လူကာကူ ဟာ ကစားပုံ မကောင်းခဲ့သည့်တိုင် ပွဲကို အဆုံးအဖြတ်ပေးခဲ့ကြောင်း ချီးကျူးရင်း ၊ ချဲလ်ဆီး အတွက် စိတ်ပူစရာ အရာ တခု ကို ထောက်ပြခဲ့တဲ့ အလူကို

မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု H ရဲ့ အဖွင့်ပွဲစဉ် တပွဲမှာ လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသင်း ဟာ ရုရှား စူပါလိဂ် ချန်ပီယံ ဇင်းနစ် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံ ကစားခဲ့ပြီး ၊ တိုက်စစ်မှူး ရိုမီလူ လူကာကူရဲ့ တလုံးတည်းသော ခေါင်းတိုက် သွင်းဂိုးနဲ့ အတူ အနိုင်ရရှိခဲ့ပါတယ် ။

ဒါဟာ ချဲလ်ဆီး အသင်းမှာ လူကာကူ အတွက် ပြိုင်ပွဲစုံ ၄ပွဲမှာ ၄ဂိုးမြောက် ဖြစ်ပါတယ် ။ ထိပ်တန်း တိုက်စစ်မှူးတွေကို နှစ်စဉ်နှစ်တိုင်းလိုလို ကြေးကြီးပေးပြီး ခေါ်ယူဖို့ ကြိုးစားတတ်တဲ့ ချဲလ်ဆီး အတွက် ယခု တကြိမ် လူကာကူဆီမှာ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ချက်ချင်း အကျိုးပေးလာပါပြီ ။

လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ရာသီ က အားထားရတဲ့ ၊ ပုံမှန် ဂိုးသွင်းပေးနိုင်တဲ့ တိုက်စစ်မှူးမျိုး မရှိခဲ့သည့်တိုင် ၊ ချန်ပီယံလိဂ် ဖလား ကို ခံစစ် ကျစ်လျစ်မှု ၊ အသင်းလိုက် စုစည်းမှုကောင်းတွေနဲ့ ဆွတ်ခူးခဲ့ပါတယ် ။ ဒီရာသီမှာ ပုံမှန် ဂိုးသွင်းပေးမယ့် တိုက်စစ်မှူးမျိုး ထပ်မံ ဖြည့်တင်းနိုင်လိုက်တာ ဖြစ်လို့ ၊ ချန်ပီယံလိဂ် သရဖူကို ကာကွယ်ဖို့ ပိုမို အားကောင်းလာပြီ ဖြစ်ပါတယ် ။

တဖက်မှာ လူကာကူ ဟာ မနေ့ညက ပွဲမှာ ၊ ပြီးခဲ့တဲ့ အက်စတွန် ဗီလာနဲ့ ပွဲကလို အခွင့်အရေး များများစားစား မရခဲ့ပဲ လိုအပ်တဲ့ တလုံးတည်းသော သွင်းဂိုးကို အမှားအယွင်း မရှိ အဆုံးသတ်ခဲ့ပါတယ် ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ချဲလ်ဆီး အမျိုးသမီး ကစားသမားဟောင်း အမ်နီ အလူကို ၊ ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း ဂျိုကိုးလ်နဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်တို့က အခုလို သုံးသပ် ဆွေးနွေးပေးခဲ့ကြပါတယ် ။

BT Sport ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ အလူကို က ” လူကာကူ အတွက် ကျွန်မမှာ ဖော်ပြစရာ စကား တခွန်းပဲ ရှိပါတယ် ။ သူဟာ စွမ်းဆောင်ရည် ပြည့်ဝတယ် ဆိုတာပါပဲ ။ တခါတလေမှာ ကစားသမားသစ် တဦး အတွက် အသင်းသစ်ကို သူ့ရဲ့ တကိုယ်တော် စွမ်းဆောင်ရည်နဲ့ ဆွဲခေါ်သွားဖို့ ဆိုတာ ခက်ခဲပါတယ် ။ ”

” နောက်ပြီး သူဟာ တဂိုး ရဖို့ အခွင့်အရေး တကြိမ်ပဲ လိုပါတယ် ။ ဒီနေ့ပွဲမှာ သူ့ရဲ့ ကစားပုံ အရမ်း အကောင်းကြီး မဟုတ်ခဲ့ပါဘူး ။ သူ့ရဲ့ ထိချက်တွေက သေသေသပ်သပ် မရှိခဲ့ပါဘူး ။ ဒါပေမယ့် ပြိုင်ဖက် ပင်နယ်တီ ဧရိယာထဲမှာတော့ သူ့အတွက် ဂိုးရဖို့ အခွင့်အရေး တကြိမ်ပဲ လိုခဲ့ပါတယ် ။ ”

” ဒီပွဲရဲ့ သွင်းဂိုးမှာ သူ့ရဲ့ လှုပ်ရှားပုံကို ကြည့်ပါ ။ သူ့အတွက် တလက်မလောက် အချိန်ပေး ရွေ့လျားဖို့သာ လိုခဲ့ပါတယ် ။ ဒါဟာ အက်ဇ်ပီလီကွီတာရဲ့ သေသပ်တဲ့ ဖန်တီးမှု တခုလည်း ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဂျိုကိုးလ် ကလည်း ” လူကာကူ ဟာ ပြိုင်ဖက် ခံစစ်မှူး ၃ဦးလုံး ကို ဗျာများစေခဲ့ပါတယ် ။ သူဟာ ကစားပုံ မကောင်းရင်တောင် ၊ ပြိုင်ဖက်ရဲ့ အာရုံကို အမှန်တကယ် ဖမ်းစားနိုင်ပါတယ် ။ သူတို့ဟာ လူကာကူ ရှိနေတာကို အရမ်း စိုးရိမ်ခဲ့ကြပါတယ် ။ ဒီနေရာမှာ ခင်ဗျားတို့ဟာ ဇင်းနစ် ကို ချီးကျူးရမှာပါ ။ ”

” သူတို့ဟာ ခံစစ်ကြောင်းကို သေသေချာချာ ပိတ်ဆို့ထားနိုင်ခဲ့ပါတယ် ။ ချဲလ်ဆီး ဟာ ပွဲချိန် တော်တော်များများမှာ သူတို့ရဲ့ ကျစ်လျစ်တဲ့ ခံစစ်ကြောင့် လူကာကူဆီ တော်ရုံနဲ့ ဘောလုံး မပို့နိုင်ခဲ့ပါဘူး ။ ဒါပေမယ့် လူကာကူ ဟာ ပြိုင်ဖက် တဦးချင်းစီကို နောက်ကောက် ချန်နိုင်ဆဲပါပဲ ။ ကစားပုံ မကောင်းဘူးဆိုရင်တောင် သူဟာ ပြိုင်ဖက်တွေကို အာရုံများစေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဖာဒီနန် ကလည်း ” ဟုတ်ပါတယ် ။ ဒါဟာ ရာနှုန်းပြည့် မှန်ကန်ပါတယ် ။ သူ့လို ကစားသမားမျိုးတွေဟာ ပြိုင်ဖက်တွေကို ကြံ့ခိုင်မှု အရ နောက်ကောက်ချန်နိုင်စွမ်း ရှိသလို ၊ ပွဲကိုလည်း လွှမ်းမိုး ခြယ်လှယ်နိုင်စွမ်း ရှိပါတယ် ။ ဒီတော့ ခင်ဗျား ဟာ သူ့ကို အချိန်တိုင်း လူကပ် ကစားလို့ မရသလို ၊ နေရာလွတ်တွေလည်း ပေးလို့ မဖြစ်ပြန်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ချဲလ်ဆီး အမျိုးသမီး တိုက်စစ်မှူးဟောင်း အလူကို က လက်ရှိ ချဲလ်ဆီး အသင်းရဲ့ ကွင်းလယ် မှာ ပြီးခဲ့တဲ့ ရာသီရဲ့ ဥရောပ အကောင်းဆုံး ကွင်းလယ်လူ အန်ဂိုလို ကန်တေနဲ့ ဥရောပ အကောင်းဆုံး ကစားသမား ဂျော်ဂျင်ဟိုတို့ ၂ဦး အနက် တဦး မကစားပေးနိုင်ရင် စိတ်ပူစရာ ကောင်းနေကြောင်းလည်း သုံးသပ်ခဲ့ပါတယ် ။

အလူကို က ” လက်ရှိ ချဲလ်ဆီးနဲ့ ပတ်သက်ပြီး ကျွန်မ စိတ်ပူမိတဲ့ အရာတခု က ကွင်းလယ် ဖြစ်ပါတယ် ။ ကျွန်မသာ ပြိုင်ဖက် အသင်းက ဆိုရင် ချဲလ်ဆီး ကွင်းလယ်ကို ကြည့်ပြီး ‘ သူတို့ ကွင်းလယ်ကို မရရအောင် ဖြိုဖျက်မယ် ၊ သူတို့ ကွင်းလယ်မှာ ၂ယောက်ပဲ ရှိတာ ‘ ဆိုပြီး တွေးနေမိမှာပါ ။ ”

” ဒါကို ပြီးခဲ့တဲ့ စနေနေ့က ဗီလာ အသင်း လုပ်ပြသွားတာကို တွေ့ခဲ့ရမှာပါ ။ ဒါဟာ သောမတ်စ် တူချယ် နည်းစနစ် အရ ပြန်ပြီး ဆင်ခြင် သုံးသပ်ရမယ့် အရာတခုပါ ။ ဒါဟာ ဒီရာသီ ချဲလ်ဆီး အသင်း ရုန်းကန်ရနိုင်တဲ့ တခုတည်းသော အခြေအနေပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR