လူကာကူရဲ့ အဖွင့် ၃ပွဲ ခြေစွမ်း အပေါ် မှတ်ချက်ပေးခဲ့တဲ့ တူချယ်

ချဲလ်ဆီး အသင်းရဲ့ ကြေးအကြီးဆုံး တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ပွဲလုံး ပွဲထွက်ခွင့် ရခဲ့သလို ၊ ၃ပွဲမှာ ၃ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ် ။ ယနေ့ညမှာ ကစားမယ့် ဇင်းနစ်နဲ့ ပွဲမှာတော့ လူကာကူ ဟာ ချဲလ်ဆီး အတွက် တကျော့ပြန် ပထမဆုံး ချန်ပီယံလိဂ်ပွဲကို ကစားခွင့် ရတော့မှာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ အက်စတွန် ဗီလာ အသင်းကို ၃ – ၀ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာလည်း လူကာကူ ဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဂိုးသွင်းနိုင်ဖို့ ဆိုတာ သူ့ရဲ့ အသက် ၁၁နှစ် အရွယ် ကတည်းက အိပ်မက် ဖြစ်ကြောင်း ဖွင့်ဟခဲ့သလို ၊ ချဲလ်ဆီးသို့ စစရောက်ချင်းမှာလည်း အသင်းနဲ့ မပြီးပြတ်သေးတဲ့ ဇာတ်လမ်းကို ပြန်ဆက်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုခဲ့ဖူးပါတယ် ။

ဒီတော့ လူကာကူနဲ့ ချဲလ်ဆီးတို့ရဲ့ ဒီရာသီ အောင်မြင်မှု ပစ်မှတ် အနေအထားတွေက ဘယ်လို ဘယ်ပုံ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ရာသီ က ဂိုးပုံမှန် သွင်းပေးမယ့် တိုက်စစ်မှူးမျိုး မရှိခဲ့တာတောင် ချဲလ်ဆီး ဟာ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ခဲ့တာကြောင့် ၊ ဒီရာသီမှာ လူကာကူလို လက်ရှိ ဥရောပ အကောင်းဆုံး စာရင်းဝင် တိုက်စစ်မှူးကို ပိုင်ဆိုင်ထားရတာ ဖြစ်လို့ ၊ ချန်ပီယံလိဂ် သရဖူကို မကာကွယ်နိုင်စရာ အကြောင်း မရှိနေပါဘူး ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က လူကာကူရဲ့ အဖွင့် ၃ပွဲ ခြေစွမ်းနဲ့ ပတ်သက်ပြီး ” ရိုမီလူရဲ့ အင်တာဗျူး ဖြေပုံတွေကို မြင်တွေ့ရတဲ့အခါ သူ ဘာကို အလိုရှိသလဲ ဆိုတာ ခင်ဗျားတို့ ခန့်မှန်းနိုင်ကြမှာပါ ။ သူဟာ ဒီ အသင်းနဲ့ အတူတူ ကစားခွင့် ရဖို့ကို ငယ်ငယ်လေးကတည်းက အိပ်မက်ခဲ့လာတာပါ ။ ”

” ဒီနှစ် ဘောလုံး ရာသီမှာ သူ့ရဲ့ အိပ်မက် အသင်းဆီ နံပါတ် ၉ တိုက်စစ်မှူး အဖြစ် ပြန်လာဖို့ အခွင့်အရေး ရခဲ့ပါတယ် ။ ရောက်လာတော့လည်း သူဟာ အသင်းကို သွင်းဂိုးတွေနဲ့ ကူညီပေးထားပါတယ် ။ ဒါဟာ သူ ချဲလ်ဆီး အတွက် လုပ်ပေးချင်တဲ့ အရာတွေပါ ။ သူဟာ ကိုယ် ဘာဖြစ်ချင်သလဲ ဆိုတာကို ဖွင့်ပြောဖို့ ရှက်မနေပါဘူး ။ ”

” ဒါကြောင့် သူဟာ ကျွန်တော်တို့ရဲ့ နံပါတ် ၉ ဖြစ်သလို ၊ သူ့လို တိုက်စစ်မှူးမျိုးနဲ့ အတွေ့အကြုံ အတူ မျှဝေရလို့ ကျွန်တော်တို့လည်း ပျော်ရွှင်နေကြပါတယ် ။ သူဟာ နှစ်သက်စရာကောင်းတဲ့ လူပုဂ္ဂိုလ် တဦး ဖြစ်ပြီး ၊ အမြဲတမ်း ပြိုင်ဆိုင်လိုစိတ် ရှိပါတယ် ။ ”

” အထောင် တိုက်စစ်မှူး တယောက် အတွက် အဖွင့်လှဖို့ ၊ ဂိုးပေါက် အမြန်ဆုံး ရှာတွေ့ဖို့ က ဘယ်လောက်ထိ အရေးကြီးသလဲ ဆိုတာ ကျွန်တော်တို့ အားလုံး သိထားကြပါတယ် ။ အခု သွင်းဂိုးတွေနဲ့ သူ အသင်း အပေါ် ပံ့ပိုးပေးနေတာကို ကျွန်တော်တို့ ကျေနပ် ပျော်ရွှင်ကြပါတယ် ။ အခုဆို ရာသီ အစောပိုင်းမှာပဲ သူဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျ က အငွေ့အသက်တွေကို ပြန်ပြီး ခံစားနိုင်လိုက်ပါပြီ ။ ”

” ဒီ ပုံစံ အတိုင်းပဲ သူ ကျွန်တော်တို့ အတွက် ရှေ့ဆက်ပြီး ဂိုးတွေ သွင်းပေးမယ့် ၊ ပွဲအဖြေ ပြောင်းလဲပေးမယ့် တိုက်စစ်မှူးမျိုး ဖြစ်လာဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး တူချယ် က ချန်ပီယံလိဂ် ဖလား ဟာ မန်နေဂျာ ဘဝ ၄င်းရဲ့ အကြီးကျယ်ဆုံး အောင်မြင်မှု ဆိုတာ ငြင်းမရကြောင်း တုန့်ဆိုင်းမှု မရှိပဲ ဖြေကြားခဲ့ပါတယ် ။

တူချယ် က ” ဒီမေးခွန်းရဲ့ အဖြေကို ချက်ချင်း ဖြေရရင်တော့ ဟုတ်ပါတယ် ၊ ဒါဟာ ကျွန်တော့ရဲ့ မန်နေဂျာ ဘဝ အကြီးကျယ်ဆုံး အောင်မြင်မှုပါ ။ ဒါပေမယ့် ယေဘူယျအားဖြင့် ကျွန်တော် ဟာ ကိုယ့်ရဲ့ အောင်မြင်မှုတိုင်းကို အဆုံးအဖြတ်ပေးဖို့ ခက်ပါတယ် ။ ဒါဟာလည်း ဘယ်သူက ကိုယ့်ကို ဘယ်လို မြင်သလဲ ဆိုတဲ့ အပေါ် မူတည်ပါတယ် ။ ”

” ကျွန်တော် ဟာ အခြား နည်းပြ အဖွဲ့ဝင်တွေနဲ့ အတူ ရောက်တဲ့ ကလပ်တိုင်းမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့ပြီး ၊ ကိုယ့်အသင်း က ကစားသမားတွေရဲ့ အကောင်းဆုံး အရည်အသွေး တွေကို ရနိုင်သလောက် ညှစ်ယူဖို့ ကြိုးစားခဲ့ပါတယ် ။ ဒါကို ကျွန်တော် ယူ ၁၄ နည်းပြ ဘဝ ကတည်းက လုပ်ခဲ့တာ ဖြစ်ပြီး ၊ အခု အထိလည်း ကျွန်တော် ဒီ ပုံစံ အတိုင်း ဆက်သွားနေဆဲပါပဲ ။ ”

” အပြင်က လူတွေရဲ့ အကဲဖြတ်ပုံတွေ ၊ ဆုဖလား အရေအတွက် ၊ ခမ်းနားမှု အတိုင်းအတာတွေနဲ့ ကြည့်ပြီး ဆုံးဖြတ်ရင်တော့ ဒါဟာ ကျွန်တော် ဆွတ်ခူးဖူးတဲ့ ဖလားတွေထဲက အကြီးကျယ်ဆုံး ဆုဖလားပါပဲ ။ ဒါဟာ ကျွန်တော့ အတွက် ကြီးမားတဲ့ အတွေ့အကြုံ တရပ် ဖြစ်ခဲ့ပေမယ့် ၊ အရိုးသားဆုံး ပြောရရင် ဒါဟာ ဝေးကွားတဲ့ အတိတ်မှာ ကျန်ခဲ့သလို ခံစားနေရပါတယ် ။ ”

” ဒီလို ခံယူချက်မျိုး စိတ်သွင်းနိုင်ဖို့လည်း လိုပါတယ် ။ ကျွန်တော်တို့ အားလုံး အခုအချိန်မှာ မနက်ဖြန်ပွဲ အတွက်ပဲ အာရုံစိုက်ထားပါတယ် ။ ဒါဟာ ချန်ပီယံလိဂ် ပြေးလမ်းကြောင်းရဲ့ အရေးကြီးဆုံးပွဲ ဆိုလည်း မမှားပါဘူး ။ ပထမဆုံး အုပ်စု အဖွင့်ပွဲ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR