ချဲလ်ဆီး ဂန္တဝင် တဦးဆီက အပတ်တိုင်းလိုလို အကြံဉာဏ် တောင်းခံဖြစ်ကြောင်း ဖွင့်ဟလာတဲ့ ရိစ်ဂျိမ်းစ်

ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီ ချဲလ်ဆီး အသင်းမှာ အထူး တောက်ပလာတဲ့ လူငယ် ကြယ်ပွင့် အနည်းငယ် ရှိပြီး ၊ ဒီအထဲမှာ နည်းပြဟောင်း ဖရန့် လမ်းပတ် လက်ထက်မှာရော ၊ နည်းပြသစ် သောမတ်စ် တူချယ် လက်ထက်မှာပါ ပွဲထွက်ခွင့်တွေ တောက်လျှောက် ရခဲ့တဲ့ အင်္ဂလန် ကြယ်ပွင့် ညာနောက်ခံလူ ရိစ်ဂျိမ်းစ်လည်း အပါအဝင် ဖြစ်ပါတယ် ။

ရိစ်ဂျိမ်းစ် ဟာ ဖရန့် လမ်းပတ် ချဲလ်ဆီး အသင်းကို ပထမဆုံး စတင် ကိုင်တွယ်ခဲ့တဲ့ ဘောလုံး ရာသီရဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် လိုင်လီ အသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရတဲ့ အဝေးကွင်းပွဲမှာ ချဲလ်ဆီး စီနီယာ အသင်း အတွက် ပထမဆုံး ပွဲထွက်ခွင့်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ် ။

အဲဒီ နောက်ပိုင်းမှာ ၎င်းရဲ့ တဟုန်ထိုး တိုးတက်လာတဲ့ စွမ်းဆောင်ရည်ကြောင့် ကလပ် အသင်းခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွီတာကိုပါ အမြဲတမ်း နေရာမရစေတော့တဲ့ အထိ ဖြစ်လာခဲ့ပါတယ် ။ တူချယ် လက်ထက်မှာတော့ ရိစ်ဂျိမ်းစ် ဟာ ညာ wing-back နေရာမှာ အဓိက အားထားရတဲ့ နောက်ခံလူ တယောက် ဖြစ်လာပါတယ် ။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပါအဝင် ရိစ်ဂျိမ်းစ် ဟာ တရာသီလုံးနီးပါး ချဲလ်ဆီး အတွက် ကစားခွင့် ရတဲ့ ပွဲတိုင်းလိုလို တည်ငြိမ်ပြီး အားရစရာကောင်းတဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပါတယ် ။ ဒီအတွက်ကြောင့်လည်း အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ် ဟာ ၎င်းကို မရွေးလို့ မရခဲ့ပါဘူး ။

ယနေ့ညမှာ စတင်တော့မယ့် ယူရို ပြိုင်ပွဲဟာ ရိစ်ဂျိမ်းစ် အတွက် လက်ရွေးစင် ကစားသမား ဘဝ ပထမဆုံး မေဂျာ ပြိုင်ပွဲကြီး ဖြစ်ပြီး ၊ ဒီ အဆင့်မှာ ၎င်းအနေနဲ့ ဘယ်လောက် အထိ စွမ်းဆောင် ပြသခွင့် ရဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

မနေ့က သတင်းစာ ရှင်းလင်းပွဲမှာတော့ ရိစ်ဂျိမ်းစ် ဟာ ချဲလ်ဆီး ဂန္တဝင် ၂ဦး ဖြစ်တဲ့ ဖရန့် လမ်းပတ် နဲ့ အက်ရှ်လေကိုးလ် တို့ဟာ ၎င်း ငယ်စဉ်ကတည်းက အထူး နှစ်သက် သဘောကျခဲ့ရတဲ့ idol ၂ဦး ဖြစ်ကြောင်း နဲ့ အက်ရှ်လေကိုးလ် ဆိုရင် ၎င်းဟာ အပတ်တိုင်းလိုလို စကားပြောဖြစ်တဲ့ အကြောင်းကို အခုလိုပဲ ထုတ်ဖော် ဝန်ခံခဲ့ပါတယ် ။

 

ရိစ်ဂျိမ်းစ် က ” ငယ်ငယ်တုန်းက ကျွန်တော် ဟာ ညာနောက်ခံလူ အနေနဲ့ အချိန်တိုင်း မကစားခဲ့ပါဘူး ။ အထောင် တိုက်စစ်မှူး တဦး ဖြစ်ခဲ့ဖူးပါတယ် ။ ဒါပေမယ့် ကျွန်တော် ဟာ ကိုယ်အားပေးတဲ့ ချဲလ်ဆီး အသင်းကြောင့် ဖရန့် လမ်းပတ် ၊ အက်ရှ်လေကိုးလ် တို့ကို အမြဲတမ်း အားကျခဲ့ရပါတယ် ။ ”

” နောက်ပြီး ကျွန်တော် ဟာ ကိုယ်အားပေးတဲ့ အသင်းမှာ ကစားတဲ့ ကစားသမားတိုင်းကိုလည်း အားပေးဖြစ်ပါတယ် ။ အက်ရှ်လေ နဲ့ဆို ကျွန်တော် ဟာ အပတ်တိုင်းလိုလို စကားပြောဖြစ်ပါတယ် ။ သူဟာ ဘယ်နောက်ခံလူ နေရာမှာ အကောင်းဆုံး ကစားသမား စာရင်းဝင် ဖြစ်ခဲ့ပါတယ် ။ ”

” သူနဲ့ ကျွန်တော် အကြား ကစားတဲ့ဖက်ချင်း မတူပေမယ့် ၊ သဘောတရား ကတော့ အတူတူပါပဲ ။ နေရာလေးပဲ လွဲသွားတာပါ ။ ဒီတော့ သူဟာ ကျွန်တော့ရဲ့ ခြေစွမ်း တိုးတက်မှု ဖြစ်စဉ် အပေါ် အတော်လေး အကူအညီ ပေးခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ရိစ်ဂျိမ်းစ် က ချန်ပီယံလိဂ် ဖလားကို အခုလို အသက် ငယ်ငယ်လေးနဲ့ ဆွတ်ခူးနိုင်မယ်လို့ မထင်ခဲ့မိကြောင်းကို ” ကြီးကျယ်တဲ့ ကစားသမား တချို့ကြောင့် ချန်ပီယံလိဂ် ဖလားမြှောက်ဖို့ အခွင့်အရေးမျိုး မရခဲ့ကြပါဘူး ။ ”

” အခုလို အသက်ငယ်ငယ်လေးနဲ့ ချန်ပီယံလိဂ် ဖလားကို ကိုင်မြှောက်ခွင့်ရလိုက်တာ ဟာ ကျွန်တော့ကို မိုးပေါ်မြောက်သွားစေတဲ့ အထိ ဝမ်းသာလုံးဆို့ရပါတယ် ။ ချန်ပီယံလိဂ် ဖိုင်နယ် မှာ ကိုယ့်ထက် အရည်အသွေး မြင့်မားတဲ့ ပြိုင်ဖက်ကို အနိုင်ရ ဗိုလ်စွဲခဲ့ခြင်း ဟာ ဘယ်ကစားသမားမျိုးရဲ့ ယုံကြည်မှုကိုမဆို မြှင့်တင်ပေးနိုင်တာ အမှန်ပါပဲ ။ ”

” ဒါပေမယ့် လက်ရွေးစင် အသင်းမှာတော့ ခင်ဗျား အနေနဲ့ ကလပ် အဆင့်က ပြိုင်ဆိုင်မှုတွေ မေ့ထားဖို့ လိုပါတယ် ။ ကျွန်တော် တို့ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မန်စီးတီး အသင်းကို ပြိုင်ဖက် အနေနဲ့ ရင်ဆိုင်ခဲ့ရတယ် ဆိုပေမယ့် ၊ ဒီမှာတော့ ကျွန်တော် တို့ဟာ အကုန် တသားတည်း ရှိနေကြပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR