ယန်းဘွိုင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အိုလီဂန်နာဆိုးရှားရဲ့ ဆုံးဖြတ်ချက် ၄ ခုကို ဝေဖန်သွားခဲ့တဲ့ ပီတာရှမိုက်ကယ်

ပီတာရှမိုက်ကယ်က မနေ့ညက ယန်းဘွိုင်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အတွင်း နည်းပြ အိုလီဂန်နာဆိုးရှားရဲ့ ဆုံးဖြတ်ချက်တွေကို ဝေဖန်သွားခဲ့ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ယူနိုက်တက် အတွက် ပွဲချိန် ၁၃ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာကြောင့် အဖွင့်လှပခဲ့ပေမယ့်လည်း ပထမပိုင်း မပြီးခင် နောက်ခံလူ ၀မ်ဘစ်ဆာကာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရခြင်းဟာ ပွဲရဲ့ အလှည့်အပြောင်းကို ဖြစ်သွားစေ ခဲ့ပါတယ်။

ယန်းဘွိုင်းဟာ ဒုတိယပိုင်းမှာ ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့ပြီး ပွဲဟာ ၁-၁ နဲ့ ပြီးဆုံးတော့မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့်လည်း ပွဲပြီးခါနီးမှာ ဂျယ်စီလင်ဂတ်ရဲ့ ဆိုးရွားတဲ့ အမှားကနေ တဆင့် ဆီဘက်ချူက အနိုင်ဂိုး သွင်းယူကာ ဆွစ်ဇာလန် ကလပ်တို့ ၂-၁ နဲ့ အနိုင် ရရှိသွားခဲ့ပါတယ်။

အဆိုပါ ရှုံးပွဲအပြီးမှာ ရှမိုက်ကယ်ဟာ ရာဖေးဗာရန်း နဲ့ မေဆင်ဂရင်းဝုဒ် တို့ကို ပွဲထွက် ကစားသမား စာရင်းကနေ ချန်လှပ်ခဲ့တဲ့ ဆိုးရှားရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်း ထုတ်သွားခဲ့ပြီး ယူနိုက်တက် မန်နေဂျာဟာ ပွဲချိန် အတွင်းမှာလည်း မှားယွင်းတဲ့ ဆုံးဖြတ်ချက် ၂ ခုကို ချမှတ်ခဲ့သေးတယ်လို့ ဆိုသွားပါတယ်။

ရှမိုက်ကယ်က “သူ့ရဲ့ Team selection ဟာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လာမည့် တနင်္ဂနွေနေ့ကျမှသာ ၀က်ဟမ်းအသင်းနဲ့ ကစား သွားရမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ ပထမဦးဆုံး ကစားရမှာက ချန်ပီယံလိဂ် ပွဲစဉ်ပါ။ ဘာကြောင့် အကောင်းဆုံး အသင်း အကောင်းဆုံး ကစားသမားတွေကို ပွဲမထုတ်ခဲ့တာလဲ? ပွဲပြီးမှ အကြောင်းပြချက် ပေးနေတာ ဘာမှ မထူးပါဘူး။ ဒီပွဲကို အနိုင်ရအောင် အရင် လုပ်သွားရမှာပါ။

 

မေဆင်ဂရင်းဝုဒ်ရဲ့ အကြောင်းကို စဉ်းစားကြည့်လိုက်ပါ။ သူဟာ တကယ့် ပုံစံကောင်း ရနေပါတယ်။ သူဟာ ငယ်ရွယ်တဲ့ ကစားသမား ဖြစ်တဲ့အပြင် အခွင့်အရေးတွေ ဖန်တီးနိုင်ပြီး ကိုယ်တိုင်လည်း ဂိုးတွေ သွင်းယူနိုင်စွမ်း ရှိပါတယ်။ ဗာရန်းဟာ အခုမှ ကလပ်ကို ရောက်လာခဲ့တာ ဖြစ်ပေမယ့် ကျွန်တော် ကတော့ သူနဲ့ မက်ဂွိုင်းယားတို့ တွဲဖက်ကစားတာကို ကြည့်ရတာ နှစ်သက်ပါတယ်။

အဲဒီနောက် သူဟာ ရော်နယ်ဒိုကို လူစားလဲပစ် ခဲ့ပါတယ်။ ကျွန်တော်တို့ ပရိတ်သတ်တွေဟာ လူ ၁၀ ယောက်ပဲ ကျန်နေသည် ဖြစ်စေ ရော်နယ်ဒိုကို ကွင်းထဲမှာပဲ ရှိစေချင်ပါတယ်။ အကယ်၍ သူ့ဆီ ဘောလုံးရောက်အောင် ပို့နိုင်ခဲ့မယ် ဆိုရင် သူဟာ တစ်စုံတစ်ခု ဖြစ်ပေါ်လာအောင် လုပ်ပေးနိုင်ပါတယ်။ ယူနိုက်တက်ဟာ ဒီလို ကစားသမားမျိုးကို ရဖို့ အတွက် အချိန်အကြာကြီး စောင့်ဆိုင်း ထားခဲ့တာပါ။

ဆိုးရှားဟာ ရော်နယ်ဒိုရဲ့ နေရာမှာ ပြီးခဲ့တဲ့ ရာသီက သူ အငှားချခဲ့တဲ့ ကစားသမား ၊ သူ ရောင်းချဖို့ ကြိုးစားခဲ့တဲ့ ကစားသမား ဖြစ်တဲ့ လင်ဂတ်ကို ထည့်သွင်းခဲ့ပါတယ်။ ဒါဟာ ထူးဆန်းတဲ့ ဆုံးဖြတ်ချက်ပါပဲ။ နောက်တစ်ခုက ပွဲဟာ ၁-၁ နဲ့ ပြီးတော့မယ် အချိန်မှာ သူဟာ မာစီရယ်ကို ထည့်သွင်းခဲ့ပါသေးတယ်။

ကျွန်တော်တို့ ဒီအကြောင်းကို ပွဲအပြီးမှာ ပြောဖြစ်ခဲ့ကြပါတယ်။ ဒါဟာ တကယ့်ကို ထူးဆန်းပါတယ်။ ဘာလို့လဲဆိုတော့ မာစီရယ်ဟာ ခံစစ်ကို ကောင်းကောင်း ကူပေးနိုင်သူ မဟုတ်ပါဘူး။ သူဟာ အလုပ်မကြိုးစားပါဘူး။ သူဟာ ဂိုးသွင်းသူ တစ်ဦး ဖြစ်ပေမယ့် ကျွန်တော်တို့ဟာ လူ ၁၀ ယောက်ကျန်နဲ့ ကစားနေရတာပါ။ ကျွန်တော်တို့ အနေနဲ့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်စရာ မရှိပါဘူး။ ဒါ့ကြောင့် မာစီရှယ်ကို ဘာကြောင့်များ ထည့်သွင်းခဲ့တာလဲ?”

SM