အာဆင်နယ် နည်းပြစဉ်တုန်းက ပေပေထက် ဇာဟာ ကို ဘာကြောင့် ခေါ်ယူချင်ခဲ့တာလဲ ဆိုတာ ရှင်းပြလိုက်တဲ့ အမ်မရီ

အာဆင်နယ် အသင်း နည်းပြဟောင်း အူနိုင်း အမ်မရီ က ပေပေ ထက်စာရင် ပရီးမီးယားလိဂ် အထိုင်ကျထားပြီး ဖြစ်တဲ့ ခရစ္စတယ်ပဲလေစ့် တောင်ပံ ကစားသမား ဇာဟာ ကို ခေါ်ယူချင်ခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ လိုင်လီ အသင်း တောင်ပံ ကစားသမား နီကိုလပ်စ် ပေပေ ကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်း နဲ့ ခေါ်ယူ ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ခရစ္စတယ်ပဲလေစ့် တောင်ပံ ကစားသမား ဇာဟာ ကို ခေါ်ယူဖို့ လိုက်နေရာကနေ ပြောင်းရွှေ့ကြေး ညှိနှိုင်း မရတာကြောင့် ပေပေ ကို စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ ခဲ့တာပါ ။

အာဆင်နယ် အသင်း နည်းပြဟောင်း အူနိုင်း အမ်မရီ ကတော့ သူဟာ နီကိုလပ်စ် ပေပေ ကို ခေါ်ယူဖို့ ဆန္ဒ မရှိခဲ့ဘဲ ပရီးမီးယားလိဂ်မှာ အထိုင်ကျပြီးသား ဖြစ်တဲ့ ခရစ္စတယ်ပဲလေစ့် တောင်ပံ ကစားသမား ဇာဟာ ကို ခေါ်ယူချင် ခဲ့ကြောင်း Football London နဲ့ သီးသန့် အင်တာဗျူးမှာ ပြောကြား လိုက်ပါတယ် ။

” ကျွန်​တော်က ခြေစွမ်း လက်တွေ့ မြင်ရတဲ့ ကစားသမားကိုပဲ ဦးစားပေး ခေါ်ချင် ခဲ့တာပါ ။ ကျွန်တော်တို့ ခရစ္စတယ်ပဲလေစ့် နဲ့ ကစားရတဲ့ ပွဲမှာ ဇာဟာက သူဟာ ကစားသမားကောင်း တစ်ဦးဆိုတာ ပြသ နိုင်ခဲ့ပါတယ် ။ ”

” နီကိုလပ်စ် ပေပေ က အရမ်းကောင်းတဲ့ ကစားသမား တစ်ဦးလို့ ထင်ပါတယ် ၊ ဒါပေမယ့် လိဂ်ပြိုင်ပွဲမှာ အသားကျဖို့ ဘယ်လောက်အထိ လွယ်ကူသလဲ ဆိုတာကိုလည်း ထည့်သွင်း စဉ်းစား ရပါတယ် ။ ”

” ဇာဟာ က ပရီးမီးယားလိဂ် မှာ ကစားနေတဲ့သူ ဖြစ်တာကြောင့် အသင်းမှာ အထိုင်ကျဖို့ ပိုလွယ်ကူမယ်လို့ တွေးမိခဲ့ပါတယ် ။ ပေပေ က ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့ ဘယ်လောက် အချိန်ယူ ရမလဲ ဆိုတာ မသိနိုင်ပါဘူး ၊ သူ အထိုင်ကျဖို့ဆို အချိန်အနည်းငယ်တော့ ယူရမှာပါပဲ ။ ”

” အဲ့ဒီ အချိန်တုန်းက ဇာဟာ ဟာ ပေပေ ထက် အသင်းမှာ အလျင်အမြန် အထိုင်ကျနိုင်စွမ်း ရှိတယ်လို့ တွေးမိ ခဲ့ပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

ဇာဟာ က အာဆင်နယ် နဲ့ အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပုံကို The Greatest Game with Jamie Carragher Podcast အစီအစဉ်မှာ ” ကျွန်တော် သူတို့ မန်နေဂျာ (အမ်မရီ ) နဲ့ စကား ပြောဖြစ်ခဲ့ပါတယ် ။ ”

” အဲ့တုန်းက အမ်မရီ က ‘ငါတို့ဘာမှ သိပ်ပြောနေစရာ မလိုပါဘူးကွာ ၊ ငါ မင်းကစားတာ မြင်ဖူးတယ် ၊ မင်းက အချိန်မရွေး ပွဲအဖြေ ပြောင်းပေးနိုင်တယ် ‘ စသည်ဖြင့် ပြောခဲ့ပါတယ် ။ သူ့ဘက်က ကျွန်တော့်ကို အလို ရှိသလို ကျွန်တော်ကလည်း သူတို့ အသင်းကို သွားချင် ခဲ့ပါတယ် ။ ”

” ကျွန်တော်တို့ နှစ်ယောက် ပြောရဆိုရတာ လုံးဝ အဆင်ပြေပြေ ချောချောမွေ့မွေ့ပါပဲ ၊ သူအာဆင်နယ် ကို ကိုင်တွယ် ချိန်မှာ ကျွန်တော်က သူ့အသင်း နဲ့ ရင်ဆိုင် ကစားခဲ့ဖူးတော့ ကျနော် ဘာလုပ် နိုင်သလဲ ဆိုတာ သူ သိပါတယ် ၊ ကျွန်တော့်ရဲ့ လုပ်အားနှုန်း နဲ့ အသင်းထံ ဘာတွေ ယူဆောင်လာပေးနိုင်မလဲ ဆိုတာ သူသိပါတယ် ။ ”

” ပရီးမီးယားလိဂ် မှာ အပတ်စဉ် ကစားနေရတဲ့သူ တစ်ဦး ဘာလုပ်နိုင်သလဲဆိုတာ လက်တွေ့ သိမြင် နိုင်ရဲ့သားနဲ့ တခြားသူကို ခေါ်တာက မစဉ်းစားဘဲ လုပ်တာလို့ ကျွန်တော်တော့ ခံစားရပါတယ် ။အဓိကကတော့ အာဆင်နယ် အသင်းရဲ့ ရွေးချယ်မှု အပေါ် မူတည်တာပေါ့ဗျာ ၊ သူတို့က ကျွန်တော့်ထက် ပေပေ ကိုပဲ ရွေးချယ် သွားခဲ့ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR