ပွဲကြည့်စင် အထက်က ချဲလ်ဆီး ပရိသတ် တစုမှ သူ့ကို ဆက်လက် ထောက်ခံမှု ကို ပြနေတဲ့ banner တခု အပေါ် မှတ်ချက်ပေးလိုက်တဲ့ လမ်းပတ်

ချဲလ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် ဟာ လက်ရှိ ပရီးမီးယားလိဂ် နည်းပြတွေ အထဲ ရာထူးမှ အထုတ်ခံရဖို့ ရေပန်း အစားဆုံး နည်းပြ ဖြစ်လာသည့်တိုင် ၊ ချဲလ်ဆီး အမာခံ ပရိသတ် တစု ရဲ့ အားပေး ထောက်ခံမှု ကို ဆက်လက် ရရှိထားဟန် တူနေပါတယ် ။

စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကြီး ရဲ့ The Shred End ပွဲကြည့်စင် အထက်မှာ In Frank We Trust ဆိုတဲ့ ပိုစတာသစ် တခု ကို ဒီ ရက်ပိုင်း အတွင်းမှာ မြင်တွေ့ထားရတာ ဖြစ်ပါတယ် ။ ဒါဟာ ကွင်းတွင်းသို့ ဝင်ရောက် အားပေးခွင့် မရှိပေမယ့် ၊ ပရိသတ် တစု က လမ်းပတ် အပေါ် ဆက်လက် ထောက်ခံနေဆဲ ဆိုတာ သိသာ ထင်ရှားစေပါတယ် ။

ပြီးခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာလည်း လမ်းပတ် ဟာ ရာထူး မှ အထုတ်ခံရနိုင်တဲ့ အရေး နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ အကြားမှာ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ဟန် တူပေမယ့် ၊ ဒီ ပိုစတာ ၊ ဆိုင်းဘုတ် နဲ့ ပတ်သက်တဲ့ မေးခွန်းမှာတော့ မျက်နှာ က အနည်းငယ် ကြည်လင်ခဲ့ပါတယ် ။

ချဲလ်ဆီး ပရိသတ် တစုမှ ၎င်းကို ဆက်လက် ထောက်ခံနေခြင်း နဲ့ ပတ်သက်ပြီး လမ်းပတ် က ” ကစားသမား တွေဟာ မန်နေဂျာ တဦး ကို ကောင်းတဲ့ ပုံစံ ၊ ဆိုးတဲ့ ပုံစံ ၊ အလယ်မှာ နေတဲ့ ပုံစံမျိုး စသဖြင့် ဖြစ်အောင် လုပ်လို့ ရပါတယ် ။ ဒီတော့ ခင်ဗျား ဟာ အဝတ်လဲခန်း အတွင်း ကစားသမား တွေကို ဆွဲဆောင်နိုင်ဖို့ အတွက် လုပ်ယူရတာတွေ ရှိပါတယ် ။ ”

” ဘောလုံး မှာ ကျွန်တော် အမှန်အတိုင်း မြင်ထားတာ က အသင်း တသင်း ကို ဘယ်လောက် ကောင်းတဲ့ နည်းစနစ်တွေ လွှမ်းမိုးထားပါစေ ၊ ပိုအရေးပါတဲ့ အရာက ကွင်းတွင်း တိုက်ပွဲဝင် စိတ်ဓာတ် နဲ့ အခြေခံ စနစ် ကို ပိုင်နိုင်ဖို့ပဲ ဖြစ်ပါတယ် ။ ဒီ အချက်တွေကသာ အမှန်တကယ် အရေးပါတာပါ ။ ”

” ခုနက ခင်ဗျားတို့ မေးတဲ့ banner အသစ် အကြောင်း ပြောရရင်တော့ ၊ ပရိသတ်တွေဖက်က အခုလို စုပြီး ကျွန်တော့ကို မေတ္တာတရား အပြည့်နဲ့ ထောက်ခံနေကြတာကို ကျွန်တော် ဝမ်းသာ ကျေနပ်မိပါတယ် ။ ကစားသမား ဘဝကပဲ ဖြစ်ဖြစ် ၊ မန်နေဂျာ ဘဝနဲ့ပဲ ဖြစ်ဖြစ် ကျွန်တော့ ကို တွေ့ဖူးမြင်ဖူးတဲ့ သူတိုင်း ကျွန်တော်ရဲ့ ဒီ ကလပ် အပေါ် ခံစားချက် အစစ်အမှန် ကို နားလည်ကြမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး လမ်းပတ် က ကစားသမား ဘဝ ဖိအား နဲ့ နည်းပြ ဘဝ ဖိအား အကြား က ကွာခြားချက် အကြောင်း နဲ့ ပတ်သက်ပြီး ” ဖိအား ဆိုတာ ကျွန်တော် စိတ်ပူနေမယ့် အရာမျိုး မဟုတ်ပါဘူး ။ ဘာလို့လဲ ဆိုတော့ ကျွန်တော် ဟာ ဒီ ဖိအားဒဏ် တွေကို ရင်ဆိုင် ဖြေရှင်းနိုင်သလို ၊ ဘောလုံး လောကမှာ ကစားသမား တယောက် အနေနဲ့ အချိန် အကြာကြီး ကျင်လည်ခဲ့ပြီးသား ဖြစ်လို့ပါ ။ ”

” ဒီတော့ ဖိအားဒဏ် တွေကို ဘယ်လိုမျိုး တုန့်ပြန်ရမလဲ ဆိုတာ ကျွန်တော် နားလည်ပါတယ် ။ ကစားသမား ဘဝ နဲ့ ယှဉ်လိုက်ရင် အခု ဖိအား က ခြားနားမှုတော့ ရှိပါတယ် ။ ဒါပေမယ့် ဖိအားဆိုတာ ကစားသမားတွေ အပေါ် အပေါင်း လက္ခဏာ ဆောင်စေဖို့ လိုပါတယ် ။ ဘာလို့လဲ ဆိုတော့ ကစားသမား တွေရဲ့ တုန့်ပြန်မှု က မန်နေဂျာ တဦး ရဲ့ စွမ်းဆောင်ရည် အပေါ် ကောင်းသည် ဖြစ်စေ ၊ ဆိုးသည် ဖြစ်စေ ထင်ဟပ်မှု ရှိစေလို့ပါ ။ ”

” ကစားသမားတွေ အနေနဲ့ ဖိအားဒဏ် ကို မပိစေဖို့က အရေးကြီးပါတယ် ။ ဖိအားယူတာ ကို ကျွန်တော် အပြစ် မပြောလိုပါဘူး ။ ဒါပေမယ့် ကောင်းတဲ့ ဖိအားဒဏ် ကို ခံစားနိုင်ဖို့ လိုပါတယ် ။ ကျွန်တော် တို့ဟာ နိုင်ပွဲတွေ ပြန်စွမ်းဆောင်ချင်သလို ၊ ပုံစံကောင်းတွေ ပြန်ရလိုပါတယ် ။ ”

” ဒီနှစ် ရာသီမှာ ရလဒ် နဲ့ အသင်းလိုက် စွမ်းဆောင်ရည် တွေဟာ တမဟုတ်ချင်း အပြောင်းအလဲ ဖြစ်တတ်တာ ကို ခင်ဗျားတို့ တွေ့ရမှာပါ ။ ဒီပုံစံမျိုးကို ကျွန်တော် တို့ဟာ အရင်ကထက် ပိုပြီး မြင်တွေ့လာရပါတယ် ။ ဒီတော့ ကျွန်တော် တို့ဟာ ဖိအားဒဏ် တွေကို ကွင်းတွင်း စွမ်းဆောင်ရည် ရဲ့ မှန်ကန်တဲ့ နေရာမှာ အသုံးချနိုင်ရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR