ချန်ပီယံလိဂ် ရှုံးပွဲနဲ့ ပတ်သက်ပြီး အသင်းဖော်တွေကို တိုက်တွန်း လိုက်တဲ့ ရိုနယ်ဒို

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ယန်းဘွိုင်းစ် ကို ရှုံးနိမ့် ခဲ့မှု ကို မြန်မြန် မေ့ပစ်ပြီး ရှေ့ဆက် ကြဖို့ အသင်းဖော်တွေ ကို တိုက်တွန်း ပြောဆို သွားခဲ့ ပါတယ် ။

အိုလေ ဂန်နာ ဆိုးရှား ရဲ့ အသင်းဟာ ယမန်နေ့ ညက ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ် အဖြစ်

ဆွစ်ဇာလန် ကလပ် ယန်းဘွိုင်းစ် ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားပြီး

၂-၁ ရလဒ် နဲ့ အရေးနိမ့် ခဲ့ပါတယ် ။ ဒါဟာ ယူနိုက်တက် နောက်ဆုံး ကစား ခဲ့တဲ့ ချန်ပီယံလိဂ် ၃ ပွဲ ဆက်တိုက်

အရေးနိမ့် ခဲ့ရတာ ဖြစ်ပြီး အုပ်စု အောက်ဆုံးကို ရောက်ရှိ သွားစေ ခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ဒီပွဲ မှာ အီကာ ကာဆီးလက် ရဲ့ ချန်ပီယံလိဂ် ပွဲအများဆုံး စံချိန် ( ၁၇၇ ပွဲ ) ကို လိုက်မီ သွားခဲ့ သလို

၁၃ မိနစ် မှာလည်း ဘရူနို ဖာနန်ဒက်စ် ရဲ့ ပေးပို့မှု က တဆင့် အသင်း အတွက် အဖွင့်ဂိုးကို သွင်းယူ ပေးခဲ့ ပါတယ် ။

ဒါပေမယ့် ပထမပိုင်း ၃၅ မိနစ် မှာတော့ ယန်းဘွိုင်းစ် ကစား သမား ကို အဖျက်ကြမ်း ခဲ့တဲ့ ဘစ်ဆာကာ

တိုက်ရိုက် အနီကတ် နဲ့ ထုတ်ခံ ရ အပြီး မှာတော့ ယူနိုက်တက် ရဲ့ ကစားပုံ ဟာ ဖရိုဖရဲ ဖြစ်သွားခဲ့ ရ ပါတယ် ။

ယူနိုက်တက် နည်းပြ ဆိုးရှား ဟာ လွဲမှားတဲ့ လူစားလဲမှု တွေကို ပြုလုပ် ခဲ့တာကြောင့် အသင်းရဲ့ ဟန်ချက် ပျက်သွား ခဲ့ပြီး

ယန်းဘွိုင်းစ် ရဲ့ ဖိကစားမှု ကို ခံလာ ခဲ့ရ ပါတယ် ။

ဒုတိယပိုင်း မှာတော့ ယန်းဘွိုင်းစ် က ချေပဂိုး ပြန်ရ သွားခဲ့ပြီး စိတ်ဓါတ် တက်လာကာ ဆက်လက် ဖိကစား သွားခဲ့ ပါတယ် ။

ဒါကြောင့် ဆိုးရှား ဟာ မိနစ် ၇၀ ကျော် မှာ ရိုနယ်ဒို ရော ဘရူနို ဖာနန်ဒက်စ် ပါ လူစားလဲ ခဲ့ပြီး မာတစ် နဲ့ လင်ဂတ် တို့ကို ထည့်ကစား ခဲ့ ပါတယ် ။

မိနစ် ၉၀ ကျော် မှာတော့ ဂျက်ဆီ လင်ဂတ် ရဲ့ နောက်ပြန် ပေးမှု ကနေ ယန်းဘွိုင်းစ် ကစားသမား ဂျော်ဒန် ဆိုင်ဘတ်ချီ က အနိုင် ဂိုးကို သွင်းယူ သွားခဲ့တာပဲ ဖြစ်ပါတယ် ။

 

ရိုနယ်ဒို ကတော့ ပွဲအပြီးမှာ အင်တာဗျူး မဖြေကြား သွားပေမယ့် သူ့ရဲ့ အင်စတာဂရမ် က တဆင့် အသင်းသားတွေ ကို တိုက်တွန်း ပြောဆို သွားခဲ့ ပါတယ် ။

“ငါတို့ လိုချင်တဲ့ ရလဒ်တော့ မဟုတ်ခဲ့ဘူး ၊ ဒါပေမယ့် အခုချိန် မှာ အားပြန်မွေးပြီး နောက်လာမယ့် ပွဲအတွက် အာရုံစိုက်ရမယ့် အချိန်ပဲ” လို့ ရိုနယ်ဒိုက ရေးသားခဲ့တာ ဖြစ်ပါတယ် ။

ရိုနယ်ဒို ဟာ ယူနိုက်တက် ကို ပြန်ရောက် လာချိန်က စပြီး အသင်းသားတွေ အပေါ် သြဇာ ညောင်းခဲ့ တယ်လို့

အတွင်း သတင်းတွေ အရ ကြားသိရ ပါတယ် ။

ရိုနယ်ဒို ဟာ အသင်းရဲ့ စားပွဲ တွေမှာ အမှာစကားတွေ ပြောလေ့ ရှိသလို အဝတ်လဲ ခန်း အတွင်းမှာလဲ ခေါင်းဆောင်ကောင်း တယောက် ဖြစ်ခဲ့တယ် လို့ ဂိုးသမားကြီး လီဂရန့် က ပြောပြ သွားခဲ့ ပါတယ် ။

ယမန်နေ့ က ပွဲမှာလည်း လူစားလဲခံရ အပြီးမှာ ရိုနယ်ဒို ဟာ ကွင်းဘေး ကနေ အသင်းဖော်တွေကို ညွှန်ကြား နေခဲ့တာကို မြင်တွေ့ ခဲ့ရ ပါတယ် ။

ယူနိုက်တက် နည်းပြ ဆိုးရှား ကတော့ ဖာနန်ဒက်စ် နဲ့ ရိုနယ်ဒို တို့ကို ဘာကြောင့် လူစားလဲ ခဲ့ရသလဲ ဆိုတာကို ပွဲ အပြီး အင်တာဗျူး မှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ပွဲက မိနစ် ၇၀ ရောက်နေ ပါပြီ ။

ဘရူနို ရော ရိုနယ်ဒို ပါ ဒီပွဲရော စနေနေ့ က ပွဲမှာပါ အားသွန် ခွန်စိုက် ကစား ခဲ့တာပါ ။

ကွင်းရဲ့ မြက်ခင်းတု ကလည်း ကစားသမားတွေ ကို ပိုပင်ပန်း စေပါတယ် ။

ပြီးတော့ ကျွန်တော် မာတစ် ရဲ့ အတွေ့ အကြုံ ( ဘောလုံးကိုင်ပြီး ပွဲထိန်းဖို့ ) နဲ့ ဂျက်ဆီ ရဲ့ ခြေထောက်တွေ ( တန်ပြန် တိုက်စစ် ကနေ ပြေးလွှားဖို့ ) ကို လိုချင်ခဲ့ တာကြောင့်

အခုလို လူစားလဲ ခဲ့တာပါ” လို့ ဆိုးရှားက ဖြေဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ပိတ်ရက် နဲ့ ကြားရက် တွေမှာတော့ ဝက်စ်ဟမ်း အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၊ ကာရာဘောင် ဖလား ပွဲစဉ်တွေ ကို ဆက်တိုက် ကစားသွား ရမှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR