Long-term plan အတွက် လာမည့်အပြောင်းအရွေ့ ကာလတွေမှာ လီဗာပူးတို့ ပစ်မှတ်ထား ခေါ်ယူသင့်တဲ့ ကစားသမားကို ပြောပြလိုက်တဲ့ ဂျွန်ဘန်း

အန်ဖီး ဂန္ထဝင် တစ်ဦး ဖြစ်သူ ဂျွန်ဘန်းက လီဗာပူး အသင်း အနေနဲ့ အနာဂတ် အပြောင်းအရွေ့ ကာလတွေမှာ ဝက်ဖို့ဒ် တောင်ပံ ကစားသမား အစ္စမိုင်လာဆားကို ခေါ်ယူဖို့ လှုပ်ရှား သင့်တယ်လို့ ဆိုလိုက်ပေမယ့် လောလောဆယ် မှာတော့ အန်ဖီး ကလပ်ဟာ ဗဟိုနောက်ခံလူ တစ်ဦးကို အရေးတကြီး လိုအပ်တယ်လို့ ဝန်ခံ သွားခဲ့ပါတယ်။

ယာဂန်ကလော့ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ လပိုင်းတွေမှာ ခံစစ်ပိုင်း ပြသနာတွေ တောက်လျှောက် ကြုံတွေ့ နေရပြီး လီဗာပူး နည်းပြဟာ နောက်တန်းမှာ ရွေးချယ်စရာ option တွေ နည်းပါး နေခဲ့ပါတယ်။ ဗာဂျယ်ဗန်ဒိုက် နဲ့ ဂျိုးဂိုးမက်ဇ် တို့ဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ပြသနာတွေကြောင့် ဒီရာသီရဲ့ ကာလ အများစုကို လွဲချော် သွားရဖို့ များနေပါတယ်။

တစ်ချိန်တည်း မှာပဲ လီဗာပူးရဲ့ တစ်ဦးတည်းသော စီနီယာ ဗဟိုနောက်ခံလူ ဖြစ်တဲ့ ဂျိုရယ်မာတစ် ကလည်း ကြံ့ခိုင်မှု ပြသနာတွေနဲ့ တောက်လျှောက် ရုန်းကန် နေရပြီး လာမည့် တနင်္ဂနွေနေ့ မန်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် အရေးကြီး ပွဲစဉ် အမှီ ပြန်ကစား နိုင်ဖို့လည်း မသေချာသေးပါဘူး။ ဒါ့ကြောင့် ကလော့ဟာ ကွင်းလယ် ခံစစ် ကစားသမား ဖာဘင်ညိုကို ခံစစ်မှာ ပင်တိုင် အသုံးပြု နေရပြီး ၎င်းနဲ့ အတူ အတွေ့အကြုံ နုနယ်တဲ့ ကစားသမာတွေ ဖြစ်ကြတဲ့ နက်ဖီးလစ် ၊ ရီးစ်ဝီလီယံ နဲ့ ကွင်းလယ်လူ ဟန်ဒါဆန် တို့ကို အလျှင်းသင့်သလို လှည့်လည် သုံးစွဲ နေရပါတယ်။

ဗဟို ခံစစ်မှာ ဒီလို ဒဏ်ရာ ပြသနာတွေ ကြုံတွေ့ နေရပေမယ့်လည်း လီဗာပူးဟာ လက်ရှိ ဇန်နဝါရီ အပြောင်းအရွေ့မှာ ဗဟိုခံစစ်မှုးသစ် တစ်ဦးကို ခေါ်ယူသွားဖို့ မရှိနိုင်လောက်ဘူးလို့ ယာဂန်ကလော့က ဝန်ခံ ထားခဲ့ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ နွေရာသီက ဂျိုတာကို မခေါ်ယူမီ ဝက်ဖို့ဒ် တောင်ပံကစားသမား ဖြစ်သူ အစ္စမိုင်လာဆားကို ချိတ်ဆက် ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ရာသီက ဝက်ဖို့ဒ်တို့ ချန်ပီယံရှစ်ကို တန်းဆင်း ခဲ့ရပေမယ့်လည်း ဆားဟာ ၂၀၁၉-၂၀ ရာသီမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ ရသူ ဖြစ်ပါတယ်။ ဘန်းက ဆားဟာ လီဗာပူးတို့ အနာဂတ်မှာ ပစ်မှတ်ထား ခေါ်ယူသင့်တဲ့ ကစားသမား တစ်ဦးလို့ ယုံကြည် နေပေမယ့် သူ့ရဲ့ အသင်းဟောင်း အတွက် ဗဟိုနောက်ခံလူ တစ်ဦး ခေါ်ယူ အားဖြည့်ဖို့ ကသာ လက်ရှိမှာ ဦးစားပေး အစီအစဉ် ဖြစ်နေတယ်လို့ ဆိုခဲ့ပါတယ်။

အစ္စမိုင်လာဆား အတွက် လီဗာပူးတို့ ချည်းကပ်မှု လုပ်သင့်သလား ဆိုတဲ့ မေးခွန်းကို ဘန်းက “အမှန်ပါပဲ။ အကယ်၍ သူ့ဘက်ကလည်း လီဗာပူးရဲ့ ၃ ဦးတွဲ တိုက်စစ်ထဲက တစ်ဦး ဖြစ်ချင်တယ် ဆိုရင်ပေါ။ ဒါပေမယ့် ကျွန်တော် အရင်ကတည်းက ပြောလာ ခဲ့တဲ့ အတိုင်းပဲ လီဗာပူးဟာ အခုချိန်မှာ ဗဟို နောက်ခံလူ တစ်ဦးကို လိုအပ် နေပါတယ်။ ဆားဟာ အရမ်း ကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်တဲ့ အပြင် လီဗာပူး အသင်းရဲ့ အရမ်း ကောင်းတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာဖို့ အလားအလာ ရှိနေသူ ဖြစ်ပေမယ့် သူဟာ ဒီအချိန်မှာတော့ လီဗာပူးတို့ လိုအပ်နေတဲ့ ကစားသမားတော့ မဟုတ်ပါဘူး။

အကယ်၍ လီဗာပူးဟာ သူ့ကို ကာလရှည် ရင်းနှီးမြှပ်နှံမှု အတွက် ခေါ်ယူချင်တယ် ဆိုရင် ကျွန်တော် ကတော့ ဒါဟာ အရမ်း ကောင်းတဲ့ ကစားသမား ခေါ်ယူမှု ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဒီရာသီ မှာတော့ ကျွန်တော်တို့ဟာ အားနည်းနေတဲ့ ခံစစ်ပိုင်းကို သင့်တော်တဲ့ ကစားသမား တစ်ဦး ရှာဖွေကာ အားဖြည့်ဖို့ လိုအပ်ပါတယ်။ ဒါကသာ ဦးစားပေး ဖြစ်သင့် ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

မန်ယူနိုက်တက် အသင်းဟာ အင်္ဂါနေ့ညက ဘန်လေကို တပ်မိုးမှာ အနိုင်ယူကာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး နေရာကို တက်လှမ်း နိုင်ခဲ့ပြီး လာမည့် တနင်္ဂနွေနေ့မှာ ဂျွန်ဘန်းရဲ့ အသင်းဟောင်း ဖြစ်တဲ့ လီဗာပူးနဲ့ အန်ဖီးမှာ ယှဉ်ပြိုင် ကစား သွားရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်တို့ လက်ရှိအချိန်မှာ အကောင်းဆုံး ပုံစံ ရနေပေမယ့်လည်း ဘန်းကတော့ မန်စီးတီး ကသာ ဒီရာသီ ပရီးမီးယားလိဂ် ဖလား အတွက် လီဗာပူးရဲ့ အဓိက ပြိုင်ဘက်လို့ ဆိုလိုက် ပါတယ်။

ဘန်းက “ဒီရာသီဟာ ပြီးခဲ့တဲ့ ရာသီတွေထက် ပိုမို ခန့်မှန်းရ ခက်ခြပေမယ့် မန်စီးတီး ကသာ လီဗာပူး အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဆိုတာ အသေအချာ ပါပဲ။ ဒီအချိန်မှာ ယူနိုက်တက်ဟာ ဇယားထိပ်မှာ ဦးဆောင် နေပေမယ့် အခုချိန်ဟာ ရာသီဝက်တောင် မရှိသေးတာကြောင့် ရှေ့မှာ အများကြီး ဖြစ်ပျက်နိုင်ပါတယ်။ ကျွန်တော်ကတော့ အမှတ်ပေးဖလား အတွက် လီဗာပူး နဲ့ မန်စီးတီး တို့ပဲ တိုက်ပွဲဝင် သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။

လီဗာပူးရဲ့ တိုက်စစ်ဟာ ပြိုင်ဘက်တွေကို ခြောက်လှန့်နိုင်ဆဲ ဖြစ်ပြီး သူတို့မှာ winning mentality လည်း ရှိထားပါတယ်။ ခင်ဗျားတို့ bookies ဒိုင်တွေဆီကို သွားကြည့်လိုက်ပါ။ သူတို့ဟာ မန်ယူနိုက်တက်တို့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဆိုပြီး ပြောသွားမှာ မဟုတ်ပါဘူး။ မန်စီးတီးနဲ့ လီဗာပူး ကသာ ရေပန်းအစားဆုံး အဖြစ် ရှိနေဆဲလို့ သူတို့ ပြောသွားမှာပါ။ ကျွန်တော့်ရဲ့ အမြင်အရ အများစု ဒီလိုပဲ ယူဆကြပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM