တော့တင်ဟမ် အသင်း နဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ ပြန်လည် ပါဝင် ကစားနိုင်မှာ ဖြစ်တဲ့ ဂရန်းနစ် ရှာကာ

အာဆင်နယ် အသင်းရဲ့ ဆွစ်ဇာလန် ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ဟာ မန်ချက်စတာ စီးတီး အသင်း ကို ၅ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ တိုက်ရိုက် အနီကဒ်ပြ ထုတ်ပယ် ခံခဲ့ရပြီး သုံးပွဲပယ် ပြစ်ဒဏ် ချမှတ် ခံထားရသူ ဖြစ်ပါတယ် ။

အဲ့တာကြောင့် ရှာကာ ဟာ နောဝှစ်စီးတီး နဲ့ ပွဲကို လွဲချော် ခဲ့သလို ဘန်လေ အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲကိုလည်း ဆက်လက် လွဲချော် ဦးမှာပါ ။ ဒါပေမယ့် ရှာကာ ဟာ တော့တင်ဟမ် အသင်း နဲ့ ကစားရမယ့် မြောက်လန်ဒန်ဒါဘီ ပွဲမှာတော့ ပါဝင် နိုင်မှာ ဖြစ်ပါတယ် ။

အကြောင်းအရင်းကတော့ ကြားထဲမှာတော့ လိဂ်ဖလားပွဲ ရှိနေတာကြောင့်ပါ ။ ရှာကာ ရဲ့၃ ပွဲပယ် ပြစ်ဒဏ်ဟာ ဝင်ဘယ်ဒန် နဲ့ ကစားရမယ့် ခါရာဘောင်း ပွဲမှာပါ အကျုံးဝင် တာကြောင့် ဆွစ်ဇာလန်သားဟာ ဒါဘီပွဲမှာ ပါဝင် ကစား နိုင်တော့မှာ ဖြစ်ပါတယ် ။

အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်က အနီကဒ် အတွက် ပွဲပယ် ပြစ်ဒဏ်ဟာ လိဂ်ပြိုင်ပွဲမှာရော ဖလား ပြိုင်ပွဲတွေမှာ အကျုံးဝင်ကြောင်း သတ်မှတ် ပြဌာန်း ထားတာကြောင့် ရှာကာ ဟာ တော့တင်ဟမ် နဲ့ ပွဲမတိုင်မှီ ပွဲပယ် ပြစ်ဒဏ်စေ့မှာ ဖြစ်ပါတယ် ။

ရှာကာ ဟာ ပွဲပယ်ပြစ်ဒဏ် ချမှတ် ခံနေရချိန်မှာ ဆွစ်ဇာလန် အသင်း နဲ့ သွားရောက် ပူးပေါင်းခဲ့ပေမယ့် ကိုဗစ် ရောဂါပိုး ကူးစက် ခံခဲ့ရတာကြောင့် တစ်ဦးတည်း သီးသန့် နေထိုင် ခဲ့ရပါတယ် ။ အခု အခါမှာ ရှာကာ ဟာ လန်ဒန်ကို ပြန်ရောက်နေပြီ ဖြစ်ပြီး အာဆင်နယ် အသင်းနဲ့ အတူ လေ့ကျင့်ခန်း ဆင်းနေပြီ ဖြစ်ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ဟာ ရှာကာ မကစားနိုင်ချိန် မှာ ဒီနွေရာသီမှာ အသစ် ခေါ်ယူထားတဲ့ လိုကွန်ဂါ ကို အသုံးပြု နေပြီး ဘယ်ဂျီယံသားလေးဟာလည်း ပွဲထွက်ခွင့် နဲ့ ထိုက်တန်တဲ့ ခြေစွမ်းကောင်းတွေကို ပြသ ထားနိုင်ပါတယ် ။

အာဆင်နယ် အသင်း ကွင်းလယ်မှာ ပါတေး ကလည်း ပြန်ကစားနိုင်နေပြီ ဖြစ်တာကြောင့် လာမယ့် ဘန်လေနဲ့ ပွဲမှာ ပါတေး နဲ့ လိုကွန်ဂါ အတွဲအဖက် ကို မြင်တွေ့ရဖို့ ရှိနေပါတယ် ။ ဝင်ဘယ်ဒန် နဲ့ ခါရာဘောင်း ဖလားပွဲမှာတော့ လူငယ် ကြယ်ပွင့် ပါတီနို ကို နေရာပေးသွားမယ်လို့ သတင်းတွေ ထွက်နေပါတယ် ။

အာဆင်နယ် အသင်း နဲ့ တော့တင်ဟမ် အသင်းတို့ရဲ့ လန်ဒန်ဒါဘီ ပွဲဟာ စက်တင်ဘာလ ၂၆ ရက် ၊ တနင်္ဂနွေနေ့မှာ ကစားသွားမှာ ဖြစ်ပါတယ် ။

SM