အာတီတာ ရဲ့ဖိတ်ခေါ်မှုကြောင့် အာဆင်နယ် အသင်းကို ပြန်လာခွင့် ရတော့မယ့် ဘေဘီဂျက်

ဂန်းနား ကွင်းလယ်လူဟောင်း ဂျက်ဝီလ်ရှား ကအာဆင်နယ် အသင်း နဲ့ အတူ လေ့ကျင့်ခန်း ဆင်းနိုင်းဖို့ရာ လာမယ့် ရက်ပိုင်း အတွင်း တာဝန် ရှိသူတွေ နဲ့ ဆွေးနွေး သွားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ က အားလုံးရဲ့ချစ်ခင်မှု ရရှိထားတဲ့ ဝီလ်ရှား အနေနဲ့ အာဆင်နယ် အသင်းမှာ လေ့ကျင့်ခန်း လာဆင်းလို့ ရကြောင်း နောဝှစ်ချ်စီးတီး နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဖိတ်ခေါ် ခဲ့ပြီးနောက် ဘေဘီဂျက်ကို အာဆင်နယ် အသင်း မှာ ပြန်မြင်တွေ့ခွင့် ရတော့မှာ ဖြစ်ပါတယ် ။

ဝီလ်ရှား ဟာ အာဆင်နယ် အသင်း လူငယ် အကယ်ဒမီ ကို ကိုးနှစ်သား အရွယ်တုန်းက စတင် ရောက်ရှိ လာတာ ဖြစ်ပြီး အသင်းကြီး အတွက် အသက် ၁၆ နှစ် အရွယ်မှာတင် ပွဲထွက် ကစားခွင့် ရခဲ့ပါတယ် ။ ဝီလ်ရှား ဟာ အရည်အသွေးကောင်းတွေ ရှိတဲ့ ကစားသမား တစ်ဦး ဖြစ်ပေမယ့် ဒဏ်ရာ ပြဿနာတွေရဲ့ နှိပ်စက်မှုကြောင့် ထိပ်တန်းအဆင့်ကို မရောက်ခဲ့သူပါ ။

ဝီလ်ရှား ဟာ အာဆင်နယ် အသင်း အတွက် ပွဲပေါင်း ၁၉၇ ပွဲ ကစားခဲ့ပြီး အက်ဖ်အေဖလား ၂ ကြိမ် ရယူ နိုင်ခဲ့ပါတယ် ။ ဝီလ်ရှား ဟာ အာဆင်နယ် ပရိသတ်တွေရဲ့ favourite ကစားသမား ဖြစ်ပြီး အသင်းထံ ပြန်ခေါ်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ် ။

ဝီလ်ရှား ဟာ ၂၀၁၈ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ အာဆင်နယ် ကနေ ဝက်စ်ဟမ်း အသင်းကို အလွတ် ပြောင်းရွှေ့ ကြေး နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ် ။ အဲ့ဒီနောက်မှာတော့ ဝီလ်ရှား ဟာ ဘုန်းမောက် အသင်းမှာ သွားကစားခဲ့ပြီး ခုချိန်မှာ အသင်းလက်မဲ့ ဖြစ်နေသူပါ ။

ဂျက်ဝီလ်ရှား က Football Daily နဲ့ အင်တာဗျူးမှာ ” အာတီတာ နဲ့ အတူ ကစားခဲ့ရတဲ့ အချိန်တွေ ၊ အဝတ်လဲခန်း အတူ မျှဝေ သုံးစွဲ ခဲ့ရတဲ့ အချိန်တွေကို ကျနော် တကယ်နှစ်သက်ပါတယ် ။ သူ့ဆီက ကျနော့်အတွက် အမြဲ တံခါးဖွင့်ထားပါတယ် ဆိုတဲ့ စကားကြားရတာ တကယ့်ကို အားဖြစ်ရပါတယ် ။ ”

” ကျွန်တော့် အတွက် ကစားသမားကောင်းတွေ ၊ ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ အတူ လေ့ကျင့်ခန်း ဆင်းခွင့် ရတာက အများကြီး အထောက်အကူ ဖြစ်စေမှာပါ ။ ”

” နောက်ပြီး ကျနော် အမြဲ တစ်စေ ရှိနေချင်တဲ့ အသင်း ပတ်ဝန်းကျင်မှာလည်း ပြန်နေခွင့် ရတဲ့ အခွင့်အရေးပေါ့ဗျာ ၊ လာမယ့် ရက်ပိုင်း အတွင်း အာဆင်နယ် အသင်းက တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ပြောဆို သွားဖို့ ရှိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဂျက်ဝီလ်ရှား ဟာ ဘုန်းမောက် အသင်းကနေ ထွက်ခွာ ပြီးကတည်းက တစ်ဦးတည်း လေ့ကျင့်ခန်း ဆင်းနေရတဲ့ အချိန်တွေ ပိုများခဲ့ပြီး စီရီးဘီ ကလပ် ကိုမို အသင်း နဲ့ လေ့ကျင့်ခန်း ဆင်းခဲ့ပေမယ့် အပြောင်းအရွှေ့ ကိစ္စ အဆင်ပြေခဲ့ခြင်း မရှိပါဘူး ။

SM