လီဗာပူးကနေ ထွက်ခွာခဲ့တဲ့ အကြောင်းရင်း နောက်တစ်ခုနဲ့ ဘာစီလိုနာကို မပြောင်းရွေ့ဖြစ်ခဲ့တဲ့ အကြောင်းကို ထုတ်ဖော်လိုက်တဲ့ ဝုိင်နယ်ဒန်

ဂျီနီဝုိင်နယ်ဒန်ဟာ သူ လီဗာပူး ကနေ ထွက်ခွာခဲ့တဲ့ အကြောင်းရင်းကို ထပ်မံပြောဆိုသွားခဲ့ပြီး အန်ဖီးကလပ်ဟာ သူ့ကို စာချုပ်သစ် ချုပ်ဆိုရန် ပြင်းပြတဲ့ ဆန္ဒ ရှိနေတယ်လို့ မခံစားမိဘူးလို့ ဆိုလိုက်ပါတယ်။ နယ်သာလန် ကွင်းလယ်လူဟာ နယူးကာဆယ် ကနေ ပြောင်းရွေ့လာခဲ့ပြီးနောက် အန်ဖီးမှာ အောင်မြင်မှုတွေ ရရှိခဲ့ကာ လီဗာပူးကို ချန်ပီယံလိဂ်ဖလား ၊ ပရီးမီးယားလိဂ်ဖလား ၊ စူပါဖလား နဲ့ ကလပ်ကမ္ဘာ့ဖလား တို့ကို ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးနဲ့ စာချုပ်သစ် ကိစ္စ ဆွေးနွေးမှုဟာ ပျက်ပြယ်သွားခဲ့ပြီး ဝုိင်နယ်ဒန်ဟာ ပြီးခဲ့တဲ့ နွေရာသီက ပီအက်ဂျီကို အလွတ် ပြောင်းရွေ့ကြေးနဲ့ ရောက်ရှိသွား ခဲ့ပါတယ်။ အသက် ၃၀ အရွယ် ကွင်းလယ်လူဟာ သူ ဘာကြောင့် အန်ဖီးကနေ ထွက်ခွာခဲ့သလဲ ဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။

၀ိုင်နယ်ဒန် “ကျွန်တော့် အနေနဲ့ ကိုယ့်ရဲ့ ခံစားချက်နောက်ကို လိုက်ရပါတယ်။ ကျွန်တော်ဟာ လီဗာပူး အသင်းမှာ ဆက်ရှိလိုတဲ့ ဆန္ဒကို လပေါင်းများစွာ ကတည်းက ထုတ်ဖော် ထားခဲ့ပြီးသားပါ။ ဒါပေမယ့် ကျွန်တော် အသေးစိတ်တော့ မပြောလိုပေမယ့် လီဗာပူးဟာ ကျွန်တော့်ကို အသင်းမှာ ဆက်ထိန်းထားလိုတဲ့ ဆန္ဒကို မပြသဘူးလို့ ခံစားရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ကိုယ့်လမ်း ကိုယ်လျှောက်ရမှာပါ။” လို့ ထုတ်ဖော်ခဲ့ပါတယ်။

 

၀ိုင်နယ်ဒန်ဟာ လီဗာပူးကနေ ထွက်ခွာခဲ့ပြီးနောက် ဘာစီလိုနာ အသင်းမှာ သူ့ရဲ့ နည်းပြဟောင်း ဖြစ်သူ ရော်နယ်ကိုးမန်းနဲ့ လက်တွဲရန် အတော်လေး နီးစပ် ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ပီအက်ဂျီ အသင်းကို မထင်မှတ်ဘဲ ရောက်ရှိ သွားခဲ့ပါတယ်။

ဒါနဲ့ ပက်သက်ပြီး နယ်သာလန် ကွင်းလယ်လူက “လီဗာပူး ကနေ ထွက်ခွာလာခဲ့ပြီးနောက် ဘာစီလိုနာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ ပါတယ်။ ကျွန်တော် အရမ်းကို ပျော်ရွှင် ခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ နယ်သာလန် ကစားသမား အများစုလိုပဲ ကျွန်တော် ကလည်း ငယ်စဉ်ကတည်းက ဒီကလပ်မှာ ကစားဖို့ အတွက် အိမ်မက်မက်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ အိုင်ဒေါကတော့ ပြိုင်ဘက် ရီးရဲယ်မက်ဒရစ်ရဲ့ ဇနက်ဒင်းဇိဒန်း ဖြစ်ပါတယ်။

ကျွန်တော်ဟာ ဘာစီလိုနာ အသင်း အတွက် ကစားခွင့် ရတော့မယ်လို့ ထင်ထား ခဲ့ပါတယ်။ ဒါပေမယ့် သူတို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေဟာ အရမ်းကို ရှည်ကြာ နေခဲ့ပါတယ်။ အဲဒီနောက် ပီအက်ဂျီက ချိတ်ဆက် လာခဲ့ပါတယ်။ ပီအက်ဂျီဟာ ကျွန်တော့်ကို ခေါ်ယူချင်တဲ့ သူတို့ရဲ့ စိတ်ဆန္ဒကို ပြသခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော့် အနေနဲ့ အခြား အသင်းကို ရွေးချယ်ဖို့ အတွက် အချိန်ကျရောက်ခဲ့ ပါတယ်။” လို့ ထုတ်ဖော်လိုက် ပါတယ်။

အသက် ၃၀ အရွယ် ကွင်းလယ်လူဟာ ဒီရာသီ ပိုချက်တီနိုရဲ့ အသင်း အတွက် ၅ ပွဲ ပါ၀င် ကစားပေးထားခဲ့ပြီး မနက်ဖြန် ကလပ်ဘရုခ်ျနဲ့ ကစားရမယ့် ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲစဉ်မှာ ပွဲထွက်ပါ၀င်ခွင့် ရဖို့ ရှိနေပါတယ်။

SM