မိုဆာလာ ကို မဖြစ်မနေ စာချုပ်သစ် ချုပ်ဆိုဖို့ တိုက်တွန်းလိုက်တဲ့ ကာရေဂါ

လီဗာပူး အသင်းရဲ့ တိုက်စစ် ကစားသမား မိုဆာလာ ဟာ လိဒ် ယူနိုက်တက် နဲ့ ကစားခဲ့တဲ့ ပွဲမှာပဲ သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမားဘ၀ သွင်းဂိုးပေါင်း 100 ပြည့်မြောက်တဲ့ ဂိုးကို သွင်းယူ သွားခဲ့ပါတယ်။

လီဗာပူး တိုက်စစ် ကစားသမားတွေ အကြားမှာ မာနေး နဲ့ ဖာမင်နို တို့ဟာ ပုံမှန် ဂိုးသွင်းခြေရဖို့ တနှစ်ထက် တနှစ် မနည်း ရုန်းကန်လာရသည့်တိုင်အောင် မို ဆာလာ ကတော့ နှစ်စဉ် မပျက် သူ့ရဲ့ သွင်းဂိုးတွေ နဲ့ ဆက်တိုက် အကျိုးပြုလျှက် ရှိနေပါတယ်။

ဒါကြောင့်လဲ အသင်းရဲ့ ဂန္တဝင် ခံစစ်မှုးကြီး ကာရေဂါ က မို ဆာလာ ကို စာချုပ်သစ် အမြန်ဆုံး ချုပ်ဆိုနိုင်ဖို့ ကြိုးစားသင့်တဲ့ အကြောင်းကို အခုလို တိုက်တွန်းသွားခဲ့ ပါတယ်။

“ မို က အသင်းအတွက် အရမ်းကို အရေးပါတဲ့ ကစားသမားပါ။ ကျနော်ဖြင့် တခါတလေ သူ့အတွက် စိတ်မကောင်းတောင် ဖြစ်မိပါတယ် ဘာလို့လဲ ဆိုတော့ လီဗာပူး ရဲ့အကြောင်းတွေ ပြောတိုင်း သူ့ ရဲ့ အခန်းကဏ္ဍကို လစ်လျူရှုထားသလို ဖြစ်နေကြတယ်လေ။

လီဗာပူး ရယူခဲ့တဲ့ ဆုဖလားတွေ အကြောင်း ပြောကြပြီ ဆိုရင် လူတွေ က ဗန်ဒိုက် နဲ့ အလီဆွန် တို့ နှစ်ယောက် ကို ခေါ်ယူလိုက်တာကိုပဲ အသားပေးနေကြပါတယ်။ တကယ်တော့ မို ဟာ အဲဒီ မတိုင်ခင် 6 လ လောက် စောပြီးပဲ အသင်းကို ရောက်လာခဲ့တာပါ။

ဒါကြောင့် သူတို့ 3 ယောက် ကြောင့် အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့တာလို့ ပြောရင် ပိုပြီး မှန်ပါတယ်။ အခုတော့ လူတိုင်းက ဂိုးသမား နဲ့ ခံစစ်မှုးကြီးကပဲ လီဗာပူး ကို Next Level တခုကို ပို့ဆောင်ခဲ့တာ ဆိုပြီး ပြောကြတယ်လေ။ မို ရဲ့ စွမ်းဆောင်ရည်တွေကလဲ အများကြီးကို အရေးပါခဲ့တာပါဗျာ။

တချိန်တည်းမှာ မို ဟာ ညာတောင်ပံ တိုက်စစ် ကစားသမား တယောက်ဆိုတာ မေ့ထားလို့ မရပါဘူး။ သူဟာ တိုက်စစ်းမှုးစစ်စစ် မဟုတ်ပဲ နဲ့တောင် ဂိုးတွေ အများကြီး သွင်းပြထားတာပါ။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလမှာတော့ လီဗာပူးဟာ အခြား ပြိုင်ဘက် အသင်းတွေလို ကစားသမားသစ်တွေ ခေါ်ယူခဲ့တာမျိုးတွေ မရှိပေမယ့် ၊ အဓိက ကစားသမားတွေ ကိုတော့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ အထဲမှာ မို က ကျန်နေခဲ့တယ်လေ။

သူကလဲ သူ့ခြေစွမ်းနဲ့တော့ လစာ ပိုလိုချင်တာမျိုးတွေ ရှိမှာပါ။ ဖြစ်လဲ ဖြစ်သင့်ပါတယ်။ အဲဒီတော့ ရပါစေ လို့ပဲ ဆုတောင်းပေးပါတယ်။ သူဟာ ပရီးမီးယားလိဂ် ရဲ့ လစာ အများဆုံး ဘောလုံးသမားတွေ ထဲက တယောက်တော့ သေချာပေါက် ဖြစ်သင့်တာပါ။ လီဗာပူး ကို ရောက်လာ ကတည်းက စွမ်းဆောင်ပြထားတဲ့ သွင်းဂိုး အရေအတွက် က နည်းမှ မနည်းတော့ပဲကို။

ဒဏ်ရာ ပြသနာ ကင်းရှင်းသလို ၊ နှစ်စဉ် နှစ်တိုင်း ဂိုးသွင်းဘုရင် စာရင်းမှာ ထိပ်နား ကနေ နေရာယူထားတဲ့သူပါ။

ထပ်ပြီး ပြောရရင် နောက်တစ်ခု ကျန်ပါသေးတယ်။ အဲဒါက လီဗာပူး သမိုင်းကြောင်း တလျှောက် အကောင်းဆုံး ကစားသမား 11 ယောက် စာရင်းကို ဆွဲထုတ်ကြည့်လိုက်မယ် ဆိုရင် ၊ သူ့ကို မပါမဖြစ် ထည့်သွင်းရမှာပါ။ အလန် ဟန်ဆန် ၊ ဆောင်းနက် ၊ ဂျွန်ဘန်း ၊ ဂျရတ် ၊ အီယန် ရပ်ရှ် ၊ ဒဲလ် ဂလစ်ရှ် တို့နဲ့ အတူ တစ်တန်းထဲ ထားဖို့ သင့်ပါတယ်။

ညာတောင်ပံ နေရာ အတွက် ဆိုရင် ဘယ်သူမှ မရှိတာကြောင့် ၊ သူသာ လီဗာပူး ကစားသမား ဘ၀ ဇာတ်သိမ်းသွားမယ် ဆိုရင် ၊ ထာဝရ အကောင်းဆုံး ကစားသမား 11 ယောက် စာရင်းမှာ သတ်မှတ်ပေးရမှာပါ။

သူ့ရဲ့ အသက်က အခုဆိုရင် 29-30 ရှိလာပါပြီ။ လူတွေ က ရိုနာဒို ဟာ 36 နှစ် အရွယ်ထိ စက်ရုပ်တရုပ်လို လှုပ်ရှားနိုင်အောင် ဂရုစိုက်ထားတယ် ဆိုပြီး ပြောကြပါတယ်။ ကျနော့် အမြင်မှာတော့ မို ကလဲ ရိုနာဒို လောက်ကို သူ့ရဲ့ ခြေစွမ်းကို ဂရုစိုက်တဲ့သူပါ။ ဒါကြောင့်မို့ နောက်ထပ် ထိပ်တန်း အဆင့် ခြေစွမ်းတွေ နဲ့ စွမ်းဆောင်ပြဖို့ နှစ်တွေ အများကြီး ကျန်ပါသေးတယ်။

စာချုပ်သစ် ကိစ္စမှာ လစာ အနေအထား နဲ့ပတ်သက်ပြီး အငြင်းအခုန်က အမြဲတမ်း ရှိပါတယ်။ ကစားသမာ က ပိုလိုချင်တယ် ၊ ကလပ်အသင်းဘက်က လျှော့ပေးချင်တယ် ၊ ဒီကြားထဲမှာ ဘုံသဘောတူညီမှု ရအောင် ကြိုးစားကြတာ ချည်းပါပဲ။ ကျနော့် အမြင်မှာတော့ သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ထိုက်တန်တဲ့ စာချုပ်သစ်မျိုးနဲ့ ချုပ်ဆိုသင့်တယ် ထင်တာပါပဲ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM