ချန်ပီယံလိဂ် ပွဲစဉ် (၁) မှာ အနီကဒ် မှားပြမိပြီး အရှက်ရစရာ ဖြစ်ခဲ့တဲ့ ပရီးမီးယားလိဂ် ဒိုင်လူကြီး အန်တိုနီတေလာ

အင်္ဂလန် ပရီးမီးယားလိဂ် ဒိုင်လူကြီး အန်တိုနီ တေလာ ဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် (၁) မှာ အဝါကဒ် မထိထားတဲ့ ကစားသမား တစ်ဦးကို နှစ်ဝါ တစ်နီ နဲ့ ထုတ်ပယ်ဖို့ လုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေ နဲ့ ရင်ဆိုင် နေရပါတယ် ။

အန်တီနို တေလာ ဟာ မနေ့ညက ဒိုင်နမိုကိဗ် နဲ့ ဘင်ဖီကာ ပွဲကို တာဝန်ယူ ကိုင်တွယ် ခဲ့တာ ဖြစ်ပြီး ပွဲကတော့ ဂိုးမရှိ သရေနဲ့ ပြီးဆုံး သွားခဲ့ပါတယ် ။ ဒါပေမယ့် ပရိသတ်တွေကြားထဲမှာ အဓိက ပြောစရာ ဖြစ်ခဲ့တာက အန်တိုနီ တေလာ ရဲ့ မှားယွင်းတဲ့ အနီကဒ် ပြသမှုပါ ။

ကွင်းလယ် ဒိုင်လူကြီး အန်တိုနီတေလာ ဟာ ဒိုင်နမိုကိဗ် နဲ့ ဘင်ဖီကာ ပွဲချိန် ၈၁ မိနစ်မှာ ပြိုင်ဘက် ကို ခြေထောက်မြှောက်ပြီး ဝင်ခဲ့တဲ့ ဒိုင်နမိုကိဗ် ကစားသမား ဂါမက်ရှ် ကို အဝါကဒ် ပြသခဲ့ပြီး အဝါကဒ် နှစ်ကဒ် ရှိသွားပြီလို့ ထင်မှတ်ကာ နှစ်ဝါ တစ်နီ နဲ့ ထုတ်ပယ် ခဲ့ပါတယ် ။

ဒါပေမယ့် တကယ်တမ်းမှာတော့ ဂါမက်ရှ် ဟာ အဲ့ဒီအချိန်မှ ပထမ အဝါကဒ် ပြသ ခံရတာ ဖြစ်ပြီး အန်တိုနီ တေလာ က နှစ်ဝါ တစ်နီ မှားပြ မိခဲ့တာ ဖြစ်ပါတယ် ။ ဂါမက်ရှ် အနီကဒ် ပြခံရချိန်မှာ ဒိုင်နမိုကိဗ် ကစားသမားတွေဟာ ဝိုင်းဝန်း စောဒက တက်ခဲ့ကြပြီး အန်တိုနီတေလာ ဟာလည်း သူ့ရဲ့အမှားကို သိရှိ သွားခဲ့ကာ အဝါကဒ်ပဲ ပြောင်းလဲ ပြသ ခဲ့ပါတယ် ။

အသက် ၄၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အင်္ဂလန် လူမျိုး အန်တိုနီတေလာ ဟာ ၂၀၁၀ ခုနှစ်ကတည်းက ပရီးမီးယားလိဂ်မှာ ဒိုင်လူကြီး လုပ်လာ ခဲ့သူ ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ဖီဖာ ဒိုင်လူကြီး ဖြစ်လာခဲ့သူပါ ။ သူ ကိုင်တွယ်မယ့် နောက်တစ်ပွဲကတော့ ဘန်လေ နဲ့ အာဆင်နယ် တို့ရဲ့ ပရီးမီးယားလိဂ်ပွဲပဲ ဖြစ်ပါတယ် ။

အန်တိုနီ တေလာ ဟာ ပြီးခဲ့တဲ့ နွေရာသီ ယူရိုပြိုင်ပွဲ ၊ ဖင်လန် နဲ့ ဒိန်းမတ် ပွဲမှာ အဲရစ်ဆင် တစ်ယောက် ကွင်းထဲ လဲကျ သွားချိန် ပွဲကို ချက်ချင်းရပ်နားကာ ဆေးအဖွဲ့ကို အလျင်အမြန် ခေါ်ယူ ခဲ့တာကြောင့် ဘောလုံး အသိုင်းအဝိုင်း ရဲ့ ချီးကျုး ထောပနာ ပြုမူကို ရရှိ ခဲ့ပါတယ် ။

ဒါပေမယ့် မနေ့ညက ပွဲမှာတော့ အန်တိုနီတေလာ ရဲ့ ဒိုင်လူကြီး အရည်အသွေးဟာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပြီး အင်္ဂလန် ဒိုင်လူကြီးတွေ နိုင်ငံတကာ ပြိုင်ပွဲ ပွဲကြီးပွဲကောင်းတွေ ကိုင်တွယ်ခွင့် မရခြင်းရဲ့ဥပမာ တစ်ခု ဖြစ်လာခဲ့ပြန်ပါတယ် ။

တွစ်တာ က ဘောလုံး ပရိသတ်တွေကတော့ ” ပရီးမီးယားလိဂ် ပွဲတွေကို ပုံမှန် ဒိုင်လုပ်နေတဲ့ ဒိုင်လူကြီး တစ်ယောက် ရဲ့ ဆိုးရွားလွန်းတဲ့ ပွဲကိုင်တွယ်ပုံပါပဲ ၊ တကယ့်ကို shock ဖြစ်ရပါတယ်ဗျာ ။ ”

” အဆိုးရွားဆုံး ဒိုင်လူကြီးပါပဲ ၊ လုံးဝ အရည်အချင်း မပြည့်မှီပါဘူး ။ ” ” ဘယ်လို ဖြစ်လို့ ဒီလူက ခုထက်ထိ ဘောလုံးပွဲတွေကို ဒိုင်လူကြီး လုပ်ခွင့် ရနေသေးတာလဲဗျာ ။ ” စသည်ဖြင့် ဝေဖန် ရေးသား ခဲ့ကြပါတယ် ။

SM