစားတာကို ကြည့်ပြီး ကြီးပြင်းလာခဲ့သူပါ ၊ သူက ကျနော် လေးစားအားကျရတဲ့ ကစားသမားပါ၊ ဆက်စ်ဖာဘရီဂက်စ် နဲ့ မီခေးလ် အာတီတာ တို့ကလည်း ကျနော့် favourite ကစားသမားတွေပါပဲ ၊ ဒါပေမယ့် ဆန်တီ ရဲ့ အရည်အသွေးက တစ်ခြားသူတွေနဲ့ မတူဘူးလို့ ထင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ဖူးပါတယ် ။

ပါတီနို ဟာ အင်္ဂလန် အသင်းမှာရော စပိန် အသင်းမှာပါ ကိုယ်စားပြု ကစားခွင့် ရှိနေသူ ဖြစ်ပါတယ် ။ ပါတီနို ကတော့ စပိန် လက်ရွေးစင် အသင်းမှာ ကစားချင်ကြောင်း ပြောကြား ထားဖူးပါတယ် ။ ” တစ်နေ့တော့ သူတို့ အတွက် ကိုယ်စားပြု ကစားခွင့်ရနိုင်မှာပါ ၊ ကျွန်တော် က စပိန်အသင်းရဲ့ ကစားဟန်ကို နှစ်ခြိုက် သဘောကျသူပါ ။ ” လို့ ဆိုပါတယ် ။

၄ ။ ပါတီနို နဲ့ ပတ်သက်ပြီး နာမည်ကျော် သတင်းထောက်များရဲ့ ပြောကြားချက်များ

Football London ရဲ့ အာဆင်နယ် သတင်းထောက် Chris Wheatley က ပါတီနို နဲ့ ပတ်သက်ပြီး ခုလို ချီးကျူး ထားပါတယ် ။ ” ပါတီနို က အာဆင်နယ် အသင်းကြီးထံ ရောက်လာမယ့် လူငယ် ကစားသမားတွေထဲမှာ နာမည်အကြီးဆုံး ဖြစ်မယ့်သူပါ ၊လာမယ့်နှစ်အနည်းငယ်အတွင်း အာဆင်နယ် အသင်းကြီးမှာ သူ ပုံမှန် ကစားခွင့်ရမယ်ဆိုတာဘကျနော် သေချာပေါက် ပြောရဲတယ်ဗျာ ။ ”

Goal ရဲ့ အာဆင်နယ် သတင်းထောက် Charles Watts ကလည်း ” ချာလီ ပါတီနို အကြောင်း ကျွန်တော် အမြဲ ပြောဖူးပါတယ် ၊ သူ ကစားတာကို ကြည့်ရတဲ့ အချိန်တိုင်း သူ့အပေါ် အထင်ကြီးမှု ​ဖြစ်ရပါတယ် ။ သူက ဂျက်ဝီလ်ရှား လို ကစားသမားပါ ၊ သူက လူငယ်တွေထဲမှာ စိတ်လှုပ်ရှား စရာ အကောင်းဆုံး ကစားသမားပါပဲ ။ ”

အာဆင်နယ် အသင်းရဲ့ ကင်းထောက် ဘရိုင်ယန် စတပ်လီတန် ကတော့ ” ဂျက်ဝီလ်ရှား ကို ရှာတွေ့ ခေါ်ယူခဲ့တဲ့ ရှောင်အိုကော်နာ က ပါတီနို ဟာ Hale End အကယ်ဒမီထွက် ထဲမှာ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ကျနော့်ကို ပြောဖူးပါတယ် ။ ”

“သူက အာဆင်နယ် အသင်းကြီးကို တက်လှမ်းနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေသူပါ ၊ ဖီးလ်ဖိုဒန် တစ်ယောက် မန်စီးတီး အသင်းကြီးကို ရောက်လာတဲ့ ပုံစံမျိုး ဖြစ်လာမှာပါ ။ ” လို့ ပြောကြား ခဲ့ဖူးပါတယ် ။

ချာလီ ပါတီနို အကြောင်း နောက်ဆုံး ပြောခဲ့သူကတော့ အာဆင်နယ် အသင်းရဲ့တောင်ပံ ကစားသမား ရီးစ်နယ်လ်ဆင်ပါ ။ ရီးစ်နယ်လ်ဆင် က ” Charlie Patino remember the name ” လို့ သူ့ရဲ့ ဆိုရှယ် မီဒီယာ အကောင့်မှာ ရေးတင် ခဲ့တာ ဖြစ်ပါတယ် ။

SM