ဒီနှစ် ဘောလုံးရာသီ ချန်ပီယံလိဂ် ဆုကြေး ခွဲတမ်းကို ရှင်းလင်းတင်ပြခြင်း

ဥရောပ ဘောလုံး အဖွဲ့ချုပ်ဟာ ဒီနှစ် ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ စုစုပေါင်း ဆုကြေး ယူရို သန်း 2 ဘီလီယံ အထိ ပေးအပ် ချီးမြှင့်သွားမှာ ဖြစ်ကြောင်း တရားဝင် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ စုစုပေါင်း ပမာဏ ကို ပါဝင် ယှဉ်ပြိုင်ကြတဲ့ ကလပ် အသင်းတွေ အကြားမှ စွမ်းဆောင်မှုပိုင်း ဆိုင်ရာ မူတည်ပြီး ခွဲဝေပေးသွားမှာပါ။ ဒါကြောင့် ကပ်ရောဂါ ဆိုးကြီးကြောင့် ဝင်ငွေတွေ ဆက်တိုက် ထိခဲ့ရတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ကလပ်တွေ အနေနဲ့ ဒီနှစ် ဘောလုံးရာသီမှာ ပြန်လည် ရရှိမယ့် ဆုကြေး ပမာဏတွေကြောင့် များစွာ အသက်ရှူချောင်သွားဖွယ် ရှိနေပါတယ်။

စုစုပေါင်း ချီးမြှင့်မယ့် ပမာဏ – ယူရို 2 ဘီလီယံ
– 25% (ယူရို 500 သန်း) အုပ်စု အဆင့် တက်ရောက်လာတဲ့ အသင်းတိုင်းကို အညီအမျှ ခွဲပေး
– 30% (ယူရို 600 သန်း) စွမ်းဆောင်မှု ပိုင်းဆိုင်ရာ ဆုကြေး
– 30% (ယူရို 600 သန်း) Coefficient သတ်မှတ်ချက် အလိုက် ခွဲတမ်းဆုကြေး
– 15% (ယူရို 300 သန်း) ရုပ်သံ ထုတ်လွှင့်ခ ခွဲတမ်း ဆုကြေး
အဖြစ် အသီးသီး ခွဲခြား သတ်မှတ်ထားပါတယ်။

ဥရောပ ဘောလုံး အဖွဲ့ချုပ်ဟာ အုပ်စု အဆင့်ကို တက်ရောက်လာခဲ့တဲ့ အသင်းတိုင်းကို ပါဝင် ယှဉ်ပြိုင်ကြေး အဖြစ် ယူရို 15.64 သန်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အုပ်စုတွင်း ပွဲစဉ်တွေ မှာ တပွဲ အနိုင်ရတိုင်း ယူရို 2.8 သန်း ရရှိမှာ ဖြစ်ပြီး ၊ သရေ ကျခဲ့ရင်တော့ တသင်းကို ယူရို 930000 ဆီ ခွဲယူရမှာ ဖြစ်ပါတယ်။

16 သင်း အဆင့်ကို တက်လှမ်းနိုင်မယ့် ကလပ်တွေ အနေနဲ့တော့ ဆုကြေး ယူရို 9.6 သန်း ဆက်လက် ရရှိမှာ ဖြစ်ပြီး ၊ ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက်ပါက ယူရို 10.6 သန်း ၊ ဆီမီး ဖိုင်နယ် အဆင့် ဆိုရင် ယူ12.5 သန်း အသီးသီး ထပ်မံ ရရှိသွားမှာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲဆီ တက်ရောက် နိုင်ခဲ့တဲ့ အသင်းနှစ်သင်းကိုတော့ နောက်ထပ် ယူရို 15.5 သန်း စီ ထပ်မံ ချီးမြှင့်ဦးမှာ ဖြစ်ကာ ၊ အနိုင်ရတဲ့ အသင်းက အပိုဆု ယူရို 4.5 သန်း ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလပ် အသင်း တသင်းဟာ ဒီနှစ် ဘောလုံးရာသီမှာ ဗိုလ်စွဲ သွားမယ် ဆိုရင် ဆုကြေး ချီးမြှင့်တဲ့ထဲကနေ စုစုပေါင်း ယူရို 85 သန်း ဝန်းကျင် အထိ အိတ်ကပ်ထဲ ထည့်သွားနိုင်ဖွယ် ရှိပါတယ်။

ဒါ့အပြင် နောက်ထပ် ရုပ်သံ ထုတ်လွှင့်ခတွေ ခွဲပေးပေးဖို့ အတွက်လဲ ယူရို သန်း 300 ခွဲတမ်းအဖြစ် သတ်မှတ်ထားပြန်ပါတယ်။ ဒီအပိုင်းမှာတော့ ကိုယ် ကလပ်ရဲ့ ပွဲစဉ်ကို ပရိသတ်ကြည့်ရှုနှုန်း ဘယ်လောက်အထိ ရှိနေလဲ ဆိုတဲ့ အပိုင်းကနေ ဆုံးဖြတ်သွားမှာ ဖြစ်သလို ၊ ပြည်တွင်းလိဂ် အမှတ်ပေးဇယား ရပ်တည်မှု အနေအထားတွေ ကနေလဲ ဆုံးဖြတ်ကာ ပြန်လည် ခွဲတမ်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။

နောက်ထပ် လမ်းကြောင်း တခုကတော့ Coefficient သတ်မှတ်ချက် လမ်းကြောင်းကနေ ကြည့်ပြီး ခွဲတမ်း ပြန်လည် သတ်မှတ်ပေးတာ ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်မှာ လွန်ခဲ့တဲ့ 10 နှစ် အတွင်း ကလပ်အသင်း တခုရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ စွမ်းဆောင်ရည် အပေါ် အခြေခံကာ သတ်မှတ်ထားတဲ့ ခွဲတမ်း ယူရို သန်း 600 ထဲကနေ ပြန်လည် ခွဲဝေပေးသွားမှာပါ။ ဥရောပ ဘောလုံး အဖွဲ့ချုပ်ရဲ့ Coefficient သတ်မှတ်ချက် အရ ရီးရဲ မက်ဒရစ်က အမြင့်ဆုံး ဖြစ်နေတာကြောင့် ခွဲတမ်း အဖြစ် ယူရို 51.4 သန်း နဲ့ အများဆုံး ရရှိမှာ ဖြစ်ပြီး ၊ ဒုတိယ နေရာမှာတော့ ဘိုင်ယန် မြူးနစ် က 50.3 သန်း နဲ့ ဘာစီလိုနာ က ယူရို 49.2 သန်း နဲ့ တတိယ နေရာတွေမှာ အသီးသီး ရပ်တည်လျှက် ရှိနေပါတယ်။

ဒါကြောင့် ရီးရဲ မက်ဒရစ်ဟာ ချန်ပီယံလိဂ် ပွဲစဉ် တပွဲမှ မကစားရခင် အချိန် ကတည်းက စုစုပေါင်း ဝင်ငွေဟာ ယူရို 55 သန်း ကျော် အထိတောင် အလိုအလျှောက် ရရှိနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

SM