ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ဖို့အတွက် အဓိကကျော်ဖြတ်သွားရမယ့် အသင်းကို ထုတ်ဖော်သွားခဲ့တဲ့ ပီအက်ဂျီနည်းပြ ပိုချက်တီနို

ပဲရစ်စိန့်ဂျာမန်း အသင်းရဲ့ နည်းပြဖြစ်သူ မော်ရီစီယိုပိုချက်တီနိုက ဒီရာသီ ချန်ပီယံလိဂ်မှာ လက်ရှိ ချန်ပီယံ ချဲလ်ဆီးအသင်းဟာ အားလုံးအတွက် ‘team to beat’ ဖြစ်တယ်လို့ ညွှန်းလိုက်ပါတယ်။ သောမတ်တူချယ်ရဲ့ ချဲလ်ဆီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင်ပွဲစဉ်မှာ ရုရှားကလပ်ကို ဇင်းနစ်ကို ရိုမီလူလူကာကူရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိထားခဲ့သလို ပရီးမီးယားလိဂ်မှာလည်း အကောင်းဆုံး တာထွက်ထား နိုင်ခဲ့ပါတယ်။

ပိုချက်တီနိုက ချဲလ်ဆီးဟာ ဥရောပမှာ အန္တရာယ် အရှိဆုံး အသင်း ဖြစ်တယ်လို့ ဆိုလိုက်ပြီး အထူးသဖြင့် တိုက်စစ်မှုး လူကာကူကို ခေါ်ယူခဲ့ပြီးနောက် ပိုပြီးတော့တောင် တောင့်တင်းလာခဲ့တယ်လို့ ပြောသွားပါတယ်။ ဘယ်ဂျီယံ တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ နွေရာသီက အင်တာမီလန်မှ ချဲလ်ဆီးကို ပြောင်းရွေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ရောက်လာခဲ့သူ ဖြစ်ပြီး ဥရောပ ချန်ပီယံအတွက် ၄ ပွဲကစား ထားခဲ့ရာမှာ ၄ ဂိုး သွင်းယူ ထားခဲ့ပြီး ဖြစ်ပါတယ်။

ပီအက်ဂျီ အသင်းကလည်း ပြီးခဲ့တဲ့ နွေရာသီက တောင့်တင်းနေပြီးသား လူစာရင်းကို လီယွန်နယ်မက်ဆီ ၊ ဆာဂျီယိုရာမို့စ် ၊ ဝုိင်နယ်ဒန် ၊ ဒွန်နာရွမ်းမား နဲ့ ဟာကီမီ တို့လို ထိပ်တန်း ကစားသမားတွေကို ထပ်မံ အားဖြည့်ခဲ့တာကြောင့် ဒီရာသီမှာ ကာလရှည် စောင့်ဆိုင်း နေခဲ့ရတဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်လိမ့်မယ်လို့ ရေပန်းစားနေတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပိုချက်တီနိုက စုစည်းညီညွှတ်တဲ့ အသင်းတစ်သင်း ဖြစ်လာရန် သူ့ရဲ့ ကစားသမားတွေဟာ အချိန် လိုအပ်နေတယ်လို့ ပြောခဲ့ပါတယ်။

ပိုချက်တီနိုက “စာရွက်ပေါ်က လူစာရင်းကို ကြည့်လိုက်မယ် ဆိုရင် ချဲလ်ဆီးနဲ့ ကျွန်တော်တို့ အသင်းဟာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ အတွက် ရေပန်းအစားဆုံး အသင်းတွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ချဲလ်ဆီးဟာ လက်ရှိ ချန်ပီယံ ဖြစ်တဲ့အပြင် သူတို့ရဲ့ လူစာရင်းကို လူကာကူနဲ့ အားဖြည့်ခဲ့တာကြောင့် ချန်ပီယံဆုအတွက် အဓိက ကျော်ဖြတ်သွားရမယ့် အသင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အသင်းတစ်သင်း မဟုတ်သေးပါဘူး။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ နွေရာသီက ကစားသမား အများအပြားကို အားဖြည့်ထားခဲ့တဲ့ ကလပ် အဖြစ်ပဲ ရှိနေပါသေးတယ်။ ဒီထဲမှာ နာမည်ကြီး ကစားသမားတွေ ပါ၀င် နေပေမယ့် ကျွန်တော်တို့ဟာ စုစည်းညီညွှတ်မှု ရှိတဲ့ အသင်းတစ်သင်း အဖြစ်ကို ပြောင်းသွား ရမှာပါ။

ကျွန်တော်တို့ကို ရာသီကုန်မှာ ဖြစ်ပေါ်လာမယ့် ရလဒ်တွေနဲ့ အကဲဖြတ်သွားမယ် ဆိုတာ သိထားပြီးသားပါ။ ဖိအားကတော့ ကလပ် အားလုံးမှာ ရှိနေပါတယ်။ ချန်ပီယံလိဂ်ဖလားဟာ ပီအက်ဂျီရဲ့ အဓိက ရည်မှန်းချက် ဆိုတာကို ပြီးခဲ့တဲ့နှစ်တွေ ကတည်းက အားလုံး သိထားကြပြီး ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ပီအက်ဂျီဟာ ဒီရာသီ ပြင်သစ်လီဂူး၀မ်း ပွဲစဉ် ၅ ပွဲမှာ ၅ ပွဲစလုံး အနိုင်ရရှိထားခဲ့ပြီး ဒုတိယနေရာက အသင်းကို ၄ မှတ် ဖြတ်ထားခဲ့ပါတယ်။ ပိုချက်တီနိုရဲ့ အသင်းဟာ ယနေ့ညမှာတော့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ် အဖြစ် ကလပ်ဘရုကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပိုချက်တီနိုက ဒီပွဲမှာ မက်ဆီ ၊ နေမာ နဲ့ အမ်ဘက်ပေ တို့ရဲ့ တိုက်စစ်အတွဲကို မြင်တွေ့သွားရဖို့ ရှိနေတယ်လို့ ၀န်ခံ သွားခဲ့ပါတယ်။

ပီအက်ဂျီ အသင်းခေါင်းဆောင် မာကွင်ညို ကလည်း သူတို့အသင်းမှာ ဒီလို စူပါစတား ၃ ဦးကို ပိုင်ဆိုင်ထားခဲ့ပေမယ့်လည်း အသင်းဟာ defensive unit လို ကစားသွားဖို့ လိုအပ်တယ်လို့ ဆိုလိုက်ပါတယ်။

မာကွင်ညိုက “အကယ်၍ ဒီကစားသမား ၃ ဦး တိုက်စစ်မှာ အတူ တွဲဖက် ကစားကြမယ် ဆိုရင် သူတို့ဟာ အတွေ့အကြုံ ရှိပြီးသား ကစားသမားတွေ ဖြစ်နေတာကြောင့့် ကျွန်တော်တို့ အသင်းဟာ စုစည်းမှု ရှိရှိနဲ့ ခံစစ်ကို အတူ ကစားသွားကြရမယ် ဆိုတာ သူတို့ သိကြမှာပါ။

သူတို့ကို အကောင်းဆုံး အနေအထားမှာ ကစားနိုင်စေဖို့ အတွက် ကျွန်တော်တို့ရဲ့ ခံစစ်လိုင်းကိုလည်း ရှေ့ကို တိုးပြီး ကစားသွားရမှာပါ။ အကယ်၍ တစ်စုံတစ်ရာ ပြောစရာ ရှိလာခဲမ့ယ် ဆိုရင်တော့ ကျွန်တော် သေချာပေါက် ပြောသွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM