Young Guns : ယူရို ၂၀၂၀ မှာ စောင့်ကြည့်သင့်တဲ့ လူငယ်ကြယ်ပွင့် ၁၁ ဦး

 

 ယူရို ၂၀၂၀ ပြိုင်ပွဲကြီး ကတော့ ယနေ့ညမှာ စတင် ကျင်းပ တော့မှာ ဖြစ်ပါတယ် ။ ခြေစစ်ပွဲ အောင်မြင် လာတဲ့ အသင်း ၂၄ သင်းဟာ အုပ်စု ၆ စုမှာ သူနိုင်ကိုယ်နိုင် အားပြိုင်ရင်း ရှုံးထွက် အဆင့်မှသည် ဗိုလ်လုပွဲ အထိ တက်လှမ်း နိုင်ဖို့ အစွမ်းကုန် ကြိုးစား ယှဉ်ပြိုင် ကစား သွားကြတော့ မှာပါ ။ ပရိသတ်တွေ ကလည်း ကိုယ်နှစ်သက်ရာ နိုင်ငံ အသင်းတွေကို အားပေးရင်း နွေရာသီ အပြောင်းအရွှေ့ ကာလ ကို ဖြတ်သန်း ကြရဦး မှာပါ ။

 ယူရို ပြိုင်ပွဲတွေဟာ လူငယ် ကြယ်ပွင့်တွေကို မွေးထုတ်ပေးလေ့ ရှီတဲ့ ပြိုင်ပွဲ တစ်ခုလည်း ဖြစ်ပါတယ် ။ ဒီနှစ်ပြိုင်ပွဲမှာလည်း ရိုနယ်ဒို ၊ ဟယ်ရီကိန်း ၊ ပေါ့ဘာ ၊ ဘာပေ ၊ ဂရစ်ဇ်မန်း တို့လို ထိပ်တန်း ကစား သမားတွေ အပြင် ခြေစွမ်း ခြေစ ထက်မြက်တဲ့ လူငယ်တွေလည်း ပါ၀င် လာခဲ့ကြပါတယ် ။

 ဒါကြောင့် ယူရို ပြိုင်ပွဲကို အားပေးရင်း လူငယ်လေးတွေရဲ့ ခြေစွမ်းကို အကဲခတ် နိုင်ဖို့ အတွက် ဒီပြိုင်ပွဲမှာ စောင့်ကြည့်သင့်တဲ့ လူငယ် ကစားသမား ၁၁ ဦး ရဲ့ အကြောင်းကို ဖော်ပြ ပေးလိုက်ရပါတယ် ။

 ဂိုး – အနာတိုလီ တာဘင် ( ယူကရိန်း )

အသက် ၁၉ နှစ်သာ ရှိသေးပေမယ့် တာဘင် ဟာ အန်ဒရေ ရှက်ဗ်ချန်ကို ရဲ့ ယူကရိန်း လက်ရွေးစင် အသင်းမှာ ပါ၀င်ဖို့ လုံလောက်တဲ့ လက်စွမ်းကို ပိုင်ဆိုင် ထားခဲ့ ပါတယ် ။ ပြီးခဲ့တဲ့ ရာသီ တုန်းက ဒိုင်နမိုကိဗ် အသင်းနဲ့ ၂၁ ပွဲ ကစားရာမှာ clean sheets ၁၀ ပွဲအထိ ရအောင် စွမ်းဆောင် ပေးထားနိုင်ခဲ့တဲ့ တာဘင် ကတော့ ရှက်ဗ်ချန်ကို ပေးလာမယ့် အခွင့်အရေးတိုင်းကို လက်လွှတ်မခံဘဲ အသုံးချဖို့ အဆင်သင့် ဖြစ်နေမှာ သေချာပါတယ် ။

နောက်တန်း ( ညာ ) – ရစ်ဆီ ဂျိမ်းစ် ( အင်္ဂလန် )

ဖရန့် လမ်းပတ် ရဲ့ မြေတောင်မြှောက်ပေးမှု ကနေ တိုးတက် လာခဲ့တဲ့ ရစ်ဆီ ဂျိမ်းစ် ဟာ ဒီနှစ် မှာတော့ ချဲလ်ဆီး နဲ့ အတူ ချန်ပီယံလိဂ် ဖလား ရခဲ့တဲ့ အပြင် အင်္ဂလန် လက်ရွေးစင် ရဲ့ ယူရို လူစာရင်းမှာလည်း ပါ၀င်ခွင့် ရရှိခဲ့ ပါတယ် ။ ညာနောက်ခံလူကောင်းတွေ ပေါတဲ့ အင်္ဂလန် အသင်းမှာ ရစ်ဆီဂျိမ်းစ် တစ်ယောက် ဘယ်လောက် ကစားခွင့် ရမလဲ ၊ ဘယ်လောက်ထိ ခြေစွမ်းပြနိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ ။

 ဗဟိုခံစစ် – အဲရစ်ဂါစီယာ ( စပိန် )

မန်စီးတီး လူငယ်လေး အတွက်တော့ ဒါဟာ သူ့ရဲ့ ပထမဆုံး အဓိက ပြိုင်ပွဲကြီး ဖြစ်စေခဲ့ ပါတယ် ။ ဆာဂျီယို ရာမိုစ့် ကို ရဲရဲဝံ့ဝံ့ ချန်လှပ် ထားခဲ့တဲ့ နည်းပြ လူး၀စ် အင်းနရစ် ရဲ့ လုပ်ရပ်ဟာ အဲရစ် ဂါစီယာ တို့လို လူငယ်တွေ အပေါ် ယုံကြည်မှု အပြည့် ရှိတာကြောင့်လား ဆိုတဲ့ မေးခွန်းကို ဂါစီယာတို့ ကိုယ်တိုင် ပွဲကစားဖို့ အခွင့်အရေး ရလာတဲ့ အချိန်မှာ အဖြေထုတ်ပေး ရတော့မှာပါ ။

 ဗဟိုခံစစ် – ဒီလစ် ( နယ်သာလန် )

ဒီလစ် ကတော့ ဒီစာရင်းထဲမှာ အတွေ့ အကြုံ အများဆုံး လူငယ် တစ်ယောက်လို့ ဆိုရမှာပါ ။ အသက် ၁၉ နှစ် အရွယ် ကတည်းက အိုင်ယက်စ် အသင်းခေါင်းဆောင် လက်ပတ်ကို ဆင်မြန်းခွင့် ရခဲ့ပြီး ချီယာလီနီ ရဲ့ ဆက်ခံသူ အဖြစ်နဲ့ ယူဗင်တပ် ကို ပြောင်းရွှေ့ လာခဲ့တဲ့ ဒီလစ် ဟာ ဗာဂျန် ဗန်ဒိုက် ဒဏ်ရာကြောင့် မပါ၀င် နိုင်တော့တဲ့ နယ်သာလန် ခံစစ်မှာ အခရာကျတဲ့ ကစားသမား အဖြစ် ရှိနေမှာ အသေအချာပါပဲ ။

နောက်တန်း ( ဘယ် ) – နူနို မန်ဒက်စ် ( ပေါ်တူဂီ )

စပို့တင်း မှာတော့ နူနိုမန်ဒက်စ် ဟာ ကွင်းလယ်တောင်ပံမှာ ကစားပါတယ် ၊ ဒါပေမယ့် ပေါ်တူဂီ ရဲ့ ယူရို ခြေစစ်ပွဲတွေမှာတော့ ဘယ်နောက်ခံလူ အဖြစ်နဲ့ ကစားပေးခဲ့ရပါတယ် ။ အသက် ၁၈ နှစ်သာ ရှိသေးပေမယ့် အနာဂါတ်ကောင်းတွေ ပိုင်ဆိုင်ထားသူ တစ်ယောက်လို့ သတ်မှတ်ခံထားရသူ ဖြစ်ပါတယ် ။

ကွင်းလယ် – ရိုင်ယန် ဂရာဗန်ဘရက်ခ်ျ ( နယ်သာလန် )

နယ်သာလန် ဟာ မျိုးဆက်သစ် ဘောလုံးသမားတွေကို စဉ်ဆက်မပြတ် မွေးထုတ်နေတဲ့ နိုင်ငံ တစ်ခု ဖြစ်တာနဲ့ အညီ ပြိုင်ပွဲကြီးတိုင်းမှာ လူငယ်ကြယ်ပွင့်တွေ ကို စင်တင်လေ့ ရှိပါတယ် ။ ဒီနှစ်ပြိုင်ပွဲ မှာတော့ ၁၉ နှစ်အရွယ် ကွင်းလယ် ခံစစ်သမားလေး ရိုင်ယန် ဂရာဗန် ဘရက်ခ်ျ ဟာ ဥရောပ ထိပ်သီး ကလပ်တွေရဲ့ စောင့်ကြည့်မှုကို ခံရနိုင်သူ ဖြစ်လာမယ်လို့ ထင်ကြေးပေးထားကြပါတယ် ။

ကွင်းလယ် – ပီဒရီ ( စပိန် )

ဘာစီလိုနာ ရဲ့ အားထားရတဲ့ ကစားသမား တစ်ဦး အဖြစ် အလျှင်အမြန် ရောက်လာသူကတော့ ပီဒရီ ပါပဲ ။ အသက် ၁၈ နှစ်ကျော်သာ ရှိသေးပေမယ့် လာမာစီယာ အကယ်ဒမီထွက် တစ်ဦး ဖြစ်တဲ့ ပီဒရီ ရဲ့ လက်ရှိ စျေးကွက် တန်ကြေးက ပေါင် သန်း ၆၀ ကျော်နေပါပြီ ။ ယူရိုမှာ ဘယ်လောက်ထိ အခွင့်အရေး ရမလဲ ဆိုတာကတော့ လူး၀စ် အင်းနရစ် အပေါ်မှာပဲ မူတည်မှာပါ ။

ကွင်းလယ် – ဂျုဒ် ဘယ်လင်ဟမ် ( အင်္ဂလန် )

ဒေါ့မွန် အသင်းကြီးထဲကို အသက် 17 တည်းနဲ့ ပါ၀င် ကစားနိုင်ဖို့ ဆိုတာ မလွယ်ပါဘူး ။ အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ ကွင်းလယ်မှာ လူနည်းနည်းသာ ခေါ်လာခဲ့တာကြောင့် ဘယ်လင်ဟမ် အတွက် ယူရိုမှာ အစွမ်းပြဖို့ အခွင့်အရေး ရလာနိုင်ပါတယ် ။ ဒါကို ဘယ်လင်ဟမ် တစ်ယောက် ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်မလား ?

 ရှေ့တန်း – ဒီဂျန် ကူလူဆက်ဗ်စကီး ( ဆွီဒင် )

ဇလာတန် အီဗရာဟီမိုဗစ်ခ်ျ မပါတဲ့ ဆွီဒင် အသင်းမှာ စောင့်ကြည့်ရမယ့် ကစားသမား တစ်ယောက် ရှိနေပါတယ် ။ အဲ့ဒါကတော့ ကူလူဆက်ဗ်စကီး ပါပဲ ။ စီးရီးအေ ရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကို လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ရခဲ့တဲ့ ကူလူဆက်ဗ်စကီး ဟာ ဒီရာသီမှာ ယူဗင်တပ် ရဲ့ စီနီယာအသင်းမှာ ပါ၀င်ခွင့် ရရှိ ခဲ့သူလည်း ဖြစ်ပါတယ် ။

 ရှေ့တန်း – ဖီးလ်ဖိုဒန် ( အင်္ဂလန် )

ဒီနှစ်ထဲမှာ ဖိုဒန် ရဲ့ တိုးတက် လာမှုက အံ့မခန်း ပါပဲ ။ ပရီးမီးယားလိဂ် ရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ဆု နဲ့ PFA Yong Player of the Year ဆုတွေကို ရရှိ ခဲ့တဲ့ ဖိုဒန် ဟာ ဆောက်ဂိတ် ရဲ့ အင်္ဂလန် အသင်းရှေ့တန်းမှာ ကိန်း ၊ ရက်ဖိုဒ့် ၊ ဆန်ချို တို့နဲ့ အပြိုင် နေရာပေးခံရဖို့ ရှိနေပြီး တောက်ပဖို့ အားမွေးနေပြီ ဖြစ်ပါတယ် ။

 ရှေ့တန်း – ကိုင်ဟာဗက် ( ဂျာမနီ )

၂၁ နှစ်သာ ရှိသေးပေမယ့် လက်ရွေးစင် အသင်းကြီး အတွက် ၁၃ ပွဲ ကစားပေး ထားပြီး သွင်းဂိုးတွေ ၊ ဖန်တီးမှုတွေလည်း ရယူထားနိုင်ခဲ့ ပါတယ် ။ချဲလ်ဆီး ကို ချန်ပီယံလိဂ် ဖလား ယူပေးခဲ့တဲ့ အနိုင်ဂိုးရှင် ဟာဗက် ဟာ ဂျိုအာချင်လို ရဲ့ ဂျာမနီ တိုက်စစ် အတွက် အားထားရသူ ဖြစ်လာမလား ဆိုတာ ကိုတော့ စောင့်ကြည့် ရမှာပါ ။

 

SPORTS MYANMAR