ပေါ့ဂ်ဘာ အပေါ် မကျေမနပ် ဖြစ်နေတဲ့ ရွိုင်ကိန်း ၊ ပေါ့ဂ်ဘာက ပြင်သစ်မှာ ပိုကောင်းတယ်လို့ ပြောလိုက်တဲ့ ဟွမ် ဘားနက်စ်

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အားထား ရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်မှ အိုးလ် ထရပ်ဖို့ဒ်ဆီ ပြန်ရောက်လာ ကတည်းက ပရိသတ်တွေ မျှော့်လင့် နေခဲ့ကြတဲ့ ပုံမှန် ခြေစွမ်းကောင်း တစ်ခုကို အမြဲလို ပြသပေးနိုင်ဖို့ ရုန်းကန် နေခဲ့ရတာ အားလုံး အသိပဲ ဖြစ်ပါတယ် ။

သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ပြန်လည် သုံးသပ်ကြည့်ရှုလိုက်မယ်ဆိုရင်တော့ ယူနိုက်တက်တို့ ပွဲ ၅၀ ကစားမယ် ဆိုရင် သူဟာ ၁၅ ပွဲလောက် ကောင်းပြ ၊ ၁၅ ပွဲလောက် သာမန် ခြေစွမ်းပြ ၊ ၁၀ ပွဲလောက် ညံ့ပြပြီး ကျန်တဲ့ ၁၀ ပွဲ လောက်မှာ အသင်းအတွက် ပွဲထွက်ခွင့် မရတာ ၊ ဒဏ်ရာ ရတာမျိုး ကြုံခဲ့ရတာချည်း ပါပဲ ။

ဒါ့ကြောင့် ကမ္ဘာ့ အဆင့် ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ ပေါ့ဂ်ဘာရဲ့ စွမ်းဆောင်ရည်တွေကို ခြုံကြည့်လိုက်မယ်ဆိုရင် အားရစရာ ရှိမနေတာ အသေအချာ ပါပဲ ။ ဒီအတွက်လည်း သူဟာ ဝေဖန်မှုတွေကို မကြာခန ခံနေခဲ့ရတာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ရွိုက်ကိန်းက သူဟာ ပေါ့ဂ်ဘာကို ကစားသမား တစ်ဦး အဖြစ်နဲ့ နှစ်ခြိုက် သဘော ကျမိပေမယ့် သူဟာ အကောင်းဆုံး ခြေစွမ်း မပြနိုင်သလို အသင်းဖော်တွေကိုလည်း ပိုကောင်းအောင် မလုပ်ဆောင် နိုင်ခဲ့တဲ့ အတွက် စိတ်မကျေမနပ် ဖြစ်ရကြောင်း ဖွင့်ပြော သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော် ပေါလ် (ပေါ့ဂ်ဘာ) ကို ကစားသမား တစ်ဦး အဖြစ်နဲ့ နှစ်ခြိုက်မိပါတယ် ။ ကျွန်တော် ကြားသလောက်တော့ သူဟာ တကယ့် လူကောင်းလေး တစ်ယောက်ပါပဲ ။ သူ့ရဲ့ ဘဝကို ဦးဆောင်နေတဲ့ ပုံစံကတော့ အနည်းငယ် ခြားနားလှပါတယ် ။ ဘယ်လိုပဲ ဖြစ်နေပါစေဦး ၊ သူဟာ ပါရမီထူးတဲ့ ကစားသမား တစ်ယောက် ပါပဲ ”

” ဒါပေမဲ့ ထပ်ပြောရမယ်ဆိုရင် သူနဲ့ ပတ်သက်လို့ စိတ် မကျေမနပ် ဖြစ်မိတာမျိုး ရှိနေပါသေးတယ် ။ သူဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပိုကောင်းအောင် လုပ်နိုင်ခဲ့တယ် ၊ သူ့ရဲ့ အသင်းဖော်တွေကို ပိုကောင်းအောင် လုပ်ပေးနိုင်ခဲ့တယ်လို့ ကျွန်တော်တော့ မထင်မိ ပါဘူး ” လို့ ရွိုင်ကိန်း က ပြောခဲ့လိုက် ပါတယ် ။

လီဗာပူး အသင်းရဲ့ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဟွမ် ဘားနက်စ် ကတော့ မန်ချက်စတာ ယူနိုက်တက် မှာ ပုံစံကောင်းတွေကို မကြာခန မပြနိုင်ခဲ့တဲ့ ပေါ့ဂ်ဘာ ဟာ ပြင်သစ် လက်ရွေးစင် အသင်းကြီး မှာတော့ အမြဲတမ်း ပိုကောင်းပြနိုင်ခဲ့တယ်လို့ ဝေဖန် သုံးသပ်ခဲ့လိုက် ပါတယ် ။

” ပေါလ် ပေါ့ဂ်ဘာဟာ မန်ချက်စတာ ယူနိုက်တက်မှာထက် ပြင်သစ် လက်ရွေးစင် အသင်းမှာ အမြဲတမ်း ပိုကောင်းအောင် ကစားပြထား နိုင်ခဲ့ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရွေးစင် အသင်း အတွက် ကစားပေးတဲ့ အခါတိုင်းမှာ သူ့ရဲ့ စရိုက် လက္ခဏာတွေက လုံးဝ ကွဲပြား ခြားနား သွားလေ့ ရှိလို့ ပါပဲ ”

” ပြင်သစ် လက်ရွေးစင် အသင်းမှာတော့ သူဟာ ပိုပြီး လေးစားသမှုတွေရတဲ့ ကစားသမားတစ်ဦး ဖြစ်သွားတာချည်း ပါပဲ ။ သူ့ရဲ့ အသင်းဖော်တွေကလည်း သူ့ကို စူပါ စတား ပလေယာ တစ်ဦးလိုမျိုး မဆက်ဆံကြပဲ ၊ အသင်း အတွက် အလိုအပ်ဆုံး ကစားသမား တစ်ဦးလို လေးစားသမှုပေး ဆက်ဆံတတ်ကြ ပါတယ် ”

” မန်ချက်စတာ ယူနိုက်တက် အသင်းမှာတော့ တခါတလေကျရင် သူဟာ အရမ်းကို ခြေစွမ်းပြ ကစားချင်မိတဲ့ အခါမျိုး ရှိနေတတ် ပါတယ် ။ ဒါပေမယ့် ပြင်သစ်မြေမှာတော့ သူဟာ အဲ့လို ထူးကဲပြနေဖို့ တစ်ခါမှ မလိုအပ်ခဲ့ဖူးပါဘူး ။ ဒီလို ဖြစ်လာခဲ့တာ နှစ်အနည်းငယ် ကြာခဲ့ပါပြီ ”

” 2018 တုန်းက ပြင်သစ်တို့ ကမ္ဘာ့ ချန်ပီယံ ဖြစ်ခဲ့စဥ်တုန်းကလည်း သူဟာ ပိုကောင်းတဲ့ပုံစံ ၊ ယုံကြည်စိတ်ချဖွယ် ကောင်းတဲ့ ခြေစွမ်းတွေ အပြင် ဆာလောင်မှုတွေနဲ့ အတူ အရမ်းပဲ ပရော်ဖက်ရှင်နယ်ကျတဲ့ ကစားသမား တစ်ဦး ဖြစ်ကြောင်း ပြသထားနိုင်ခဲ့ ပါတယ် ”

” ယူနိုက်တက်မှာ ဆိုရင်တော့… သူ့ရဲ့ စျေးနှုန်းကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ၊ သူဟာ ပြောင်းရွှေ့ကြေး ပေါင် သန်း 90 လောက်နဲ့ ယူနိုက်တက်ဆီကို လာခဲ့ရတယ်လေ ။ ဒါ့ကြောင့် သူဟာ ပိုပြီး အားစိုက် ကစားရတာမျိုး ကြုံတွေ့ခဲ့ရ ပါတယ် ” လို့ ဟွမ် ဘားနက်စ် က သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar