ဂိုးတွေသွင်းဆဲ ရိုနယ်ဒို ၊ ထုတ်ခံရဖို့ နာမည်ကြီးလာတဲ့ ဦးမော် ၊ အဆင့် ၃ ရောက်လာတဲ့ ဆီဗီးလား နဲ့ . . . နောက်ဆုံး ၂၄ နာရီ အတွင်း ကြားသိရသမျှ သတင်းတိုများ

ယူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ မနေ့ ညက ကစား ခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ခေါင်းတိုက်ဂိုး ၂ ဂိုး သွင်းယူပြီး စီးရီးအေ ဂိုးသွင်းရှင် ဇယား မှာ ၁၈ ဂိုး နဲ့ ထိပ်ဆုံး နေရာကို ပြန်လည် ရယူ နိုင်ခဲ့ ပါတယ် ။ ယူဗင်တပ် ဟာလည်း ကစားဖို့ တစ်ပွဲ ကျန် အနေအထားမှာ အဆင့် ၂ က အေစီ မီလန် နဲ့ ၄ မှတ် အကွာ ကို ရောက်လာခဲ့ ပါတယ် ။

အေစီ မီလန် ကတော့ တနင်္ဂနွေနေ့ ညက အင်တာ မီလန် ကို ရှုံးနိမ့်ပြီး အဆင့် ၁ က အင်တာ နဲ့ ၄ မှတ်ထိ ကွာသွားခဲ့ ပါတယ် ။ အင်တာ မီလန် အတွက် ၂ ဂိုး သွင်းပေး ခဲ့တဲ့ လူကာကူ ဟာ မီလန် ဒါဘီ ၅ ပွဲဆက် ဂိုးသွင်း နိုင်တဲ့ ပထမဆုံးသူ ဖြစ်လာခဲ့ ပါတယ် ။

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္ထ၀င် ကစား သမားဟောင်း ရီယိုဖာဒီနန် က ၀က်ဟမ်း အသင်း မှာ ပုံစံကောင်းပြပြီး ဂိုးတွေ သွင်းနေတဲ့ ဂျက်ဆီ လင်ဂတ် အနေနဲ့ ယူနိုက်တက် နဲ့ ရှေ့ဆက်ဖို့ ကို မစဉ်းစား သင့်တော့ကြောင်း အကြံပြု ပြောဆို သွားခဲ့ ပါတယ် ။

လင်ဂတ် ဟာ ၀က်ဟမ်း ကို ရာသီကုန် အထိ အငှား နဲ့ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး ၄ ပွဲ ကစားပေး ရာမှာ ၃ ဂိုးသွင်းကာ ၁ ဂိုး ဖန်တီးပေး ထားနိုင်ခဲ့ ပါတယ် ။ ၀က်ဟမ် ဟာ လင်ဂတ် ရဲ့ ဂိုး နဲ့ တနင်္ဂနွေနေ့ ညက အနိုင် ရခဲ့ပြီး အဆင့် ၄ နေရာကို တက်လှမ်း နိုင်ခဲ့ ပါတယ် ။

ယမန်နေ့ညက စားသွားခဲ့တဲ့ လာလီဂါ ပွဲစဉ် မှာ ဆီဗီးလား ဟာ အဝေးကွင်း မှာ ၂ – ၀ နဲ့ အနိုင် ရခဲ့ပြီး တနင်္ဂနွေနေ့ ညက ၁ ဂိုးစီ သရေ ကျခဲ့တဲ့ ဘာစီလိုနာ အသင်းရဲ့ အထက် ကို ရောက်ရှိ လာခဲ့ ပါတယ် ။ ဘာစီလိုနာ ဟာ ကာဒစ် ကို အိမ်ကွင်းမှာ မြောက်မြားတဲ့ ဂိုးကန်သွင်းချက် ၊ ကြီးမားတဲ့ ဘောလုံး ပိုင်ဆိုင်မှု တို့နဲ့ ဖိကစား နိုင်ခဲ့ ပေမယ့် နောက်ဆုံး မိနစ် မှာ ပြန်ပေး ခဲ့ရတဲ့ ပင်နယ်တီ ကြောင့် ၁ ဂိုးစီ သရေ ရလဒ် နဲ့ အဆုံးသတ် ခဲ့ရတာ ဖြစ်ပါတယ် ။

PSG အသင်း ကလည်း တနင်္ဂနွေနေ့ ညက မိုနာကို အသင်းကို ၂ – ၀ နဲ့ ရှုံးနိမ့် ခဲ့တာကြောင့် အဆင့် ၁ နေရာက လိုင်လီ ကို အမီ လိုက်ရေးမှာ နှောင့်နှေး သွားခဲ့ရ ပါတယ် ။

အဲဗာတန် ကို ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ် မှာ ဒဏ်ရာ ရရှိ ခဲ့တဲ့ လီဗာပူး အသင်း ခေါင်းဆောင် ဟန်ဒါဆင် ဟာ ရက်သတ္တပတ် အနည်းငယ် အနားယူ ရမယ်လို့ လည်း သတင်း ကြားသိရ ပါတယ် ။ လီဗာပူး တိုက်စစ်မှူး ဒီယေဂို ဂျိုတာ ကတော့ လေ့ကျင့်ခန်း ပြန်ဆင်း နေပြီလို့ သတင်းကောင်း ကြားသိရ ပါတယ် ။

လီဗာပူးဟာ ဆောက်သမ်တန် ကို အငှားချ ထားတဲ့ မီနာမီနို ကို လာမယ့် နွေရာသီ မှာ ဆီဗီးလား တောင်ပံ ကစား သမား အိုကမ်ပိုစ့် ကို ခေါ်ယူရေး မှာ အသုံးချ သွားဖို့ စီစဉ် နေတယ် လို့ သတင်း ကြားသိရပါတယ် ။

ဗီလာ အသင်း ဟာ လည်း အသင်း ခေါင်းဆောင် ဂရီလစ်ရှ် ကို ဒဏ်ရာကြောင့် ၆ ပတ် ကနေ ၈ ပတ် အထိ ဆုံးရှုံး ရနိုင်တယ် လို့ သတင်း ရရှိ ပါတယ် ။

ရှုံးပွဲတွေ ဆက်တိုက် ကြုံတွေ့ရ အပြီး မှာတော့ စပါး နည်းပြ မော်ရင်ဟို ဟာ အထုတ်ပယ် ခံရမယ့် နည်းပြ စာရင်း မှာ ထိပ်ဆုံးကို ရောက်ရှိ လာခဲ့တယ် လို့ သတင်းကြားသိရ ပါတယ် ။ စပါးဟာ မော်ရင်ဟို ကို ထုတ်ပယ် ဖြစ်ခဲ့ ပါက လိုက်ပ်ဇစ် နည်းပြ နာဂယ်စမန်း ကို အစားထိုး ခန့်အပ်ဖို့ စိတ်ကူး နေတယ် လို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ဗြိတိန် ၀န်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ကတော့ လာမယ့် မေလ ဒုတိယပတ် အကုန် လောက်မှာ ပရိသတ်တွေ ကို ကွင်းထဲ ပြန်လည် ၀င်ရောက် နိုင်စေဖို့ ခွင့်ပြု တော့မယ်လို့ အတည်ပြု ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR