ဝေဖန်မှုတွေ များနေတဲ့ ဖီဖာ နဲ့ အာဆင်းတို့ရဲ့ ၂ နှစ်တစ်ကြိမ် ကမ္ဘာ့ဖလား ကျင်းပနိုင်ရေး အစီအစဉ်ကို ထောက်ခံလိုက်တဲ့ နာမည်ကြီး နည်းပြ

ဖီဖာ နဲ့ အာဆင်ဝင်းဂါး တို့ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို လေးနှစ် တစ်ကြိမ် ကျင်းပ နေရာကနေ ၂ နှစ် တစ်ကြိမ် ပြောင်းလဲ ကျင်းပ နိုင်ရေး အကောင်အထည်ဖော် ကြိုးပမ်း နေပြီး ပရိသတ်အများစုရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင် နေရပါတယ် ။

ဖီဖာရဲ့ အစီအစဉ် ကို ယူအီးအက်ဖ်အေ နဲ့ အနောက် ဥရောပ က ကစားသမားတွေ ၊ နည်းပြတွေကလည်း သဘောမကျ ဖြစ်နေပြီး ဆန့်ကျင် နေကြပါတယ် ။ ပြီးခဲ့တဲ့ မတ်လတုန်းကတော့ ဖီဖာရဲ့ အဖွဲ့ဝင် ၂၁၁ နိုင်ငံမှာ ၁၆၆ နိုင်ငံကတော့ ဖီဖာ ရဲ့ အဆိုပြုမူကို လေ့လာ ဆန်းစစ်မှုတွေ ပြုလုပ်ဖို့ သဘောတူခဲ့ကြပါတယ် ။

ဒီနှစ်မကုန်ခင်မှာ အဖွဲ့ဝင် နိုင်ငံ အားလုံးဟာ ဖီဖာ ရဲ့ အစီအစဉ် ကို သဘောတူ/မတူ မဲပေး ဆုံးဖြတ်ရမှာ ဖြစ်ပြီး အကယ်၍ သဘောတူပါက ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲကို ၂၀၂၈ ခုနှစ် ကနေ စပြီး နှစ်နှစ် တစ်ကြိမ် ကျင်းပ သွားမှာ ဖြစ်ပါတယ် ။

ဖီဖာ ရဲ့ ကြိုးပမ်းမှုသာ အထမြောက် အောင်မြင်ပါက နိုင်ငံ တကာ ပြိုင်ပွဲကြီးတွေကို နှစ်စဉ်နှစ်တိုင်း အားပေး သွားရဖို့လည်း ရှိနေပါတယ် ။ အခု လက်ရှိမှာ ကမ္ဘာ့ဖလား နဲ့ ယူရို ပြိုင်ပွဲ ဟာ ၂ နှစ်ခြားစီ ကျင်းပ နေကြတာလည်း ဖြစ်ပါတယ် ။

မန်ချက်စတာ စီးတီး အသင်း ရဲ့ နည်းပြ ဂွာဒီယိုလာ ကတော့ ဝေဖန်မှုတွေ များနေတဲ့ ဖီဖာ နဲ့ အာဆင်းတို့ရဲ့ ၂ နှစ်တစ်ကြိမ် ကမ္ဘာ့ဖလား ကျင်းပနိုင်ရေး အစီအစဉ်ကို ထောက်ခံ ကြိုဆိုကြောင်း ပြောကြား လိုက်ပါတယ် ။

 

ဂွာဒီယိုလာ က ” သူတစ်ပါးရဲ့ အတွေးအခေါ် ယူဆချက်တွေ အပေါ် အပြစ်ဖို့ နေလို့ မရပါဘူး ၊ ကမ္ဘာ့ဖလား ပြိုင်ပွဲ က တကယ့်ကို ကြီးကျယ် ခမ်းနားပြီး အံ့အားသင့်စရာတွေ ဖြစ်လေ့ ရှိတဲ့ ပြိုင်ပွဲကြီးပါ ၊ ကျွန်တော် ကတော့ ပရိသတ်တစ်ဦးအနေနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကြည့်ရတာ အားရ ကျေနပ်ပါတယ် ။ ”

” ကမ္ဘာ့ဖလား ကို ၂ နှစ် တကြိမ် ကစားလည်း ကောင်းပါတယ် ၊ ကျွန်တော် ကတော့ အာဆင်းရဲ့ အစီအစဉ်ကို သဘောတူပါတယ် ၊ ကမ္ဘာ့ဖလား ပြိုင်ပွဲ မဟုတ်ဘဲ တခြား ပြိုင်ပွဲဆိုလည်း သဘောတူမှာပါပဲ ။ ”

” ကမ္ဘာ့ဘောလုံး လောကအတွက် အံ့အားသင့်ဖို့ကောင်းတဲ့ အရာတွေ လုပ်ပြခဲ့တဲ့သူ ( ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတင် မကပါဘူး ) တစ်ယောက်က ဦးဆောင်ပြီး ဒီအစီအစဥ် ကို လက်တွေ့ ဖြစ်လာအောင် လုပ်နေတဲ့ အတွက် ဝမ်းသာပါတယ် ။ ”

” ဒီအစီအစဉ် နဲ့ ပတ်သက်ပြီး ကောင်းတဲ့ အရာတွေ ၊ ဆိုးတဲ့ အရာတွေကို ကျနော်တို့ ထောက်ပြ ဆွေးနွေး ကြရမှာပေါ့ ၊ အစီအစဉ်တစ်ခု လုပ်သင့်မလုပ်သင့်ဆွေးနွေးဖို့ စားပွဲဝိုင်းပေါ် ရောက်လာတဲ့အပေါ် ကျနော် ကတော့ ဝမ်းသာ ကျေနပ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM