ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ၆ သင်းကို ရွေးချယ်လိုက်ကာ မန်ယူနိုက်တက်ကို ချန်လှပ်ခဲ့တဲ့ မာဖီ

ဒန်နီမာဖီဟာ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်စွမ်း ရှိတယ်လို့ သူယူဆတဲ့ အသင်း ၆ သင်းကို ရွေးချယ်သွားခဲ့ပြီး ဒီအသင်းတွေထဲမှာ လက်ရှိ ချန်ပီယံ ချဲလ်ဆီး ၊ ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်ကြတဲ့ မန်စီးတီး နဲ့ လီဗာပူး တို့ ပါ၀င်ခဲ့ကာ မန်ချက်စတာယူနိုက်တက် ကိုတော့ ချန်လှပ်ထား ခဲ့ပါတယ်။

မာဖီက အင်္ဂလန် ကလပ်တွေဟာ ဒီရာသီမှာလည်း ဥရောပကို လွှမ်းမိုး နိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဖိုင်နယ်မှာ ပက်ဂွာဒီယိုလာရဲ့ အသင်းကို အနိုင်ယူကာ ဗိုလ်စွဲထားခဲ့တဲ့ သောမတ်တူချယ်ရဲ့ အသင်း ကလည်း ချန်ပီယံလိဂ်ဖလားကို ကာကွယ်နိုင်စွမ်း ရှိနေတယ်လို့ ယူဆနေပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တို့မှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ၂ နှစ်ဆက်တိုက် တက်ရောက်ကာ ၁ ကြိမ် ဗိုလ်စွဲထားခဲ့တဲ့ ကလော့ရဲ့အသင်း ကလည်း ဗန်ဒိုက်လို ကြယ်ပွင့်ကစားသမား ပြန်လာပြီ ဖြစ်တာကြောင့် ဥရောပ ဖလားကို စိန်ခေါ်နိုင်လိမ့်မယ်လို့ မာဖီက ယုံကြည်နေပါတယ်။ မန်စီးတီးကလည်း ချန်ပီယံလိဂ်ဖလားကို အသဲအသန်လိုချင်နေပြီး မာဖီက ပရီးမီးယားလိဂ်ချန်ပီယံဟာ ချဲလ်ဆီး လီဗာပူး ဘိုင်ယန်မြူးနစ် ပီအက်ဂျီ အက်သလက်တီကို တို့လိုပဲ ဗိုလ်စွဲရန် ရေပန်းစားတဲ့ အသင်း တစ်သင်း ဖြစ်တယ်လို့ ဆိုသွားပါတယ်။

မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီက ရော်နယ်ဒို ဗာရန်း ဆန်ချို တို့လို ထိပ်တန်း ကစားသမားတွေကို အားဖြည့်ထားနိုင်ခဲ့ပေမယ့်လည်း မာဖီက မန်ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဖလား အတွက် အဆင်သင့် မဖြစ်သေးဘူးလို့ ယုံကြည်နေပါတယ်။

မာဖီက “ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး အမြင်အရ ကတော့ ချန်ပီယံလိဂ် Winners ဟာ မန်စီးတီး လီဗာပူး ချဲလ်ဆီး ဘိုင်ယန်မြူးနစ် နဲ့ ပီအက်ဂျီ တို့ထဲက တစ်သင်းသင်းပဲ ဖြစ်နိုင်ပါတယ်။ သူတို့အပြင် အက်သလက်တီကို ကလည်း ဒီဖလားကို ရယူနိုင်စွမ်း ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီယေဂိုဆီမွန်နီဟာ သူ့ရဲ့ စိတ်ဓာတ်ပြင်းထန်နေပြီးသား အသင်းကို ဂရစ်မန်း ၊ လူး၀စ်ဆွာရက်တို့လို နိုင်ပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ ကစားသမားတွေ အားဖြည့်ထားခဲ့လို့ပါ။”

ဆက်လက်ပြီး အင်္ဂလန် ကွင်းလယ်လူဟောင်းက “ပြီးခဲ့တဲ့ ၃ နှစ်မှာ ကျွန်တော်တို့ လိဂ်ဟာ all-English finals ၂ ခု လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်ကြတဲ့ လီဗာပူး မန်စီးတီး ချဲလ်ဆီး မန်ယူနိုက်တက် တို့ဟာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ အားခဲနေကြမှာပါ။ ဒီတစ်ကြိမ် all-English final ဖြစ်ဖို့ကတော့ ခက်ခဲမှာပါ။ ဘာလို့လဲဆိုတော့ ပီအက်ဂျီနဲ့ ဘိုင်ယန်မြူးနစ် တို့ဟာ အတော်လေး တောင့်တင်းနေတဲ့ပုံ ဖြစ်နေလို့ပါ။ ဒါပေမယ့် ဆီမီးဖိုင်နယ် အဆင့်ကို အင်္ဂလန် ၃ သင်း တက်ရောက်နိုင်ခဲ့မယ် ဆိုရင် ကျွန်တော် အံ့သြမိမှာတော့ မဟုတ်ပါဘူး။

ဒါဟာ ကြီးမားတဲ့ ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော်တို့ဟာ ဘာကြောင့် ပရီးမီးယားလိဂ် ကလပ်တွေ ဒီမှာ ကောင်းကောင်း မလုပ်နိုင်သလဲ ဆိုတာကို မေးခွန်းထုတ်ခဲ့ကြလို့ပါ။ ဒါပေမယ့် ဘောလုံးလောကဟာ အတက်အကျတွေနဲ့ပါ။ အခုဆိုရင် စပိန်ရဲ့ အင်အားကြီး အသင်း ၂ သင်းဟာ ဘဏ္ဍာရေး အခက်အခဲတွေနဲ့ ဒုက္ခများနေသလို အီတလီ အသင်းတွေ ကလည်း ရုန်းကန် နေရပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM