ဟာဗက်ဇ် ကို ပရီးမီးယားလိဂ် စူပါစတား ၂ဦး ရဲ့ ကစားသမား ဘဝ အစ က ရုန်းကန်ခဲ့ရတဲ့ အခြေအနေတွေနဲ့ ခိုင်းနှိုင်းလိုက်တဲ့ လမ်းပတ်

ချဲလ်ဆီး အသင်း ရဲ့ ပြောင်းရွှေ့ကြေး အများဆုံး ကစားသမား ဖြစ်တဲ့ အသက် ၂၁နှစ် အရွယ် ၊ ဂျာမန် ကွင်းလယ်တိုက်စစ် ကစားသမား ကိုင်ဟာဗက်ဇ် ဟာ ဂျာမန်မြေ မှာ အသင်းကြီးတိုင်း မျက်စိကျရတဲ့ ကစားပုံမျိုး ပြသခဲ့ပေမယ့် ၊ ပရီးမီးယားလိဂ် ရာသီဝက် ကျိုးလာတဲ့ အချိန် အထိတော့ သာမန် ခြေစွမ်းရဖို့ အတွက်ပင် ရုန်းကန်နေရပါတယ် ။

နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ကတော့ သူ ခေါ်ယူခဲ့တဲ့ ကစားသမားဖက်က အပြည့်အဝ ကာကွယ်ပေးပေမယ့် ၊ ချဲလ်ဆီး ပရိသတ် တွေကတော့ ဟာဗက်ဇ် ရဲ့ စွမ်းဆောင်ရည် အပေါ် တပွဲထက် တပွဲ စိတ်ရှည်သည်းခံမှု လျော့နည်းလာကြပါတယ် ။ ယနေ့ည မှာ ကစားမယ့် လူတန်တောင်း အသင်း နဲ့ အက်ဖ်အေ ဖလား စတုတ္ထ အဆင့်ပွဲမှာတော့ ဟာဗက်ဇ် တယောက် ပုံစံကောင်း တရပ် ထုတ်ပြဖို့ လိုနေပါပြီ ။

ပြီးခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် က အင်္ဂလန်မြေ က ပထမဆုံး ဘောလုံးရာသီမှာ မျှော်မှန်းထားတာထက် အများကြီး ရုန်းကန်နေရတဲ့ ကိုင်ဟာဗက်ဇ် ကို ယခုအခါ ကမ္ဘာ့ အဆင့် စူပါစတား ဖြစ်လာတဲ့ ၊ တချိန်က ချဲလ်ဆီး အသင်း မှာ ကစားခဲ့ဖူးတဲ့ ၊ လက်ရှိ မန်စီးတီး ကွင်းလယ် ဖန်တီးရှင် ကီဗင် ဒီဘရိုင်း နဲ့ လီဗာပူး တောင်ပံ တိုက်စစ် ကစားသမား မိုဟာမက် ဆာလက် တို့ရဲ့ ကစားသမား ဘဝ အစ ကာလတွေနဲ့ ခိုင်းနှိုင်း ပြောဆိုခဲ့ပါတယ် ။

လမ်းပတ် က ” ကျွန်တော့ဖက်က တရားဝင် ထုတ်ပြောနိုင်တာကတော့ ကိုင် နဲ့ အလုပ် အတူတူ တွဲလုပ်တဲ့ နေရာမှာ ခံယူချက် က ပြဿနာ အဖြစ် ဘယ်တော့မှ မရှိခဲ့ဘူး ဆိုတာပါပဲ ။ လောလောဆယ် မှာ သူ့ရဲ့ ယုံကြည်မှု ပြည့်နေသလား ? No ပါ ။ ဘာလို့လဲ ဆိုတော့ သူဟာ ခက်ခဲတဲ့ အခိုက်အတန့် ကာလကို ဖြတ်သန်းနေရလို့ပါပဲ ။ ”

” ကီဗင် ဒီဘရိုင်း နဲ့ မိုဆာလက် တို့ဟာလည်း ကိုင် လို အသက်အရွယ်တုန်းက ချဲလ်ဆီး မှာ ကစားခဲ့ကြတာပါ ။ သူတို့ ၂ယောက်လုံး တခြားမှာ အတွေ့အကြုံ အသီးသီး ပြန်ရှာပြီးမှ ပရီးမီးယားလိဂ် ကို ပြန်ပြောင်းလာကြတာ ဖြစ်ပါတယ် ။ အခုတော့ သူတို့တွေဟာ ပရီးမီးယားလိဂ် ဂန္တဝင် စာရင်းဝင်တွေ ဖြစ်နေကြပါပြီ ။ ”

” ကျွန်တော် ဟာ ကိုင် ကို ဖိအားတွေ အများကြီး မပေးချင်ပါဘူး ။ ဒါပေမယ့် လူတွေဟာ ကိုင် လို အခုမှ ပရီးမီးယားလိဂ် ကို ပြောင်းရွှေ့လာတဲ့ လူငယ် ကြယ်ပွင့် တွေကို အချိန် အတိုင်းအတာ တရပ် အထိ စိတ်ရှည်ရှည် နဲ့ စောင့်ကြည့်ပေးဖို့ လိုပါတယ် ။ တပွဲလောက် ခြေစွမ်း တမဟုတ်ချင်း တိုးတက်လာပြီး ၊ တလလောက် နဲ့ အလုပ် မဖြစ်သွားပါဘူး ။ ”

” ကိုင် မှာ ကိုယ်ပိုင် ကစားပုံ စတိုင်လ်မျိုး ရှိပေမယ့် ၊ ကြိုးစား အားထုတ်သမျှ အလုပ်မဖြစ်တဲ့အခါ လူတွေက အဲ့ဒီ ကစားသမား တယောက် ကို အပြစ်တွေ ပုံချဖို့ ၊ ဝေဖန်ဖို့ပဲ သိကြပါတယ် ။ ကျွန်တော် ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ကိုင် လို အရည်အသွေးမျိုး နဲ့ ကစားသမား အများအပြား မြင်ဖူးပါတယ် ။ ”

” ခင်ဗျား တို့ကို ကျွန်တော် ပြောပြခွင့်ပြုပါ ။ ကိုင် ရဲ့ ခံယူချက် နဲ့ ကွင်းတွင်း အခန်းကဏ္ဍ တွေက ကြီးမားသလို ၊ သူ့ရဲ့ ဘွန်ဒက်စ်လီဂါ က အချက်အလက် တွေကလည်း ကြီးကျယ်ခဲ့ပါတယ် ။ လောလောဆယ်မှာ သူလိုနေတာ က အချိန်ပါ ။ ဘာလို့လဲ ဆိုတော့ ဒီလို ဇာတ်ကြောင်းမျိုး နဲ့ ကစားသမားတွေ သမိုင်းမှာ အများကြီး ရှိခဲ့လို့ပါ ။ ”

” ကိုင် အကြောင်း ကျွန်တော် ကောင်းကောင်း သိပါတယ် ။ သူဟာ နောက်လိုက်ကောင်း တယောက်ပါ ။ ကျွန်တော့ အလုပ် က သူ့ကို တခြားသော လူငယ် ကြယ်ပွင့် တွေကို ဦးဆောင် လမ်းပြသလို ဆက်လက် လမ်းညွှန် သင်ပြဖို့ပါပဲ ။ အခုတော့ သူ့ကို အရင် ယုံကြည်မှု တိုးတက်စေဖို့ ဆက်လက် ထောက်ခံပေးရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR