သူက မက်ဆီ ရိုနယ်ဒို တို့ထက် ပိုကောင်းတယ်လို့ ဖွင့်ပြောလာပြန်တဲ့ ဇလာတန်

ခရစ်တီယာနို ရိုနယ်ဒို ဟာ သူ့ရဲ့ ဒုတိယ အကြိမ် မန်ချက်စတာ ယူနိုက်တက် ပွဲဦးထွက် အတွက် ပြင်ဆင် နေချိန်မှာ ဇလာတန် က သူဟာ မက်ဆီ ၊ ရိုနယ်ဒို တို့ထက် ပိုကောင်းတဲ့ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

ဇလာတန် အီဘရာဟီမိုဗစ် က ရိုနယ်ဒို နဲ့ မက်ဆီတို့ သူ့ရှေ့ ရောက်နေကြတာဟာ ဖလား အောင်မြင်မှုတွေကြောင့်သာ ဖြစ်ပြီး အရည်အသွေးပိုင်း အရဆို သူသာလျှင် ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ဆိုပါတယ် ။

ဒီနွေရာသီ အပြောင်းအရွှေ့မှာ GOAT နှစ်ဦး ဖြစ်ကြတဲ့ မက်ဆီ ရော ရိုနယ်ဒို ပါ နှစ်ဦးစလုံး အသင်းပြောင်းခဲ့ကြပါတယ် ။ မက်ဆီ ဟာ သူနှစ်ပေါင်းများစွာ ကစားခဲ့တဲ့ ဘာစီလိုနာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးပြီးနောက် ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့ သွားခဲ့ပြီး ရိုနယ်ဒို ဟာလည်း သူ့ရဲ့ အသင်းဟောင်း မန်ယူနိုက်တက်ကို ပြန်လည် ပြောင်းရွှေ့ ခဲ့ပါတယ် ။

မက်ဆီ နဲ့ ရိုနယ်ဒို တို့ နှစ်ဦးစလုံးဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေ အဖြစ် သတ်မှတ် ခံထားရသူတွေ ဖြစ်ပြီး ၊ နောက်ဆုံး ၁၂ နှစ်အတွင်းဘောလွန်းဒီအော် ဆုကို မက်ဆီ က ၆ ကြိမ် ၊ ရိုနယ်ဒို က ၅ ကြိမ် ရယူ ထားနိုင်ပါတယ် ။

ဘော်လွန်းဒီအော်ဆုကို တစ်ကြိမ်မှ မရခဲ့ဖူးတဲ့ ဇလာတန် အီဘရာဟီမိုဗစ် က ” ကျွန်တော် ဘော်လွန်းဒီအော် ဆု မရတာ မဟုတ်ပါဘူး ၊ ဘော်လွန်းဒီအော် ဆုကသာ ကျနော့်ဆီ လာခွင့် မရခဲ့တာပါ ။ ”

” ပင်ကို အရည်အသွေးအကြောင်း ပြောရမယ်ဆိုရင် သူတို့ နှစ်ဦး( ရိုနယ်ဒို နဲ့ မက်ဆီ ) က ကျနော့်ထက် ပိုကောင်းတာမျိုး လုံးဝ မရှိပါဘူး ။ ဖလားအကြောင်း ပြောမယ်ဆိုရင်တော့ သူတို့က ကျနော့်ထက် သာပါတယ် ၊ ကျနော် ချန်ပီယံလိဂ် ဖလား မရခဲ့ဖူးပါဘူး ။ ”

” ဘော်လွန်းဒီအော် ဆုကို သူတို့ ဘယ်လိုမျိုး ရွေးချယ် ဆုံးဖြတ်သလဲ ဆိုတာ ကျနော် မသိပါဘူး ၊ ကျနော် အဲ့ဆုအကြောင်း စဉ်းတောင် မစဉ်းစားပါဘူး ။ အသင်းလိုက် စုစည်းမှု ရှိပြီး အောင်မြင်မှု ရရင် ကစားသမား တစ်ဦးချင်းစီ အကျိုးကျေးဇူး ခံစားရတာပါပဲ ။ ”

” အသင်းလိုက်သာ စုစည်း ကျစ်လစ်မှု မရှိရင် တစ်ဦးချင်း ကောင်းပြလည်း ဘာမှ မထူးပါဘူး ၊ ကျွန်တော်ကတော့ ကိုယ်သာလျှင် ကမ္ဘာ့ အကောင်းဆုံး ကစားသမားလို့ တွေးပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဇလာတန် ဟာ ဒူးဒဏ်ရာကနေ ပြန်လည် သက်သာပြီးနောက် ဒီရာသီ ပထမဆုံးပွဲ အဖြစ် လာဇီယို နဲ့ ပွဲမှာ ပါဝင် ကစားဖွယ် ရှိနေပါတယ် ။ ဇလာတန် ဟာ လာမယ့်လမှာ အသက် ၄၀ ပြည့်တော့မှာ ဖြစ်ပြီး ရာသီကုန်ထိ အေစီမီလန် နဲ့ စာချုပ် သက်တမ်း တိုးထားပါတယ် ။

SM