လီဗာပူး နဲ့ ပွဲကို လွဲချော်မယ့် တိုက်စစ်မှုးကြီး မိုဗစ်

အေစီ မီလန် အသင်းရဲ့ နည်းပြကြီး ပီအိုလီ က မနက်ဖြန် ညမှာ ယှဉ်ပြိုင် ကစားမယ့် ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲစဉ်မှာ အသင်းရဲ့ ဝါရင့် တိုက်စစ်မှုးကြီး အီဗရာဟီမိုဗစ် ပါဝင် ကစားပေးနိုင်မှာ မဟုတ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ဒီတပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာဇီယို နဲ့ စီးရီးအေ ပွဲစဉ်မှာ ဆွီဒင်သားကြီးဟာ လူစားလဲ ဝင်ရောက် ကစားခဲ့သလို ၊ အသင်းအတွက် ဒုတိယမြောက် ဂိုးကိုလဲ သွင်းယူပေးနိုင်ခဲ့ပါတယ်။ သို့သော် ပွဲအပြီးမှာတော့ ဖနောင့်ကြော ဘက်က အနည်းငယ် နာကျင်လာတဲ့ အတွက် ဒီပွဲမှာ အရဲစွန့်ပြီး ပါဝင် ကစားခိုင်းခြင်း မရှိဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း အခုလို ရှင်းပြသွားခဲ့ ပါတယ်။

“ တနင်္ဂနွေနေ့ က ကစားခဲ့တဲ့ ပွဲအပြီးမှာတော့ ဖနောင့်ကြောက အနည်းငယ် ယောင်လာပါတယ်။ ကျနော်တို့က ပြန်ကောင်းသွားမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ၊ အခုထိ နည်းနည်း ခံစားနေရဆဲလို့ ပြောပါတယ်။ ဒါကြောင့်မို့ အရဲစွန့်ပြီး အသုံးမပြုဖို့ ဆုံးဖြတ်ထားတာပါ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး အသင်းရဲ့ နည်းပြကြီး ယာဂန် ကလော့ပ် က အေစီမီလန် အသင်းဟာ လွန်ခဲ့တဲ့ 18 လ အတွင်း ဆက်တိုက် တိုးတက်လာခဲ့တဲ့ အသင်းလို့ မှတ်ချက်ပေးလိုက်ပြီး ၊ မိုဗစ် မကစားနိုင်ပေမယ့် ထိပ်တန်း တိုက်စစ်မှုးတွေ ကျန်နေသေးတဲ့ အကြောင်း အခုလို ပြောဆိုသွားခဲ့ ပါတယ်။

“ ဇလာတန် က ထိပ်တန်း ကစားသမား တယောက်ပါ။ ပြီးခဲ့တဲ့ လအနည်းငယ် အတွင်း ဒဏ်ရာ ပြသနာ တချို့ နဲ့ ရင်ဆိုင် ရုန်းကန်နေခဲ့ရတာ သတိထားမိပါတယ်။ အဲဒီ ပြသနာတွေ အပေါ် ခွဲစိတ်ကုသမှုတွေ ခံယူခဲ့သလား ဆိုတာတော့ ကျနော်လဲ မသိပါဘူး။ ဒါပေမယ့် ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝဖို့ လေ့ကျင့်ခန်းတွေ ကြိုးစား လုပ်ဆောင်နေတဲ့ Video တွေကို ခဏခဏ ကြည့်ရပါတယ်။ ပြီးရင် “ခြင်္သေ့ဆိုတာ အချိန်တွေ အကြာကြီး အနားမယူတတ်ဘူး” ဆိုတဲ့ ပုံစံမျိုးတွေလဲ ပြောထားခဲ့တယ်လေ။

သူပြောတာ မှန်ပါတယ်။ အချိန်တွေ အကြာကြီး အနားယူနေတဲ့ အကြားက နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ လူစားလဲ ဝင်လာရင်းတောင် ချက်ခြင်း ဂိုးသွင်းပြသွားတာလေ။ သူဟာ တကယ်လိုအပ်တဲ့ အခိုက်အတန့်တွေ ဆိုရင် အများနဲ့ မတူအောင် ထူးခွျှန်လွန်းတဲ့ သူပါ။

ကျနော်တို့ နဲ့ ကစားမယ့်ပွဲစဉ်မှာ သူ မပါဝင်နိုင်ဘူး ဆိုရင်တောင် ဂျရူး နဲ့ ရီဘစ် တို့က အစားထိုးလာပါလိမ့်မယ်။ ကစားတဲ့ ပုံစံက မတူကြဘူးဆိုပေမယ့် ၊ သူတို့ကလဲ ထိပ်တန်း ဘောလုံးသမားတွေပါပဲ။

ဒီပွဲ က စိတ်ဝင်စားဖို့ ကောင်းမှာပါ။ ဇလာတန် ဆိုတာလဲ ချန်ပီယံလိဂ် သမိုင်းရဲ့ အကောင်းဆုံး တိုက်စစ်မှုး တွေထဲက တယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အရည်အသွေး အပေါ် သူ သိသလို ၊ သူလို ယုံကြည်မှု အပြည့်ရှိတဲ့ ပုံစံကိုလဲ သဘောကျမိပါတယ်။ အဲဒီ အချက်တွေကပဲ ကွင်းထဲက ကစားဖော်တွေ အားလုံးဟာ ယုံကြည်ချက်တွေ ပိုပြီး မြင့်မားလာခဲ့တာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လီဗာပူး ၊ အေစီ မီလန် ၊ အေတီကို ၊ ပေါ်တို တို့ ရဲ့ အုပ်စုဟာ ဒီနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲ ရဲ့ မရဏ အုပ်စု လို့ တင်စားခံထားရပြီး ၊ သမိုင်းကြောင်း အစဉ်အလာ နဲ့ ပြိုင်ဆိုင်မှု ကြီးမားလွန်းတဲ့ အေစီ မီလန် နဲ့ လီဗာပူး တို့ဟာ အုပ်စု အဖွဲ့ပွဲစဉ်မှာပဲ ထိပ်တိုက် တွေ့ဆုံလျှက် ရှိနေပါတယ်။

အေစီ မီလန် ဟာ ရာသီ အဖွင့် ပွဲစဉ် 3 ပွဲ ကစားပြီး ၊ 3 ပွဲ စလုံး အနိုင်ရရှိထားသလို ၊ လီဗာပူး ကလဲ ဒီနှစ် ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲမှာ ရှုံးပွဲ လုံး၀ မရှိသေးတာကြောင့် ၊ ဒီနှစ်သင်း ထိပ်တိုက် ရင်ဆိုင် ကစားမယ့်ပွဲစဉ်ဟာ ပရိသတ် အကြိုက် ပွဲစဉ်မျိုး ဖြစ်လာမှာ သေချာပါတယ်။

အုပ်စုကျပ် ရဲ့ ပွဲစဉ်တွေ ဖြစ်တာကြောင့် အမှားလုပ်မိတဲ့ အသင်းဟာ အုပ်စု အဆင့်ကနေပဲ စောစောစီးစီး နှုတ်ဆက်သွားရနိုင်ပါတယ်။

SM