ဒီရာသီမှာ ချန်ပီယံလိဂ် သရဖူကို ကာကွယ်နိုင်မလား ဆိုတဲ့ အမေး အပေါ် အချက်ကျကျ တုန့်ပြန်ခဲ့တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီရဲ့ ချန်ပီယံလိဂ် သရဖူ ကို အများ မထင်မှတ်ထားတဲ့ ကြားထဲက ၊ တနိုင်ငံတည်း ပြိုင်ဖက် မန်စီးတီး အသင်းကို ဗိုလ်လုပွဲမှာ ၁ – ၀ ရလဒ်နဲ့ အနိုင်ရကာ ၊ ၉နှစ်ကြာ ဝေးကွာနေခဲ့တဲ့ ချန်ပီယံလိဂ် ဖလား ကို တကျော့ပြန် ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

ဒီ တကြိမ်မှာလည်း ချဲလ်ဆီး အသင်း ဟာ ရာသီဝက် လမ်းခုလတ်မှာပဲ နည်းပြ အပြောင်းအလဲ လုပ်ခဲ့ပြီး ၊ ကလပ် ဂန္တဝင် ဖရန့် လမ်းပတ် ကို ထုတ်ပယ်ကာ ၊ ရှေ့တနှစ်က ပီအက်စ်ဂျီ အသင်းနဲ့ အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့တဲ့ သောမတ်စ် တူချယ် ကို နည်းပြသစ် အဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ပါတယ် ။

တူချယ်ရဲ့ ရင့်ကျက်မှုရှိတဲ့ ဦးဆောင်မှုကြောင့် ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ရာသီရဲ့ လက်ကျန် ၃ ၊ ၄ အတွင်း တဟုန်ထိုး တိုးတက်လာခဲ့ပြီး ၊ ချန်ပီယံလိဂ် ဝင်ခွင့် အပြင် ၊ ချန်ပီယံလိဂ် ဖလား ကို အငြင်းပွားဖွယ် မရှိ ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

ဒီရာသီမှာလည်း လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသင်းရဲ့ အင်အား ဟာ ကျဆင်းသွားခြင်း မရှိပဲ ၊ ရိုမီလူ လူကာကူ ၊ ဆာအူးလ် နီဂွက်ဇ် အစရှိတဲ့ ထိပ်တန်း ကစားသမားသစ်တွေကိုပါ ထပ်မံ ဖြည့်တင်းနိုင်ခဲ့တာကြောင့် ၊ ပြီးခဲ့တဲ့ ရာသီကထက်ပင် ပိုပြီး ကျစ်လျစ် တည်ငြိမ်မှု ရှိလာပါတယ် ။

လီယွန်နယ် မက်ဆီ ၊ ဆာဂျီယို ရာမို့စ် တို့လို big star တွေ ထပ်မံ ခေါ်ယူထားတဲ့ ပီအက်စ်ဂျီ ၊ ပြီးခဲ့တဲ့ ရာသီ finalist မန်စီးတီးတို့လိုပင် လက်ရှိ ချန်ပီယံ ချဲလ်ဆီး ဟာလည်း ဒီရာသီ ချန်ပီယံလိဂ် ဖလား ကို ဆွတ်ခူးခွင့် အပြည့်အဝ ရှိနေပါတယ် ။ တဖက်မှာ မော်ဒန်ခေတ် ဘောလုံး လောကမှာ ချန်ပီယံလိဂ် သရဖူ ပြန်ပြီး ကာကွယ်နိုင်တဲ့ အသင်း ဆိုလို့ ရီးရဲလ်မက်ဒရစ် က လွဲပြီး ဘယ်အသင်းကမှ မစွမ်းဆောင်နိုင်သေးပါဘူး ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ တူချယ် က ၄င်းတို့ အသင်း ချန်ပီယံလိဂ် သရဖူ ကာကွယ်နိုင်မလား ဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီး ” ခင်ဗျားတို့ ထင်ချင်သလို ထင်နိုင်ပါတယ် ။ ဒါဟာ ကျွန်တော်တို့ရဲ့ ဒီရာသီ ပစ်မှတ်တွေကို ချဉ်းကပ်မှုတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ရာသီက ရွက်ပုန်းသီး အသင်း ဖြစ်ခဲ့ပါတယ် ။ ”

” အစောပိုင်းမှာ လူအများအပြား ဟာ ကျွန်တော်တို့ကို ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်မယ့် အသင်း အဖြစ် သတ်မှတ်ခဲ့ခြင်း မရှိပါဘူး ။ ထင်လည်း ထင်ချင်စရာပါ ။ ဒီ ပြိုင်ပွဲမှာက ကိုယ့်ထက် ပိုကောင်းပြီး ၊ ချန်ပီယံ ဖြစ်နိုင်ခြေ ရှိတဲ့ အသင်းကောင်းတွေက အများအပြား ရှိနေတာကိုး ။ ဒီတော့ ခင်ဗျား ဟာ ကံကောင်းခြင်း အနည်းငယ်နဲ့ ပုံစံကောင်း ၊ စုဖွဲ့မှုကောင်း လိုအပ်ပါတယ် ။ ”

” ဒါပေမယ့် ဥရောပ တလွှားမှာ ဒီလိုမျိုး အင်အား တောင့်တင်းတဲ့ ၊ ကစားသမားကောင်းတွေ ရှိတဲ့ ၊ နည်းပြကောင်းတွေ ရှိတဲ့ ကလပ်တွေ အများကြီးပါပဲ ။ ဒါဟာ အရမ်း ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ပွဲပါ ။ တခြား အားကစား ပြိုင်ပွဲတွေမှာ ခင်ဗျား မြင်တွေ့နိုင်သလိုမျိုး ၊ ခင်ဗျားမှာ ယုံကြည်မှုတွေ ၊ ပုံစံကောင်းတွေ ၊ ကံကောင်းခြင်းတွေ ရှိရင် ၊ ဒီမှာလည်း ဘာမဆို ဖြစ်သွားနိုင်ပါတယ် ။ ”

” ဒါဟာ ကျွန်တော်တို့ မနှစ်က ချန်ပီယံ ဖြစ်ခဲ့တဲ့ အနေအထားမျိုးပါ ။ ကျွန်တော်တို့ဟာ ကျစ်လျစ်မှု ရှိတဲ့ စုဖွဲ့မျိုး ပိုင်ဆိုင်ထားပြီး ၊ ချန်ပီယံ ဖြစ်ခဲ့တာကလည်း အရမ်းကြီး ထိုးထောင် ကောင်းမွန်နေခဲ့တာကြောင့် မဟုတ်ခဲ့ပါဘူး ။ ကျွန်တော်တို့ဟာ မထင်မှတ်ပဲ ချန်ပီယံ ဖြစ်ခဲ့တာ မှန်ပေမယ့် ၊ မထိုက်တန်တာမျိုးတော့ မဟုတ်ပါဘူး ။ ”

” ဒီလို အခြေအနေမျိုး ဘယ်အသင်းမှာမဆို ဖြစ်သွားနိုင်ပါတယ် ။ ဒါဟာ ကျွန်တော်တို့ စတင်မယ့် ပုံစံ ဖြစ်ပါတယ် ။ ကျွန်တော်တို့ အားလုံး သုညကနေ စနေကြတာပါ ။ ဇင်းနစ် ကလည်း ထိုနည်း၄င်းပါပဲ ။ ဒီတော့ အသင်းတိုင်း အတွက် ညီတူမျှတူ အခွင့်အရေး ရှိနေပါပြီ ။ ကျွန်တော်တို့ရဲ့ ပစ်မှတ်က ကစားရမယ့် ပွဲတိုင်းကို ထိပ်တန်း စွမ်းဆောင်ရည်နဲ့ အနိုင်ယူဖို့ပါ ။ ”

” ဒါကို ကျွန်တော်တို့ လုပ်ပြနိုင်ရင် မဖြစ်နိုင်တဲ့ အရာ မရှိတော့ပါဘူး ။ မလုပ်နိုင်ရင်တော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကျွန်တော်တို့ ကြာကြာခံနိုင်မှာ မဟုတ်ပါဘူး ။ ရှင်းရှင်းလေးပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR