ချန်ပီယံလိဂ် ပြိုင်ပွဲမှာ Bob Marley Kit ကို ဝတ်ဆင်ကစားခွင့် ရမှာ မဟုတ်တဲ့ အေဂျက်စ် အသင်း

အေဂျက်စ် အသင်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက Reggae ဂန္တဝင် Bob Marley ကို inspire ယူထားတဲ့ အင်္ကျီ ဒီဇိုင်းကို တရားဝင် ထုတ်ဖော် ပြသခဲ့ပြီး ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်မှုကို အထူး ရရှိ ခဲ့ပါတယ် ။

အဲ့ဒီ အင်္ကျီ ကို ထုတ်လုပ် ဝတ်ဆင်ရတဲ့ အကြောင်းအရင်းဟာ အေဂျက်စ် အသင်း နဲ့ Bob Marley ကြားမှာ ဆက်နွယ်မှု တစ်ခု ရှိနေတာကြောင့် ဖြစ်ပါတယ် ။ အကြောင်းကတော့ အေဂျက်စ် ပရိသတ်တွေဟာ ဘောလုံးကွင်းအတွင်းမှာ Bob Marley ရဲ့ Three little birds သီချင်းကို သံပြိုင် သီဆိုလေ့ ရှိတာကြောင့်ပါ ။

၂၀၀၈ ခုနှစ်တုန်းက ကာဒစ်စီးတီး အသင်း နဲ့ ခြေစမ်းပွဲအတွင်း PA System ကနေ Bob Marley ရဲ့ Three Little Birds သီချင်း ထွက်ပေါ် လာချိန်မှာ အေဂျက်စ် ပရိသတ်တွေ သံပြိုင်လိုက်ပြီး သီဆိုရာကနေ အေဂျက်စ် ပရိသတ်တွေရဲ့ anthem song ဖြစ်လာခဲ့တာပါ ။

ဒါကြောင့် အေဂျက်စ် နဲ့ Adidas တို့ဟာ Bob Marley ရဲ့ မိသားစု ဆီက ခွင့်တောင်း သဘောတူညီမှု ရယူပြီး ၂၀၂၁-၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဝတ်ဆင်ဖို့ အတွက် Bob Marley Kit ကို ဒီဇိုင်းဆွဲ ထုတ်လုပ် ခဲ့တာ ဖြစ်ပါတယ် ။

အေဂျက်စ် အသင်း ရဲ့ Bob Marley kit အဓိက အရောင်ဟာ အနက်ရောင် ဖြစ်ပြီး ပခုံးမှာ စိမ်း ၊ ဝါ ၊ နီ အစင်း သုံး​ကြောင်း ပါရှိကာ နောက်ကျောမှာလည်း ‘ Three Little Birds ‘ သီချင်းကို ကိုယ်စားပြုတဲ့ စိမ်း ၊ဝါ ၊ နီ ငှက်ကလေး သုံးကောင် နဲ့ အက်စတာဒမ် ရဲ့ အဓိက ပြယုဂ် ဖြစ်တဲ့ Saint Andrew’s Cross သုံးခု ပါရှိပါတယ် ။

အေဂျက်စ် အသင်းရဲ့ Bob Marley-inspired kit ဟာ အတော်လေး ရောင်းရခဲ့ပြီး စံချိန်သစ်တွေ တင်နိုင် ခဲ့ပါတယ် ။ အေဂျက်စ် အသင်းဟာ အဆိုပါ အင်္ကျီကို ပြီးခဲ့တဲ့ စနေနေ့က PEC Zwolle ကို ၂ ဂိုးပြတ် အနိုင်ရခဲ့တဲ့ နယ်သာလန်လိဂ် ပြိုင်ပွဲမှာ ပထမဆုံး အကြိမ် စတင် ဝတ်ဆင် ကစားခဲ့ပါတယ် ။

ဒါပေမယ့် အေဂျက်စ် အသင်းဟာ စပို့တင်း လစ္စဘွန်း နဲ့ ကစားရမယ့် ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲမှာတော့ အဲ့ဒီ အင်္ကျီ ကို ဝတ်ဆင် ကစားခွင့် ရရှိမှာ မဟုတ်ပါဘူး ။ အကြောင်းအရင်းကတော့ သူတို့ အင်္ကျီ နောက်ကျောက စိမ်း ၊ ဝါ ၊ နီ ငှက်ကလေး သုံးကောင်ဟာ ယူအီးအက်ဖ်အေ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းနဲ့ ငြိစွန်း နေတာကြောင့်ပါ ။

အေဂျက်စ် က သူတို့ရဲ့ Bob Marley kit ဝတ်ဆင်ခွင့် မရကြောင်းကို ” ယူအီးအက်ဖ်အေ က ကျွန်တော်တို့ ရဲ့အင်္ကျီ ဒီဇိုင်းကို ကလပ် လိုဂို ၊ အင်္ကျီ စပွန်ဆာ ၊ အင်္ကျီလက် စပွန်ဆာ ဆိုတာထက် တခြား အဓိပ္ပာယ် တစ်ခု ကို ရည်ညွှန်း ဖော်ပြနေတယ်လို့ မြင်ပါတယ် ၊ သူတို့ဘက်က အဲ့ဒီလို အဓိပ္ပါယ်ပေါက်စေတဲ့ အရာမျိုးကို ခွင့်မပြုပေးနိုင်ဘူးလို့ ပြောပါတယ် ။ ” လို့ ထုတ်ပြန် ခဲ့ပါတယ် ။

ချန်ပီယံလိဂ် ပြိုင်ပွဲမှာ Bob Marley kit ကို ဝတ်ဆင် ကစားခွင့် မရပေမယ့် အဆိုပါ အင်္ကျီ ကို ထုတ်လုပ် ရောင်းချ နိုင်ခဲ့တာဟာ အေဂျက်စ် အတွက်တော့ အောင်မြင်မှု တစ်ခုပါပဲ ။

အေဂျက်စ် အသင်း ရဲ့ စီးပွားရေး ဒါရိုက်တာ မန်နိုဂီလန် က Bob Marley kit ဟာ အတော်လေး အရောင်းသွက်ကြောင်း ခုလို ပြောကြား ထားပါတယ် ။ ” ဒီအင်္ကျီ ကို ဝယ်ယူ မှာယူ အားပေးတဲ့ သူက တကယ့်ကို အမြောက်အများပါပဲ ။ တစ်ရက်တည်းမှာတင် စံချိန်တင် ရောင်းချ ခဲ့ရပါတယ် ၊ တခြား အင်္ကျီတွေထက် အနည်းဆုံး လေးဆ ပိုရောင်းရပါတယ် ၊ တကယ့်ကို ထူးထူးခြားခြားပါပဲဗျာ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SM