အင်္ဂလန် အသင်းရဲ့ လူစာရင်းနဲ့ ပတ်သက်လို့ စိုးရိမ်မိတဲ့ အချက်တစ်ခုကို ပြောပြလိုက်တဲ့ ဂယ်ရီ နဗီးလ်

မန်ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ် က ဟယ်ရီ မက်ဂွားယား ကြံ့ခိုင်မှု မပြည့်ဝသေးခင် အင်္ဂလန် အသင်းမှာ ဂျွန်စတုန်းနဲ့ တွဲဖက် ကစားပေးဖို့ မက်ဂွားယားလို နောက်ထပ် ထိပ်တန်း ဗဟို ခံစစ် ကစားသမား မရှိတဲ့အပေါ် စိုးရိမ်မိကြောင်း ဖွင့်​ဟ သွားခဲ့လိုက် ပါတယ် ။

ဟယ်ရီ မက်ဂွားယားဆိုတာ ပြီးခဲ့တဲ့လတုန်းက အက်စတွန် ဗီလာ အသင်းကို ယူနိုက်တက်တို့ အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာ ခြေချင်းဝတ် ဒဏ်ရာ ရရှိခဲ့ပြီး အခုထိ ကြံ့ခိုင်မှု ပြန်မပြည့်ဝသေးတဲ့ အနေအထားကို ကြုံတွေ့နေရသူပဲ ဖြစ်ပါတယ် ။

မက်ဂွားယား ဟာ ကြံ့ခိုင်မှု ပြန်လည် မပြည့်ဝသေးတဲ့ အတွက် အင်္ဂလန်တို့ ခြေစမ်းပွဲ အဖြစ် သြစတြီးယား ၊ ရိုမေးနီးယား အသင်းတွေနဲ့ ကစားခဲ့တဲ့ ပွဲစဥ်ကို လွဲချော်ထားခဲ့ပါသေးတယ် ။ အခုတော့ သူဟာ အင်္ဂလန် အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည် လုပ်ဆောင်နေပြီ ဖြစ်ပေမယ့် ယူရို အဖွင့်ပွဲကို လွဲချော် နိုင်ဖွယ် ရှိနေတယ်လို့ သိနေရပါတယ် ။

 

အဆိုပါ ပွဲစဥ်မှာ အင်္ဂလန် အသင်းရဲ့ ဗဟို ခံစစ် နေရာ အတွက် ဘယ်သူက ဂျွန်စတုန်း နဲ့ တွဲဖက် ကစားမလဲဆိုတာ မသိရှိရသေးပါဘူး ။ အခုတော့ ဂယ်ရီး နဗီးလ် က အင်္ဂလန်ရဲ့ ခံစစ်ကြောင်းအတွက် စိုးရိမ်မိကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်တို့တွေဟာ ခံစစ်နေရာအတွက် ဘယ်သူတွေ ကစားကြမလဲ ဆိုတာနဲ့ ပတ်သက်လို့ တွေးတောကြရမယ်လို့ ထင်မိ ပါတယ် ။ ဒါက ဂါးရတ် ဆောက်ဂိတ်နဲ့ အသင်း အတွက် ခေါင်းခြောက်စေမယ့် အရာ တစ်ခု ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ် ”

 

” ပွဲစဥ်တွေမှာ ခံစစ် ကစားသမား 4 ဦးထားပြီး ကစားတာ၊ 5 ဦးထားပြီး ကစားရတာမျိုးကို သူတို့တွေ ဘယ်လို ဖြေရှင်းကြမလဲ ? ပြိုင်ဖက် အသင်းရဲ့ အင်အားကလည်း ခံစစ် ဘယ်လို ထားပြီး ကစားရမလဲ ဆိုတာနဲ့ ပတ်သက်လို့ တွေးတောစရာ တစ်ခုပါပဲ ”

” ဟယ်ရီ မက်ဂွားယားကို ဆုံးရှုံးခဲ့ရတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေကတည်းက ကျွန်တော်နဲ့ ဂျေမီ စကားနိုင်လုခဲ့ရပါသေးတယ် ။ ဟယ်ရီ မက်ဂွားယား ဆိုတာက ဒီအသင်းအတွက် အရမ်းကို အရေးပါလွန်းတဲ့သူ တဦးပဲလို့ ကျွန်တော်က သူ့ကို ပြောဖြစ်ခဲ့ ပါတယ် ”

” ဟုတ်ပါတယ် ၊ တကယ်တော့ ဒီအသင်းရဲ့ အကောင်းဆုံး ကစားသမားက ဟယ်ရီကိန်းပါ ။ ဒါပေမဲ့ သူဒဏ်ရာ ရသွားရင် အစားထိုး ဖြည့်ပေးမယ့်သူ အများကြီး ရှိနေပါသေးတယ် ။ အကယ်လို့ မက်ဂွားယား ဒဏ်ရာ ရသွားရင်တော့ သူ့ရဲ့ နေရာအတွက် သူ့လို ကစားသမား မရှိပါဘူး ”

” ဟယ်ရီ မက်ဂွားယားကို ဆုံးရှုံး သွားခဲ့တဲ့ အတွက် ဂါးရတ်ဟာ ဘန်ဝှိုက်ကို ခေါ်ယူခဲ့ ပါတယ် ။ အဲ့တာက သူဟာ ခံစစ် ကစားသမား သုံးဦးထားပြီး ကစားစေမယ် ဆိုတဲ့ သဘောမျိုး ပါပဲ ။ အဲ့တာက အသင်းရဲ့ ကစားကွက်ကို လုံးဝ ပြောင်းလဲ သွားစေပါ လိမ့်မယ် ”

” လက်ရှိ အနေအထား အရတော့ ပွဲကြီးပွဲကောင်းတွေမှာ ဂျွန်စတုန်း နဲ့ သဘာဝကျကျ တွဲဖက် ကစားပေး နိုင်မယ့် ဗဟို ခံစစ် ကစားသမား မရှိဘူးလို့ပဲ ကျွန်တော် ထင်နေမိပါတယ် ” လို့ ဂယ်ရီ နဗီးလ် က ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar