အထုတ်ခံရလိမ့်မယ်လို့ ဆိုးလ်ရှားကို သတိပေးလိုက်ပြီဖြစ်တဲ့ ရီယို ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက်တို့ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲစဥ်မှာ ယန်းဘွိုင်းစ် အသင်းကို ရှုံးနိမ့်သွားခဲ့တဲ့နောက် ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန်က ဒီနှစ် ဖလားမရရင် အထုတ်ခံရလိမ့်မယ်လို့ နည်းပြ ဆိုးလ်ရှားကို သတိပေး စကား ပြောဆိုသွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ဆွစ်ဇာလန်မြေမှာ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲစဥ် အဖြစ် ယန်းဘွိုင်းစ် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 2 – 1 ဆိုတဲ့ ရလဒ််နဲ့ ရှုံးနိမ့် သွားခဲ့ရပါတယ် ။ ဒီပွဲမှာတော့ ရော်နယ်ဒိုက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါသေးတယ် ။

ဒါပေမဲ့ ပွဲချိန် 34 မိနစ်မှာ ဘစ်ဆာကာ တိုက်ရိုက် အနီနဲ့ ထုတ်ခံရမှု ၊ ပွဲချိန် 66 မိနစ်မှာ ဗာရန်းရဲ့ လူကပ် ကစားပုံ လိုအပ်ချက် ရှိနေခဲ့မှု နဲ့ ပွဲချိန် နောက်ဆုံး မိနစ်မှာ ဂျက်စီ လင်ဂတ်ရဲ့ လူပေးမှု အသုံးမကျခဲ့ပုံတွေကြောင့် ယူနိုက်တက်တို့ မလိုအပ်တဲ့ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ် ။

 

ဒါဟာ ယူနိုက်တက်အတွက်တော့ ဒီရာသီရဲ့ ပထမဆုံး ရှုံးပွဲ ဖြစ်သွားခဲ့ရပါတယ် ။ အဆိုပါ ရှုံးပွဲ အပြီးမှာတော့ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် က ဒီနှစ်သာ ဆုဖလား အောင်မြင်မှုနဲ့ ထပ်မံအလှမ်းဝေးခဲ့မယ်ဆိုရင် ဆိုးလ်ရှား အနေနဲ့ အလုပ်ထုတ်ခံရလိမ့်မယ်လို့ ကြိုတင် သတိပေးသွားခဲ့လိုက် ပါတယ် ။

” ထိပ်သီး လေးသင်းအတွက် တိုက်ပွဲဝင်နေရတဲ့ မန််နေဂျာတွေကို ကြည့်လိုက်မယ်ဆိုရင် အိုလီဟာ ဒီလို အဆင့်မှာ အနိုင်ယူနိုင်စွမ်း ရှိတယ်ဆိုတာကို အခုထိ မပြသနိုင်သေးတာ မြင်တွေ့ရပါလိမ့်မယ် ။ ဆိုးလ်ရှားဟာ အခုထိ သူ့ကို လုပ်ဖို့ ပြောထားတာလောက်ပဲ လုပ်ပြနိုင်ခဲ့ပါသေးတယ် ။ အခုတော့ သူဟာ (D-day) ပိုင်ဆိုင်နေရပါပြီ ”

” သူ့ရဲ့ ကစားသမား စာရင်း ၊ အသင်းရဲ့ တည်ဆောက်ပုံ ၊ အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေကို ကြည့်လိုက်မယ်ဆိုရင် winners တွေကို ခေါ်ယူထားနိုင်ခဲ့ပြီ ဖြစ်သလို အသင််းရဲ့ ယဥ်ကျေးမှုကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားတွေကိုလည်း ရရှိခဲ့ပြီလို့ ပြောရပါလိမ့်မယ် ”

” အခုတော့ သူဟာ ထိုက်သင့်တဲ့ ဝေဖန်မှုတွေကို ခံယူရမဲ့သူ ဖြစ်သွားခဲ့ပါပြီ ။ သူ့အနေနဲ့ ဆုဖလားတွေကို ရယူပေးတဲ့သူ ဖြစ်နေသင့်ပါပြီ ။ အကယ်လို့ သူသာ ဒါကို မလုပ်ပြနိုင်ခဲ့ရင် အခြားနည်းပြတွေလိုပဲ ဆက်ဆံခံရပါလိမ့်မယ် ” လို့ ဖာဒီနန်က သတိပေး သွားခဲ့တာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက် အသင်းဟာ ဒီနွေမှာ ဒေါ့မွန် ကြယ်ပွင့် ဂျေဒန် ဆန်ချို ၊ ရီးယဲ နောက်ခံလူ ရာဖေးလ် ဗာရန်း နဲ့ ဂျူဗင်တပ် အသင်းမှ ပေါ်တူဂီ လက်ရွေးစင် ခရစ္စတီယာနို ရော်နယ်ဒို တို့ကို ခေါ်ယူထားခဲ့ပြီး အရမ်းကို တောင့်တင်းတဲ့ ကစားသမား အင်အားစု ပိုင်ဆိုင်နေခဲ့ပါပြီ ။

ဒါ့ကြောင့် ဒီနှစ်တော့ ဆိုးလ်ရှား အနေနဲ့ 2017 ခုနှစ် နောက််ပိုင်း မရယူနိုင်ခဲ့သေးတဲ့ ဆုဖလားတွေကို အရယူပေးရေး ဖိအားတွေအောက် ကျရောက်နေခဲ့ရပါပြီ ။ အကယ်လို့ ဆိုးလ်ရှားသာ ဒီနှစ် ဖလားတွေ မယူပေးနိုင်ရင် သူ့ရဲ့ အသင်းဖော်ဟောင်းတွေလည်း ကာကွယ်ပေးနိုင်မှာ မဟုတ််လောက်တော့ပါဘူး ။ ဆိုးလ်ရှားရဲ့ ဖိအား နည်းပါးတဲ့ ရက်စွဲတွေ ကုန်ဆုံးသွားခဲ့ပါပြီ ။

#Sports_Myanmar