နည်းပြဘဝရဲ့ ထောင်ပြည့်ပွဲကို ကိုင်တွယ်ခွင့်ရတော့မယ့် မော်ရင်ဟို ဆီ ဂုဏ်ပြုစကားဆိုလိုက်တဲ့ ဆာအဲလက်စ် ဖာဂူဆန်

 

ပေါ်တူဂီ လူမျိုး နည်းပြကြီး ဂျိုဆေး မော်ရင်ဟို ရဲ့ ရိုးမား အသင်းဟာ လာမယ့် တနင်္ဂနွေ နေ့ မှာ စီးရီးအေ ပွဲစဉ် အဖြစ် ဆာဆူအိုလို အသင်း နဲ့ ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပါတယ် ။ ဒီပွဲ ဟာ မော်ရင်ဟို အတွက် ပရော်ဖက်ရှင်နယ် နည်းပြဘ၀ ပွဲပေါင်း ၁၀၀၀ ပြည့်မြောက် စေမယ့် ပွဲ ဖြစ်လာမှာပါ ။ မော်ရင်ဟို ဟာ ပရိုနည်းပြ သမိုင်း တလျောက် ဒီလိုမျိုး ပွဲ ၁၀၀၀ ပြည့်တဲ့ ၄၈ ယောက်မြောက် နည်းပြ ဖြစ်လာမှာပါ ။

မော်ရင်ဟို ဟာ ပရော်ဖက်ရှင်နယ် နည်းပြ ဘ၀ ကို ဘင်ဖီကာ အသင်းမှာ စတင် ခဲ့ပြီး ယူနီယို ဒီ လိုင်ရီယာ ၊ ပေါ်တို ၊ ချဲလ်ဆီး ၊ အင်တာ မီလန် ၊ ရီးရဲမက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက် နဲ့ တော့တင်ဟမ် ဟော့စပါး အသင်းတို့ ကို တာဝန်ယူ ကိုင်တွယ်ကာ လက်ရှိ အချိန် မှာတော့ စီးရီးအေ ကလပ် ရိုးမား အသင်းကို ကိုင်တွယ် နေသူ ဖြစ်ပါတယ် ။

လက်ရှိ ပွဲပေါင်း ၉၉၉ ပွဲ ကိုင်တွယ်ပြီးချိန် အထိ မော်ရင်ဟို ဟာ နိုင်ပွဲ ၆၃% ကျော် ရယူ ထားနိုင်ခဲ့ပြီး အမှတ်ပေး ချန်ပီယံ ဆု ပေါင်း များစွာ အပြင် ချန်ပီယံလိဂ် ဖလား ကိုလည်း ပေါ်တို ၊ အင်တာ မီလန် တို့နဲ့ ရယူ နိုင်ခဲ့ပါတယ် ။

မော်ရင်ဟို ဟာ မန်ချက်စတာ ယူနိုက်တက် မှာ ၂ ရာသီခွဲ ကိုင်တွယ် ခဲ့ပြီး ယူရိုပါလိဂ် နဲ့ လိဂ် ဖလား တို့ကို ရယူပေးခဲ့ ပါတယ် ။ တတိယ မြောက်ရာသီမှာ အဆင်မပြေမှုတွေ နဲ့ အသင်းကနေ ထွက်ခွာ ခဲ့ရ ပေမယ့် ယူနိုက်တက် ပရိသတ်တွေ ကတော့ မော်ရင်ဟို အိုးထရက်ဖိုဒ့်ကို ပြန်လာတိုင်းမှာ နွေးထွေးစွာ ကြိုဆို ခဲ့ကြပါတယ် ။

ယူနိုက်တက် ရဲ့ ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ကတော့ ဘောလုံးသမိုင်းမှာ ပွဲပေါင်း ၂၁၅၅ ပွဲ နဲ့ အများဆုံး ကိုင်တွယ် ခဲ့တဲ့ နည်းပြ အဖြစ် မှတ်တမ်း ဝင်ထားသူ တယောက် ဖြစ်ပါတယ် ။ အခုလို မော်ရင်ဟို ရဲ့ ထောင်ပြည့်ပွဲ နဲ့ နီးကပ် လာချိန် မှာတော့ ဖာဂူဆန် ဟာ သူတို့လို မှတ်တမ်းကောင်းထဲကို ပါဝင်လာတော့မယ့် နည်းပြကြီး အတွက် ဂုဏ်ပြု စကား ကြိုတင် ပေးပို့ သွားခဲ့ ပါတယ် ။

“နည်းပြ တယောက် အဖြစ်နဲ့ ပွဲ ၁၀၀၀ ကိုင်တွယ်ခွင့် ရတာဟာ ဂျိုဆေး အတွက်ရော သူ့ရဲ့ မိသားစု အတွက်ပါ ဂုဏ်ယူ စရာ ဖြစ်လာမှာပါ ။ ဒါဟာ ဂျိုဆေး အတွက် တကယ့်ကို ပြောင်မြောက်တဲ့ အောင်မြင်မှု တခုပါပဲ ။ သူဟာ ဒီ ပွဲ ၁၀၀၀ ကို ဥရောပ တလွှားက အမှတ်ပေး ဖလားတွေ ၊ ရှုံးထွက် ဖလားတွေ ၊ ချန်ပီယံလိဂ် ဖလားတွေ နဲ့ မွမ်းမံ နိုင်ခဲ့ ပါတယ်”

“သူ့ရဲ့ အောင်မြင်မှု ၊ သူရယူ ခဲ့တဲ့ မှတ်တမ်းကောင်းတွေ ဟာ ဂရိတ် နည်းပြ တယောက် ရဲ့ စွမ်းဆောင်မှုတွေ အဖြစ် သမိုင်းတွင် ကျန်ရစ် ခဲ့မှာပါ ။ အခုလို ပွဲ ၁၀၀၀ ပြည့် နည်းပြ တော့မယ့် မော်ရင်ဟို ကို LMA ( League Managers Association ) ကိုယ်စား ကျွန်တော်က ဂုဏ်ယူပါတယ် လို့ ပြောကြား လိုက်ရပါတယ်” လို့ ဆာအဲလက်စ် ဖာဂူဆန် က LMA ဝက်ဘ်ဆိုက် က တဆင့် ပြောဆို ဂုဏ်ပြု သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း ဒေးဗစ် မိုရက်စ် ဟာလည်း ပရိုနည်းပြ ဘ၀ ပွဲပေါင်း ၉၈၇ ပွဲ ကိုင်တွယ် ထားပြီး ဖြစ်တာကြောင့် မကြာခင် မှာပဲ ပွဲ ၁၀၀၀ ပြည့်မြောက် တော့မှာ ဖြစ်ပါတယ် ။ လီဗာပူး နည်းပြကြီး ယာဂင် ကလော့ ကတော့ ၉၀၇ ပွဲ ကိုင်တွယ် ထားပြီး ဖြစ်တာကြောင့် လာမယ့် ရာသီကုန်ခါနီး လောက်မှာ ပွဲ ၁၀၀၀ ပြည့်သွားဖို့ ရှိနေပါတယ် ။

SPORTS MYANMAR