ပထမ တကြိမ် ချန်ပီယံလိဂ် ဖလား ရရှိပြီး နောက်တရာသီ အုပ်စု က ထွက်ခဲ့ရတဲ့ အဖြစ်မျိုး ဒီတကြိမ်မှာ ထပ်ဖြစ်နိုင်သေးလား ဆိုတဲ့ အမေး အပေါ် တုန့်ပြန်ခဲ့တဲ့ အက်ဇ်ပီလီကွီတာ

လက်ရှိ ချဲလ်ဆီး ကလပ် အသင်းခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွီတာ ဟာ လွန်ခဲ့တဲ့ ၉နှစ်ခန့်က ချဲလ်ဆီးတို့ ပထမဆုံး ချန်ပီယံလိဂ် ဖလား ဆွတ်ခူးခဲ့ပြီးနောက် ၊ မာဆေးလ် အသင်းကနေ စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ ပြောင်းရွှေ့လာခဲ့ပြီး ၊ လက်ရှိမှာ ချဲလ်ဆီးမှာ သက်တမ်း အရင့်ဆုံး ကစားသမား အဖြစ် ရပ်တည်လျက် ရှိပါတယ် ။

 

အက်ဇ်ပီလီကွီတာ ဟာ ယင်း ၉နှစ် အတွင်းမှာ ချဲလ်ဆီး အသင်းနဲ့ အတူ ကမ္ဘာ့ကလပ် ဖလားက လွဲရင် ၊ ကျန်တဲ့ ဆုဖလား အားလုံး ဆွတ်ခူးနိုင်ခဲ့ပြီး ၊ နောင်အခါမှာ ဘာပဲဖြစ်နေ ဖြစ်နေ ကလပ် ဂန္တဝင် တဦး အဖြစ် သတ်မှတ်ခံရမှာ သေချာပါတယ် ။

ချဲလ်ဆီး ဟာ ၂၀၁၂ ခုနှစ်မှာ ကလပ် သမိုင်းတလျှောက် ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ၊ နောက်တရာသီမှာ လက်ရှိ ချန်ပီယံဘွဲ့ကို မထိန်းနိုင်ခဲ့တဲ့အပြင် ၊ အုပ်စု တတိယ နေရာကနေ ချန်ပီယံလိဂ် ပြိုင်ပွဲကို လက်ပြ နှုတ်ဆက်ခဲ့ရဖူးပါတယ် ။

ထိုအဖြစ်မျိုး ဒီရာသီမှာ ထပ်ကြုံဖို့ မလွယ်ဘူးလို့ ဆိုရလောက်အောင် အထိ လက်ရှိ ချဲလ်ဆီး အသင်းရဲ့ ချန်ပီယံလိဂ် အုပ်စု က အတော်လေး ချောင်နေပါတယ် ။ ဒါ့အပြင် ချန်ပီယံလိဂ် ဖလား ပထမ အကြိမ် ရရှိစဉ်ကနဲ့ ပြီးခဲ့တဲ့ ရာသီက ဒုတိယ အကြိမ် ရရှိပြီးနောက် လက်ရှိ ချဲလ်ဆီး အသင်းရဲ့ ကစားသမား အင်အားချင်း က အတော်လေး ကွာခြားနေပါတယ် ။

ဒီတော့ ၂၀၁၂ ချန်ပီယံလိဂ် အုပ်စု အဆင့်ကနေ ပြုတ်ခဲ့့သလိုမျိုး ယခုနှစ်မှာ ထပ်ကြုံခဲ့ရရင် ဒါဟာ အင်မတန်မှ shock ရစေမယ့် ကိစ္စ တခု ဖြစ်လာမှာပါ ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တဦး က ယင်းမေးခွန်းကို အသင်းခေါင်းဆောင် ၊ နောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာ ကို မေးမြန်းခဲ့ရာ ၊ ၄င်းက အခုလိုပဲ တုန့်ပြန်ခဲ့ပါတယ် ။

အက်ဇ်ပီလီကွီတာ က ” ပထမဆုံးအနေနဲ့ ဒီနှစ် အုပ်စုကို ကျော်ဖြတ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ဟုတ်ပါတယ် ။ အဲဒီနှစ်တုန်းက အုပ်စု ပြုတ်ခဲ့တဲ့ အတွေ့အကြုံ ဟာ အတော်လေး ဆိုးရွားခဲ့ပြီး ၊ နာကျင်စေခဲ့ပါတယ် ။ ကျွန်တော် ဒီကို မရောက်လာခင် မာဆေးလ်မှာတုန်းက ချန်ပီယံလိဂ်မှာ ၁၆သင်း အဆင့် ၊ ကွာတားဖိုင်နယ် အဆင့် အထိ တက်ရောက်ဖူးပါတယ် ။ ”

” ချဲလ်ဆီးကို စပြောင်းလာချင်း ပထမဆုံးနှစ်မှာပဲ လက်ရှိ ချန်ပီယံ အဖြစ်နဲ့ အုပ်စုကနေ လက်ပြနှုတ်ဆက်ခဲ့ရတာ ဟာ တသင်းလုံး အတွက် ခက်ခဲတဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ် ။ အဲဒီ အခိုက်အတန့်ကို ခံစားခဲ့ရသူ ဆိုလို့ လက်ရှိ အသင်းမှာ ကျွန်တော် တယောက်တည်းပဲ ကျန်ပါတော့တယ် ။ ဒါပေမယ့် ဒါမျိုး ထပ်မကြုံဖို့ကို ကျွန်တော် က အစွမ်းကုန် ကြိုးစား ကူညီပေးသွားမှာပါ ။ ”

” ရှေ့မှာ မန်နေဂျာ ပြောခဲ့သလိုပါပဲ ၊ လက်ရှိ ချန်ပီယံ ဖြစ်နေပါစေ ၊ ကျွန်တော်တို့ဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲကို သုည ကနေ ပြန်စရမှာ ဖြစ်ပါတယ် ။ ဒါဟာ စိန်ခေါ်မှု အသစ်ပါ ။ ကျွန်တော်တို့ အုပ်စုမှာ ခက်ခဲတဲ့ ပြိုင်ဖက် အသင်းတွေ ပါဝင်ပါတယ် ။ ဒီအတွက် ကျွန်တော်တို့ အသင့် ဖြစ်နေရမှာပါ ။ နောက်တဆင့် တက်ဖို့ မျှော်လင့်ပါတယ် ။ ဒါက လက်ရှိ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကျွန်တော်တို့ရဲ့ ပထမဆုံး ပစ်မှတ် ဖြစ်ပါတယ် ။ ”

” ကျွန်တော်တို့ဟာ ပြိုင်ပွဲတိုင်းမှာ တိုက်ပွဲဝင်လိုပြီး ၊ ဒီ အတွေ့အကြုံ က ကျွန်တော်တို့ကို ရှေ့ဆက်နိုင်စေဖို့ ၊ ကူညီပေးမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီး အသင်း ဟာ ယနေ့ညမှာ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲ အဖြစ် ဇင်းနစ် အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR