ဇင်းနစ်နဲ့ ပွဲမှာ ချဲလ်ဆီး အတွက် ပထမဆုံး ချန်ပီယံလိဂ်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ၊ လူကာကူ နဲ့ ပတ်သက်ပြီး ခန့်မှန်းမှု တခု လုပ်ခဲ့တဲ့ ဂျိုကိုးလ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲမှာ ဇင်းနစ် အသင်း ကို တိုက်စစ်မှူး ရိုမီလူ လူကာကူရဲ့ တလုံးတည်းသော ခေါင်းတိုက်သွင်းဂိုးနဲ့ အတူ အနိုင်ရလဒ်နဲ့ စဖွင့်နိုင်ခဲ့ပါတယ် ။ ကစားပုံ အရမ်းကြီး မကောင်းခဲ့ပေမယ့် ၊ အက်စတွန် ဗီလာနဲ့ ပွဲကလို အရေးကြီးတဲ့အချိန် အနိုင် ၃မှတ်ကို ချဲလ်ဆီးတို့ ထပ်မံ စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ရောက်ရှိလာတဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာလည်း အသင်းသစ် ချဲလ်ဆီး အတွက် ၄ပွဲမှာ ၄ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ၊ တန်ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ချက်ချင်း ထုတ်ပြနေတယ် ဆိုတာ သိသာထင်ရှားနေပါတယ် ။

ယခုနှစ် ရာသီ ဟာ ချဲလ်ဆီး အသင်းရဲ့ သမိုင်း တလျှောက် အောင်မြင်မှု အကြီးအကျယ် ရခဲ့တဲ့ နှစ်အချို့ က ကစားသမား အင်အားနီးနီး တောင့်တင်းမှု ရှိနေပြီး ၊ လက်ရှိမှာလည်း ပြိုင်ပွဲစုံမှာ ဆုဖလား မကိုင်မြှောက်နိုင်ရင်တောင် ၊ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ထိပ်ဆုံး က ရေပန်းစားနေတယ် ဆိုတာ ငြင်းမရပါဘူး ။

ဒါ့အပြင် လူကာကူ ဟာလည်း ယခင် ချဲလ်ဆီးရဲ့ နှစ်စဉ်နှစ်တိုင်းလိုလို ဂိုးသွင်း အများဆုံးဆုတွေ ရရှိခဲ့ကြတဲ့ ဒီဒီယာ ဒရော့ဘာ ၊ ဒီယေဂို ကော်စတာ လိုမျိုး ဖြစ်လာဖို့ ရှိနေသလို ၊ ရွှေဖိနပ်ဆု အတွက်လည်း ၄င်းကို ထင်ကြေးပေးမှုတွေ ရှိနေပါတယ် ။

ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း ဂျိုကိုးလ် ကတော့ လူကာကူကို အခြား ထိပ်တိုက် တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ရောဘတ် လီဝမ်ဒေါစကီး ၊ အာလင်း ဟာလန်း ၊ ကီလီယန် အမ်ဘတ်ပေ ၊ ခရစ်တီယာနို ရော်နယ်ဒို ၊ လီယွန်နယ် မက်ဆီ အစရှိသူတွေကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ် ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်မယ်လို့ ယုံကြည်နေပါတယ် ။

BT Sport ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ ဂျိုကိုးလ် က ” လူကာကူ ကို ဒီဒီယာ ဒရော့ဘာနဲ့ နှိုင်းယှဉ်မှုတွေက အခုအချိန်မှ ဘယ်လိုမှ ရှောင်လွှဲရမှာ မဟုတ်ပါဘူး ။ ဘာလို့လဲ ဆိုတော့ သူတို့ ကစားကြတဲ့ နေရာချင်း တူနေလို့ပါ ။ ဒါပေမယ့် ကျွန်တော် အခုအချိန် လူကာကူ ဆီမှာ မြင်တွေ့ထားရတာ က ဒီဒီယာလို အသင်းကို ဦးဆောင်ပေးနိုင်စွမ်း ဖြစ်ပါတယ် ။ ”

” အခြား အသင်းသားတွေဟာ သူ့ရဲ့ ဦးဆောင်မှုကို လိုက်ပြီး တုန့်ပြန်ပြတာကို ခင်ဗျားတို့ မြင်တွေ့ရပါလိမ့်မယ် ။ သူကိုယ်တိုင်လည်း ဒီဒီယာရဲ့ တချိန်က ကစားပုံတွေ ၊ ဦးဆောင်ပုံတွေ ကြည့်ပြီး လိုက်အတုယူနေတာ ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”

” လူကာကူနဲ့ ချဲလ်ဆီး ဟာ နတ်ပြည် က ဆင်းသက်လာတဲ့ အတွဲအဖက်လိုပါပဲ ။ သူဟာ အမှန်တကယ် ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူး တဦး ဖြစ်လာပြီး ၊ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဒါ့အပြင် ဂျိုကိုးလ် က ချန်ပီယံလိဂ် သမိုင်းတလျှောက် တတိယ ဂိုးသွင်းအများဆုံး ဖြစ်တဲ့ ရောဘတ် လီဝမ်ဒေါစကီးရဲ့ ကြွေတက်နေမှုကို သူ လူကာကူ အတွက် စိတ်ပူနေမှာ မဟုတ်ကြောင်းလည်း ထပ်မံ တုန့်ပြန်ခဲ့ပါသေးတယ် ။ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန် ကတော့ လူကာကူ အခုလို ပိုပြီး ရင့်ကျက်တဲ့ တိုက်စစ်မှူး ဖြစ်လာတာ မြင်ရတော့ ဝမ်းသာမိကြောင်း အခုလို ဖွင့်ဟခဲ့ပါတယ် ။

ဖာဒီနန် က ” လူကာကူ ဟာ အီတလီကို မပြောင်းရွှေ့ခင် ၊ အဆုံးသတ် စွမ်းရည်နဲ့ ပတ်သက်ပြီး ဝေဖန်ခံခဲ့ရတာတွေ ရှိခဲ့ပါတယ် ။ အီတလ်ီမှာတော့ သူဟာ ဒီလိုမျိုး အခွင့်အရေး တကြိမ်ဆို တကြိမ် ထိထိရောက်ရောက် အဆုံးသတ်နိုင်တဲ့ အရည်အသွေးကို ရှာဖွေနိုင်ခဲ့ပါတယ် ။ ”

” ဇင်းနစ် ဟာ ခံစစ် သိပ်သိပ်သည်းသည်း ကစားခဲ့ပါတယ် ။ သူတို့ရဲ့ နောက်ခံလူတွေဟာ တယောက်နဲ့ တယောက် ကပ်ကပ် ကစားခဲ့ကြပြီး ၊ နည်းစနစ် အရလည်း အရမ်း ကောင်းခဲ့ကြပါတယ် ။ လူကာကူ ဟာ ဒီကို ရောက်လာပြီး ၊ လုံးဝ ကွဲပြားခြားနားတဲ့ တိုက်စစ်မှူး တဦး အသွင်ကို ပြောင်းသွားပါတယ် ။ ”

” ယူနိုက်တက် က နေ့ရက်တွေထက် သူဟာ အများကြီး ပိုရင့်ကျက်လာပါတယ် ။ အရင်က သူဟာ ဝေဖန်မှုတွေအောက် ရောက်ခဲ့ပေမယ့် ၊ အခုတော့ သူဟာ စိတ်ဓာတ် ကြံ့ခိုင်မှုကို ရရှိလာပါပြီ ။ ဒီအတွက် ကျွန်တော် အရမ်း ကျေနပ် အားရမိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR