အယူခံဝင်မှု ရှုံးနိမ့်သွားတဲ့ လိဒ် ယူနိုက်တက်

လိဒ် ယူနိုက်တက် အသင်းဟာ လီဗာပူး နဲ့ ပွဲစဉ်မှာ တိုက်ရိုတ် အနီကဒ် ပြသခံခဲ့ရတဲ့ ခံစစ်မှုး ပါစကယ် စထ်ရု နဲ့ ရဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်လို့ အယူခံ ဝင်ခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိပဲ ပယ်ချခံလိုက်ရပါတယ်။ ဒါကြောင့် ကာယကံရှင် ကစားသမားဟာ 3 ပွဲ ပယ် ပစ်ဒဏ်ကို ကျခံသွားရတော့မှာ ဖြစ်ပါတယ်။

လီဗာပူး နဲ့ လိဒ် ယူနိုက်တက် တို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်ဟာ နည်းစနစ်ပိုင်း အရတင် ယှဉ်ပြိုင်ခဲ့တာ မဟုတ်ပဲ ၊ ကစားအား Tempo ပိုင်းမှာပဲ နှစ်ဖက်စလုံးက တင်ပြီး ကစားခဲ့တာကြောင့် မကြာခဏ Foul ဖြစ်တာတွေ တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် တိုက်စစ် ကစားသမား စုဖွဲ့မှု အပိုင်းမှာ လီဗာပူး က ပိုပြီးသာလွန်တာကြောင့် လိဒ် ခံစစ်မှုးတွေ အနေနဲ့ ဘယ်လိုမှ ထိန်းချုပ်နိုင်ခြင်း မရှိပဲ ၊ မလိုလားအပ်တဲ့ ပြစ်ဒဏ်ကျူးလွန်းမှုတွေ လုပ်ဆောင်ခဲ့ရတာပါ။

မီးနစ် 30 အတွင်းမှာပဲ ဗဟို ခံစစ်မှုး နှစ်ယောက် ဖြစ်တဲ့ လီယန် ကူးပါး နဲ့ ဒီယိုဂို လိုရန်တီ တို့ နှစ်ယောက် စလုံးဟာ အဝါကဒ် ကိုယ်စီ ပြသခံလိုက်ရတာမို့ ၊ နည်းပြ ဘီရယ်ဆာ ဟာ 33 မီးနစ် မှာပဲ လိုရန်တီ ကို ထုတ်ပယ်ပြီး ပါစကယ် စထ်ရု နဲ့ လူစားလဲခဲ့ရပါတယ်။ သို့သော် ရစ်သမ် မိနေတဲ့ လီဗာပူး ကို ပြန်လည် တုန့်ပြန်နိုင်ခြင်း မရှိပဲ သွင်းဂိုးတွေပဲ ဆက်လက် ခွင့်ပြုလိုက်ရပါတယ်။

ဒုတိယပိုင်း မီးနစ် 60 မှာတော့ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။ ပါစကယ် စထ်ရု ဟာ ဟာဗေး အယ်လီယေ့ာ ဆီကနေ ဘောလုံး လှမ်းလုဖို့ ကြိုးစားလိုက်စဉ်မှာ မမျှော်လင့်ပဲ ခြေထောက်ကို ဖိလိမ်လိုက်သလို ဖြစ်သွားခဲ့တာကြောင့် ၊ လီဗာပူး ချာတိတ်လေးဟာ ခြေကျင်းဝတ် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားခဲ့ ပါတယ်။

ဒိုင်လူကြီး ခရိတ် ပေါ်လ်ဆင် ကတော့ VAR ဒိုင်လူကြီး နဲ့ တိုင်ပင် အပြီးမှာ ပါစကယ် စထ်ရု ကို တိုက်ရိုတ် အနီကဒ် နဲ့ ထုတ်ပယ်ခဲ့ပါတယ်။

အဲဒီ ကိစ္စအပေါ် ဘောလုံး ပရိသတ်တွေ အကြား အနီကဒ် ပြသင့်တယ် ၊ မပြသင့်ဘူး ဆိုတဲ့ အငြင်းအခုန်တွေ ဆက်တိုက် ဖြစ်ခဲ့သလို ၊ ရည်ရွယ်ချက် ရှိရှိ နဲ့ လုပ်ဆောင်တာ မဟုတ်ဘူး ဆိုတာမျိုးတွေ အထိ ပြောဆိုလာခဲ့ကြပါတယ်။

ယာဂန် ကလော့ပ်ကတော့ အနီကဒ် ပြတဲ့ ကိစ္စဟာ သူနဲ့ မဆိုင်ဘူးလို့ တုန့်ပြန်ခဲ့သလို ၊ ပါစကယ် ဟာ ပွဲပယ် ပြစ်ဒဏ်ကျခံရမယ် ဆိုရင်တောင် အချိန်တိုအတွင်း ပြန်ကစားပေးနိုင်မှာ ဖြစ်ပေမယ့် ၊ ဟာဗေးလ် ကတော့ အချိန်အတိုင်းအတာ တခုအထိ အနားယူရမယ့် အချက်ကို ထောက်ပြသွားခဲ့ပါတယ်။

မနေ့ကတော့ လီဗာပူး အသင်းဟာ ဟာဗေးလ် ရဲ့ ဒဏ်ရာကို အောင်အောင်မြင်မြင် ခွဲစိတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာချက် ထုတ်ပြန်ခဲ့သလို ၊ ဒီရာသီ မကုန်ခင်မှာပဲ ပြန်လည် ကစားပေးနိုင်ဖွယ် ရှိကြောင်း ပရိသတ်တွေ ကို အသိပေးသွားခဲ့ ပါတယ်။

တချိန်တည်းမှာပဲ လိဒ် ယူနိုက်တက် အသင်းကလဲ သူတို့ ကစားသမား ရဲ့ ပြစ်ဒဏ်ဟာ မျှတမှု မရှိဘူးလို့ ယူဆတဲ့ အတွက် ပြိုင်ပွဲ တာဝန်ရှိသူတွေထံ အယူခံ ဝင်ခဲ့ပါတယ်။ သို့သော် FA ကတော့ အဲဒီ အယူခံဝင်မှု ကို ပယ်ချကာ 3 ပွဲပယ် ပြစ်ဒဏ် ဆက်လက် ကျခံဖို့ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်သွားခဲ့ ပါတယ်။

ဟာဗေး အယ်လီယော့ ကိုယ်တိုင်ကတော့ သူ့ရဲ့ ဒဏ်ရာ နဲ့ ပတ်သက်ပြီး ပါစကယ် ကို အပြစ်မမြင်ခဲ့တဲ့ အပြင် ၊ သုံးပွဲပယ် ပြစ်ဒဏ် ချမှတ်ခံလိုက်ရလို့ စိတ်မကောင်း ဖြစ်မိတဲ့ အကြောင်းကိုလဲ အခုလို မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ ပြစ်ဒဏ် အတွက် ကြားရတာ စိတ်မကောင်းပါဘူး။ ဒါဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်မျိုးသာ ဖြစ်မယ် ထင်ပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ ထားမနေပါနဲ့ကွာ။ မင်းဟာ အကောင်းဆုံး ပုံစံတွေ နဲ့ ပြန်လည် စတင်နိုင်မှာပါ ၊ အကောင်းဘက်နေပဲ တွေးထားပါ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

SM