အင်္ဂလန်ရဲ့ ကျား ၃ ကောင် ကို ရွေးထုတ်ပေးပြီး ခရိုအေရှားနဲ့ပွဲအတွက် ပွဲထွက် လူစာရင်းကို ရွေးချယ်ပေးလိုက်တဲ့ မော်ရင်ဟို

 

တော့တင်ဟမ် နည်းပြဟောင်း ၊ လက်ရှိ ရိုးမား အသင်းနည်းပြ ဟိုဆေး မော်ရင်ဟို ဟာ ယူရို ၂၀၂၀ မှာ အင်္ဂလန် လက်ရွေးစင် အသင်း အောင်မြင်မှု ရဖို့ အဓိက ကျတဲ့ ကစားသမား ၃ ဦးကို ရွေးချယ် ပေးလိုက်ပါတယ် ။

အင်္ဂလန် အသင်းဟာ ယူရို ၂၀၂၀ မှာ စကော့တလန် ၊ ခရိုအေးရှား ၊ ချက် တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး အဖွင့်ပွဲစဉ် အဖြစ် ခရိုအေးရှား အသင်း နဲ့ ကစားသွားရမှာပါ ။ မော်ရင်ဟို ဟာ ခရိုအေးရှား နဲ့ ပွဲအတွက် သူ့စိတ်ကြိုက် အင်္ဂလန် အသင်းရဲ့ပွဲထွက် ၁၁ ယောက် ကိုလည်း ရွေးချယ် ပေးသွားခဲ့ပါတယ် ။

မော်ရင်ဟို က talkSport မှာ ” တိုက်စစ် အသာပေး ကစားဖို့ဆို ပွဲကို ထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ် ။ ဘောလုံး ကိုင်မကစားနိုင်ဘဲနဲ့ တိုက်စစ် ကစားဖို့ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲဗျာ ၊ ကွင်းလယ်ကို ထိန်းချုပ် ကစားနိုင်ဖို့ အရေးကြီးပါတယ် ။ ”

” ကွင်းလယ်မှာ သုံးယောက်ထား ကစားရင် အဲ့ဒီ ဧရိယာကို ထိန်းချုပ် ထားနိုင်မှာပါ ၊ ကျနော် ပြောတဲ့ ကွင်းလယ် သုံးယောက်ထဲမှာ ဖိုဒန် ကတော့ ပါကိုပါ ရမှာပါ ။ ဟန်ဒါဆန် ၊ ရိုက်စ် ၊ ကီဗင်ဖီးလစ် တို့ မပါဘူးလို့ မပြောဘူးနော် ၊ ဒါပေမယ့် ပွဲကို လွှမ်းမိုးနိုင်ဖို့ဆို ပြိုင်ဘက် ကို ထိန်းချုပ် ကစားနိုင်ရမှာပါ ။ ”

” အင်္ဂလန် က ကွင်းလယ်လူကောင်းတွေ ၊ တိုက်စစ် ကစားသမားကောင်းတွေ ရှိနေတော့ သူတို့မှာ အရာရာရှိနေတယ်လို့ပဲ ပြောရမှာပေါ့ဗျာ ။ ဂါရက်(ဆောက်ဂိတ်) က နောက်တန်း ၅ ယောက် ထားပြီး ကြိမ်ဖန်များစွာ ကစားခဲ့ပြီးပါပြီ ၊ သူ အခု ဒီအတိုင်းပဲ ဆက်ကစားမယ်ဆိုလည်း ကျနော့် အတွက် ပြဿနာ မရှိပါဘူး ။ ”

” ဂိုးသမား နေရာမှာတော့ ဒင်းဟန်ဒါဆန် ကို ထားကစား စေချင်ပါတယ် ၊ ဗဟို နောက်ခံလူ နေရာမှာ မက်ဂွိုင်းယား မပါရင်တော့ ဂျွန်စတုန်း နဲ့ တိုင်ရွန်မင်းစ် တို့ကို ကစားစေချင်ပါတယ် ၊ ကုတ်ဒီ က တတိယ နောက်ခံလူဆိုတာ အရှင်းကြီးပါပဲ ၊ ဘရိုက်တန် က ဘန်ဝှိုက် ဆိုတဲ့ လူငယ်လေးကလည်း အရမ်းကောင်းပါတယ် ၊ ဒါပေမယ့် သူအခုမှ ရောက်တာပါ ။ ”

” မင်းစ် က ဦးဆောင်နိုင်စွမ်း ရှိပြီး စိတ်အားထက်သန်တဲ့ ကစားသမားပါ ၊ စတုန်းကတော့ လျင်မြန်ပါတယ် ။​ ညာနောက်ခံ နေရာအတွက်တော့ ဒင်္ဂါးလှည့်ချင်လည်း လှည့်ပေါ့ဗျာ ၊ ဒါပေမယ့် ကျနော်ကတော့ ကိုင်လီ ဝေါလ်ကာ ကို ရွေးချယ်ချင်ပါတယ် ၊ ဘာကြောင့်လဲဆိုတော့ လျင်မြန်တဲ့ ကစားသမား လိုအပ်တာကြောင့်ပါ ။ ”

“ရစ်ဆီဂျိမ်းစ်လည်း မြန်ပါတယ် ၊ ဒါပေမယ့် အတွေ့အကြုံ ရှိ ကစားသမား အသက်ပိုကြီးတဲ့ ကစားသမား ဝေါလ်ကာ က ပိုပြီး ပြိုင်ဘက် ဂိုးဧရိယာထဲ ထိုးဖောက် ဝင်ရောက် နိုင်ပါတယ် ။ ဘယ်နောက်ခံလူ နေရာ အတွက်တော့ ချီဲဝဲလ်ပေါ့ဗျာ ၊ နှစ်ခါ စဉ်းစားစရာ မလိုပါဘူး ။ ”

” ချီဝဲလ် က နောက်တန်း ငါးယောက်မှာ ကစားမှန်း သိပါတယ် ၊ ဒါပေမယ့် သူက နေရာလွှတ်တွေ ကျဉ်းမြောင်းအောင် လုပ်နိုင်ပြီး တိုက်စစ်လည်း ဆင်နိုင် တည်ကန်ဘောတွေလည်း ရပါတယ် ။ လုခ်ရှောက ကောင်းမွန်တဲ့ ဘောလုံးရာသီ တစ်ခု ပိုင်ဆိုင် ခဲ့ပါတယ် ၊ ဒါပေမယ့် ချီဝဲလ် က ဘောလုံး ကိုင်ကစားတာမှာ ပိုထူးခြား ကောင်းမွန်ပါတယ် ၊ ဖိအားတွေအောက်မှာလည်းတည်တည်ငြိမ်ငြိမ် ကစားနိုင်ပါတယ် ။ ကျနော် ချီဝဲလ် ကို သဘောကျပါတယ် ။ ”

” ကွင်းလယ်မှာ ကျနော် သဘောကျတဲ့ ကစားသမား တစ်ဦး ရှိပါတယ် ၊ ဒါပေမယ့် သူ့ကို ပထမဦးဆုံးပွဲမှာ ထည့်မကစားသေးသင့်ပါဘူး ၊ သူကတော့ ဘီလင်ဂမ် ပါ ၊ သူ့မှာ တကယ့် အလားအလာကောင်းတွေ ရှိပါတယ် ။ ”

” ရိုက်စ် နဲ့ တွဲဖက် ကစားဖို့ဆို ဘီလင်ဂမ် က ပြီးပြည့်စုံဆုံးပါပဲ ၊ ဒါပေမယ့် ကယ်ဗင်ဖီးလစ် နဲ့လည်း ဖြစ်ပါတယ် ။ ကျနော့်မှာ သံသယ အချို့ ရှိနေတော့ ဘီလင်ဂမ် က ရိုက်စ် နဲ့ အလိုက်ဖက်ဆုံး ဒုတိယ ကွင်းလယ်လူ လို့ပဲ ထင်ပါတယ် ။ ”

” ဟယ်ရီကိန်း ကော ဂရီးလစ်ရှ် ကောက လုံးဝ ပစ်ပယ်လို့ မရတဲ့ ကစားသမားတွေပါ ၊ ဂရီးလစ်ရှ် ရဲ့ အကောင်းဆုံး နေရာက တိုက်စစ် ဘယ်ခြမ်းမှာပါ ၊ ရက်ရှ်ဖိုဒ့် ကလည်း အဲ့နေရာမှာပဲ ကစားနိုင်ပါတယ် ၊ ရက်ရှ်ဖိုဒ့် ကို ညာခြမ်း ထွက်ကစားခိုင်းတာနဲ့ ခြေစွမ်းပျောက်တော့တာပါပဲ ။ ”

 

” ဟယ်ရီ က နောက်ဆင်းပီး ရက်ရှ်ဖိုဒ့် တိုက်စစ်မှာ နေရာလွတ်ရအောင် လုပ်ပေးတာ တွေ့ပါတယ် ။ ဒါပေမယ့် ဂရီးလစ်ရှ် က ကျနော့် အတွက် ထူးခြားကောင်းမွန်ပါတယ် ၊ သူ့ရဲ့ ဖန်တီးနိုင်စွမ်း အရည်အသွေးက သိပ်ကောင်းပါတယ် ။ သူ့ကို ကြည့်ရတာ ဖီဂို ကိုတောင် ပြန်အမှတ်ရမိပါသေးတယ် ၊ ကျနော် တစ်ယောက် နဲ့ တစ်ယောက် နှိုင်းယှဉ်ရတာမျိုး မကြိုက်ပါဘူး ၊ ဒါပေမယ့် သူက ဖီဂို နဲ့ အနည်းငယ် ဆင်ပါတယ် ။ ”

” ကျနော့် နည်းပြ ဘဝမှာ ဖီဂို နဲ့ လက်တွဲခွင့် ရခဲ့ပါတယ် ၊ သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံးရာသီ အင်တာမှာ သူနဲ့ ဆုံခဲ့ရပါတယ် ၊ သူ့ရဲ့ နောက်ဆုံး ရာသီမှာတောင် သူ့ကိုသာ ဘောလုံးပေးလိုက် ၊ ပြဿနာ အားလုံးကို ဖြေရှင်းပေးမယ်လို့ ပြောခဲ့သူပါ ။ ”

” ကျနော် သူ့ကို တကယ် သဘောကျပါတယ် ၊ ဂရီးလစ်ရှ် ကို ဘယ်ခြမ်းမှာထား ၊ မေဆင်မောင့်ကို နံပါတ် ၁၀ နေရာမှာထားကစားသင့်ပါတယ် ၊ ကျနော်က inverted winger တွေကို သဘောကျတာကြောင့်လည်း ပါပါတယ် ၊ ဖိုဒန်ကိုတော့ ညာခြမ်းမှာပေါ့ဗျာ ။ဖိုဒန် ၊ ဂရီးလစ်ရှ် ၊ မေဆင်မောင့် တို့ကို ပွဲထွက်စေချင်တာကြောင့် ကွင်းလယ်မှာ ရိုက်စ် နဲ့ ကယ်ဗင်ဖီးလစ် ကို ထားတာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM