77 မီးနစ်သာ ပါဝင် ကစားရသေးပေမယ့် ၊ ရီးရဲ ကစားသမားဘ၀ သွင်းဂိုးထက် ကျော်လွန်သွားတဲ့ လူကာ ယိုဗစ်

ဆားဘီးယား ကြယ်ပွင့် တိုက်စစ်မှုးလေး လူကာ ယိုဗစ်ဟာ 2019 ခုနှစ် က မှ ရီးရဲ မက်ဒရစ် အသင်းဆီ ကို ပြောင်းရွှေ့ကြေး ယူရို သန်း 60 နဲ့ ရောက် ရှိလာခဲ့သူ ဖြစ်ပါတယ်။

ရိုနာဒို ခေတ်အလွန် အသင်းကို သွေးသစ်လောင်းဖို့ ကြိုးစားလာခဲ့တဲ့ ဥက္ကဌ ပီရက်ဟာ ကမ္ဘာတစ်ဝန်း က လူငယ် ခြေတက် ကစားသမားလေးတွေများစွာ ကို အားဖြည့်ရင်း ၊ သမိုင်းဝင် အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ နည်းပြ ဇီဒန်း ကို အပြောင်းအလဲ ကာလမှာ ဦးဆောင်ဖို့ တာဝန်တွေ နှင်းအပ်ခဲ့ ပါတယ်။

ယိုဗစ် ဟာ ဘန်ဇီးမား ရဲ့ တိုက်စစ် တာဝန်တွေကို ခွဲဝေကာ ရယူရင်း ၊ ထိပ်တန်း တိုက်စစ်မှုးတစ်ယောက် ဖြစ်ကြောင်း သက်သေပြသွားဖွယ် ရှိနေတယ်လို့ ပရိသတ်တွေက မျှော်လင့်ခဲ့ကြပါတယ်။ သို့သော် တကယ့် လက်တွေ့ နဲ့ မျှော်လင့်ချက်တွေဟာ မြက်ခင်းစိမ်းပေါ်မှာတော့ အလွန်တစ်ရာမှ အလှမ်းတွေ ဝေးကွာလွန်းခဲ့ ပါတယ်။

ဆားဘီးယား သားလေးဟာ ဇီဒန်း ရဲ့ ဗျူဟာတွေ နဲ့ အံဝင် ခွင့်ကျဖြစ်အောင် ကစားပေးနိုင်ခြင်း မရှိတဲ့ အပြင် ၊ ဘန်ဇီးမား ရဲ့ အရံ တိုက်စစ်မှုး အဖြစ် ရပ်တည်နိုင်တဲ့ ခြေစွမ်းမျိုးတွေ ပြသနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့် ဒီနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာတော့ အသင်းဟောင်း ဖရန့်ဖတ်ထံ ရာသီဝက် အငှားနဲ့ ပြန်လည် စေလွှတ်လိုက်ပါတယ်။

ဂျာမဏီ ကို ပြန်လည်ရောက်ရှိလာလို့ ပထမဆုံး ကစားတဲ့ ပွဲစဉ်မှာပဲ ၊ လူကာ ယိုဗစ် ဟာ သွင်းဂိုးတွေ နဲ့ ပေါက်ကွဲ ပြခဲ့ပြီး ၊ သူ့အပေါ် သံသယ နဲ့ စောင့်ကြည့်ခဲ့ကြသူတွေ အားလုံးကို ပါးစပ် အဟောင်းသား ဖြစ်စေခဲ့ပါတယ်။

သူဟာ ရှော်ကေး ကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့တဲ့ ပွဲစဉ်မှာ အသင်းဟောင်း အတွက် ပထမဆုံး အကြိမ် ပါလည် ပါဝင် ကစားခဲ့ပါတယ်။ ပွဲချိန် 62 မီးနစ် 1-1 ဖြစ်နေတဲ့ အနေအထားမှာ လူစားလဲ ဝင်ရောက် ကစားခဲ့တာ ဖြစ်ကာ ၊ အနိုင်ဂိုး နှစ်ဂိုး စလုံးကို တစ်ဦးတည်း သွင်းယူ ပြသွားခဲ့ပါတယ်။

အဲဒီ ပွဲစဉ်ပြီး ကတည်းက စိတ်ဓါတ်ပိုင်း ဆိုင်ရာ ယုံကြည်မှုတွေ ပြန်လည် ရရှိလာခဲ့တဲ့ သူဟာ မနေ့ညက ကစားခဲ့တဲ့ အာမီးနီးယား နဲ့ ပွဲစဉ်မှာ နောက်ထပ် အသင်းအတွက် အနိုင်ဂိုး တစ်ဂိုး သွင်းယူ ပေးလိုက်ပြန်ပါပြီ။

အခုဆိုရင် ယိုဗစ်ဟာ ဖရန့်ဖတ် အတွက် လူစားလဲ ဝင်ရောက် ကစားပေးတာ 3 ပွဲ ရှိသွားပြီ ဖြစ်ပြီး ၊ စုစုပေါင်း ကစားခွင့် က 77 မီးနစ်သာ ရှိသေးပေမယ့် ၊ သွင်းဂိုး က 3 ဂိုး အထိ ရယူပေးခဲ့ပြီ ဖြစ်ပါတယ်။

ဒါဟာ သူ့ရဲ့ ရီးရဲ မက်ဒရစ် ကစားသမားဘ၀ တစ်လျှောက် စုစုပေါင်း သွင်းပြနိုင်ခဲ့တဲ့ ဂိုးအရေအတွက်ထက်တောင် ပိုများနေပါသေးတယ်။

သူဟာ ရီးရဲ မက်ဒရစ် ကစားသမား ဘဝမှာ စုစုပေါင်း 32 ပွဲ အထိ ပါဝင် ကစားခွင့် ရရှိခဲ့ပေမယ့် ၊ သွင်းဂိုး 2 ဂိုးသာ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ဟတ်တာ ကတော့ ယိုဗစ် အသင်းကို ပြန်လည် ရောက်ရှိ လာတာဟာ သူ့ရဲ့ တစ်နိုင်ငံတည်းသား ကစားဖော် ကော့စ်တစ် အတွက် ယုံကြည်မှုတွေ ပိုပြီး တိုးပွားလာခဲ့တာမို့ ၊ အသင်း တိုက်စစ် စွမ်းဆောင်ရည်ကလဲ ပိုပြီး တိုးတက်သွားတာ ဖြစ်ကြောင့် အခုလို ရှင်းပြသွားခဲ့ ပါတယ်။

“ ကျနော် တို့ အသင်းဟာ ယိုဗစ် ပြန်လည် ရောက်ရှိ လာခြင်း နဲ့ အတူ တိုးတက်မှုတွေ က အများကြီး ကို ပေါ်ပေါက်လာခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ယခင် ကတည်းက သူငယ်ချင်းတွေ ဖြစ်ထားတော့ ၊ ကွင်းထဲမှာ ပိုပြီးတော့ ယုံကြည်မှု အပြည့်နဲ့ ကစားလာနိုင်ကြတယ်လေ။

ဥပမာ ကော့စ်တစ် ဆိုရင် ဆားဘီးယား လက်ရွေးစင် အသင်းမှာလဲ အတူတူ ကစားတဲ့သူတွေ ဖြစ်လို့ ၊ ယိုဗစ် ကွင်းထဲကို ရောက်လာတာနဲ့ ကစားပုံက တော်တော်လေး ကြွတက်သွားပါပြီ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ကော့စ်တစ် ဟာ မနေ့ညက ကစားခဲ့တဲ့ အာမီးနီးယား နဲ့ ပွဲစဉ်မှာတော့ အသင်းအတွက် သွင်းဂိုး 2 ဂိုး ကို ဖန်တီးပေးနိုင်ခဲ့ ပါတယ်။

SM