အာဆင်နယ် အသင်းထံ မပြောင်းဖို့ အေဂျက်စ် ဂိုးသမား အိုနားနား ကို တိုက်တွန်းလိုက်တဲ့ ရှနိုက်ဒါ

နယ်သာလန် အသင်း ရဲ့ ဂန္တဝင် ကစားသမား ဝက်စလေ ရှနိုက်ဒါ ဟာ အေဂျက်စ် ဂိုးသမား အိုနားနား ကို အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ကစားခြင်း မပြုဖို့ အကြံပေး တိုက်တွန်း သွားခဲ့ပါတယ် ။

 

 

ကင်မရွန်း ဂိုးသမား အိုနားနား ဟာ ဒီနွေရာသီမှာ အေဂျက်စ် အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်ပြီး အာဆင်နယ် အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ် နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။ အိုနားနား ဟာ အေဂျက်စ် အသင်း နဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး အာဆင်နယ် အနေနဲ့ ပေါင် ၅ သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ် ။

ဒါပေမယ့် အိုနားနား ဟာ တားမြစ်ဆေး သုံးစွဲမှုကြောင့် ၁၂ လ ပွဲပယ် ခံထားရသူ ဖြစ်ပြီး မနေ့ညက သူ့အယူခံ ကြားနားရာမှာ CAS က ၁၂ လ ကနေ ၉ လ ကို ကနဦး လျော့ပေါ့ ပေးခဲ့ပါတယ် ။ ဒါကြောင့် အိုနားနား ဟာ ဒီနှစ် နိုဝင်ဘာလမှာ ဘောလုံးပွဲတွေ ပြန်ကစားခွင့် ရဖွယ် ရှိပါတယ် ။

အေဂျက်စ် အကယ်ဒမီ ကနေ ထွက်ပေါ် ခဲ့သူ တစ်ဦး ဖြစ်တဲ့ ရှနိုက်ဒါ ကတော့ သူ့ရဲ့ ဂျူနီယာ အိုနားနား ကို အာဆင်နယ် အသင်းကို ပြောင်းဖို့ စိတ်မကူးသင့်ကြောင်း Veotbal International Live မှာ ပြောကြား သွားခဲ့ပါတယ် ။

” သူ အဲ့ဒီကနေ ထွက်ခွာဖို့ မျှော်လင့်ပါတယ် ၊သူ က ထိပ်တန်း ဂိုးသမား တစ်ဦးလို့ ထင်ပါတယ် ။ ဥရောပ ရဲ့ ထိပ်တန်း ဂိုးသမား တစ်ဦးလား လို့မေးလာရင်လည်း သေချာ​ပေါက်ပါပဲ လို့ ပြောရမှာပါပဲ ။ ”

” သူ့ကို အာဆင်နယ် အသင်းမှာလည်း မမြင်ချင်ပါဘူး ၊ အာဆင်နယ် က ထိပ်တန်း အသင်းကြီး တစ်သင်းပါ ၊ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာ သူတို့ အတော်လေး ခြေချော် နေခဲ့ပါတယ် ၊ သူ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာ မှာ ကစားတာမျိုးပဲ မြင်ချင်ပါတယ် ။ ”

ဆက်လက်ပြီး ရှနိုက်ဒါ က အိုနားနား ရဲ့ပြစ်ဒဏ်ကို သုံးလ သာ လျော့ပေါ့ ပေးခဲ့တဲ့ အပေါ် ပြစ်တင် ဝေဖန် သွားခဲ့ပါတယ် ။ ” အဓိပ္ပာယ် မရှိတာပါပဲ ၊ ပြစ်ဒဏ်ကိုသုံးလလျော့ပေါ့ပေးနိုင်ရင်ခြောက်လဘာလို့မလျော့ပေးနိုင်ရမှာလဲဗျာ ။ ”

” သူ့ကို ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ခွင့် ပေးလိုက်ပေါ့ဗျာ ၊ သူ ပြစ်ဒဏ် ကို ထိုက်သင့်သလောက် ကျခံပြီးပြီပဲလေ ၊ နှစ်တစ်ဝက်လောက် ဘောလုံးရာသီနဲ့ လွဲချော် ခဲ့ပြီးပါပြီ ၊ ပြစ်ဒဏ်လျော့ပေါ့တယ် ဆိုကတည်းက မူလ ချထားတဲ့ ပြစ်ဒဏ်က မှားနေတယ်ဆိုတာ ဝန်ခံလိုက်သလိုပဲလေ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM