ဥရောပ ချန်ပီယံ ဘိုင်ယန် မြူးနစ် ကို အံ့အားသင့်ဖွယ် အနိုင်ယူကာ ပိုကယ်ဖလား ပြိုင်ပွဲကနေ ထွက်ခွါစေခဲ့တဲ့ ဒုတိယ တန်းကလပ် Holstein Kiel

လက်ရှိ ကမ္ဘာ့အကောင်းဆုံး အသင်းလို့ သတ်မှတ်ထားတဲ့ ဘိုင်ယန် မြူးနစ်ဟာ လက်ရှိမှာတော့ ရှုံးပွဲတွေ ဆက်တိုက် ကြုံတွေ့ရလျှက် ရှိနေပါတယ်။

ဘွန်ဒက်လီဂါ ချန်ပီယံကြီးဟာ ပြီးခဲ့တဲ့ ပြည်တွင်းလိဂ် ပွဲစဉ်မှာလဲ မိုချန် ဂလာဘတ် အသင်းကို 2-0 ရလာဒ် နဲ့ ဦးဆောင်ပြီးမှ 3 ဂိုး ပြန်လည် ခွင့်ပြုလိုက်ရပြီး ၊ ရှုံးပွဲ ကြုံတွေ့ထားတာ ဖြစ်ပါတယ်။ မနေ့ညကတော့ သူတို့ သိမ်းပိုက်ထားတဲ့ ဂျာမန် ပိုကယ်ဖလား 32 သင်း အဆင့် ပွဲစဉ်မှာ ဒုတိယတန်း ကလပ် Holstein Kiel ကို ထပ်မံ အရေးနိမ့်ပြီး ၊ ပြိုင်ပွဲ ကနေ နှုတ်ထွက်လိုက်ရပြီ ဖြစ်ပါတယ်။

နည်းပြ ဟန်ဆီ ဖလစ်ဟာ ဒုတိယတန်း ကလပ်နဲ့ ရင်ဆိုင် ကစားခဲ့ရသည့်တိုင်အောင် ကစားသမား စာရင်းကို အတောင့်တင်းဆုံး အသုံးပြုခဲ့တဲ့ အကြားက ရှုံးပွဲ ကြုံလိုက်ရတာပါ။ နူအာ ၊ ဆူလီ ၊ ဟာနန်ဒက် ၊ ကင်မစ်ချ် ၊ တိုလစ်ဆို ၊ မူလာ ၊ ဆာနေး ၊ ဂနာဘီ တို့ကို ပွဲထွက် ကစားသမား စာရင်းမှာ ထည့်သွင်း အသုံးပြုခဲ့သလို ၊ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုးကြီး လီဝန်ဒေါ့စကီး ကိုလဲ ဒုတိယပိုင်း 75 မီးနစ် မှာ လူစားလဲ ထည့်သွင်း အသုံးပြုခဲ့ ပါတယ်။

ဒီပွဲ အတွက် အဖွင့်ဂိုး ကို ဘိုင်ယန် ကပဲ စတင် ရယူခဲ့တာ ဖြစ်ပြီး ဂနာဘီ က သွင်းယူ ပေးသွားခဲ့တာပါ။ သို့သော် Bartels က ချေပဂိုး ပြန်လည် သွင်းယူခဲ့လို့ ပထမပိုင်း ဟာ 1-1 ရလာဒ် နဲ့ ပြီးဆုံးခဲ့ရပါတယ်။

ဒုတိယပိုင်း ပြန်စလို့ သုံးမီးနစ် အကြာမှာပဲ ဆာနေး က နောက်တစ်ကြိမ် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြန်လို့ ဘိုင်ယန်ဟာ ပွဲကို စိုးမိုးခဲ့ပြန်ပါတယ်။ သို့သော် ပွဲပြီးဖို့ မီးနစ်ပိုင်း အလိုအရောက်မှ Wahl က ချေပဂိုး ထပ်မံ သွင်းယူလိုက်ပြန်တာကြောင့် 2-2 သရေ ဖြစ်သွားခဲ့ပါတယ်။

ဘိုင်ယန် ဟာ နောက်တစ်ဆင့်ကို တက်ရောက်ပြီလို့ ထင်မှတ်နေချိန်မှာပဲ ချေပဂိုး ပြန်လည် ပေးလိုက်ရတာကြောင့် အချိန်ပို မီးနစ် 30 ကစားခဲ့ရပါတယ်။ အချိန်ပို မှာတော့ နှစ်သင်းစလုံးဟာ နောက်ထပ် သွင်းဂိုးတွေ ရယူနိုင်ခြင်း မရှိပဲ ဂိုးမရှိ သရေ ရလာဒ်နဲ့သာ အဆုံးသတ်ခဲ့ပါတယ်။

ဒါကြောင့် ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းဖို့ ဆက်လက် ပြင်ဆင်လာခဲ့ကြပါတယ်။

ဘိုင်ယန် မြူးနစ် အတွက် ပင်နယ်တီကို လီဝန်ဒေ့ါစကီး က ကန်သွင်းပြီး ၊ အဲဒီနောက် ကင်မစ်ချ် ၊ မူလာ ၊ အလာဘာ ၊ ဒေါက်ကလပ် ကော်စတာ တို့ဟာ အမှားအယွင်းမရှိ ဆက်လက် ကန်သွင်းပြနိုင်ခဲ့ပါတယ်။ အံ့အားသင့်စရာ ကောင်းတာက တစ်ဖက် က Holstein Kiel အသင်းက ကစားသမားတွေ ကလဲ နူအာ စောင့်ဆိုင်းနေတဲ့ ဂိုးပေါက်ထဲကို ပင်နယ်တီ 5 လုံး စလုံး အမှားအယွင်း မရှိ ကန်သွင်းပြသွားခဲ့တာပါ။

ဒါကြောင့် ပထမဆုံး ပင်နယ်တီ 5 လုံး ကန်သွင်းမှု အပြီးမှာလဲ တစ်ဖက် 5 ဂိုး စီနဲ့ သရေကျနေခဲ့ပြန်ပါတယ်။

နောက်ထပ် ပင်နယ်တီ အဆုံးအဖြတ် တစ်ကြိမ်စီ ကန်သွင်းရာမှာတော့ ဘိုင်ယန် ကစားသမား ရိုကာ ရဲ့ ကန်သွင်းချက်ကို ပြိုင်ဘက် ဂိုးသမား က ကာကွယ်သွားနိုင်ခဲ့ပြီး ၊ Holstein Kiel အတွက် ပထမ ချေပဂိုး သွင်းယူပေးထားတဲ့ Bartels က အမှားအယွင်းမရှိ ကန်သွင်းပြသွားခဲ့လို့ 16 သင်း ရှုံးထွက် အဆင့်ကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံး အသင်းလို့ သတ်မှတ်ထားတဲ့ ဘိုင်ယန် ဟာ ဒီနှစ် မှာ စောစောစီးစီး ဖလား တစ်လုံး လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။

SM