အခုမှ အစပဲ ရှိသေးတယ်လို့ ကြွေးကြော်သွားတဲ့ ပိုချက်တီနို

ပီအက်စ်ဂျီ အသင်းရဲ့ နည်းပြသစ် ပိုချက်တီနို ကတော့ ပထမဆုံး ဆုဖလား ဆွတ်ခူးအပြီးမှာပဲ ၊ သူတို့ရဲ့ ပန်းတိုင်ခရီးဟာ အခုမှ အစပဲ ရှိသေးတယ်လို့ ပြောဆိုကာ ကြွေးကြော်သွားခဲ့ ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ပြင်သစ် စူပါဖလား ပွဲစဉ်မှာ ပီအက်စ်ဂျီဟာ မဟာပြိုင်ဘက်ကြီး မာဆေး အသင်းကို ခြေစွမ်းအသာနဲ့ ကစားကာ အနိုင်ယူပြီး ၊ ဒီရာသီ ပထမဆုံး ဆုဖလားကို ဆွတ်ခူးလိုက်တာ ဖြစ်ပါတယ်။ ပဲရစ်သားတွေ အတွက် အဖွင့်ဂိုး ကိုတော့ ဒီမာရီယာ ရဲ့ ဖြတ်တင်ဘောကနေ တဆင့် ၊ တိုက်စစ်မှုး အီကာဒီ က ခေါင်းတိုက် လိုက်တဲ့ အချိန်မှာ မာဆေး ဂိုးသမားက ကာကွယ်လိုက်ပေမယ့် ၊ နောက်တစ်ကြိမ် ထပ်မံ ပိတ်သွင်းယူရင်း ရယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

 

အီကာဒီ ဟာ ဒီပွဲမှာ ပီအက်စ်ဂျီ တိုက်စစ်ကို တော်တော်လေး ဦးဆောင် ကစားပြသွားတယ်လို့ ဆိုရမှာပါ။ ဒုတိယ ဦးဆောင်ဂိုး ကိုလဲ သူ့ကြောင့် ရတဲ့ ပင်နယ်တီ ကနေ တဆင့် နေမာ က ကန်သွင်းကာ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မာဆေး အတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ပွဲပြီးခါနီး ရောက်မှ ပါယက် က အနီးကပ် ပိတ်သွင်းပေးသွားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ စပါး နည်းပြဟောင်းကြီး က “ နည်းပြ တာဝန်ယူပြီး 10 ရက် အတွင်းမှာပဲ 3 ပွဲ ကစားခဲ့ရတယ် ၊ ဒီညပွဲ ဆိုရင် ကျနော်တို့ ရဲ့ အခါးသီးဆုံး ပြိုင်ဘက် နဲ့ ဆုဖလား လုပွဲ ကစားခဲ့ရတာလ။

ဒီလိုပွဲမျိုး အနိုင်ရတာ အရမ်းကို အရေးပါလွန်းပါတယ်။ ချန်ပီယံ ဂုဏ်ပုဒ်ထက် ပိုပြီး အဓိပ္ပါယ် ရှိသလို ၊ ပရိသတ် အတွက်ရော ၊ ကလပ် အသင်းအတွက်ပါ အများကြီးကို တန်ဖိုးရှိလွန်းတာပါ။

 

တဖြေးဖြေးချင်းနဲ့တော့ အသင်းသားတွေဟာ ကျနော် လိုချင်တဲ့ အတိုင်းဖြစ်အောင် ကစားပေးလာကြပါပြီ။ ကျနော် ကလဲ အခုမှ ပီအက်စ်ဂျီမှာ အလုပ်လုပ်ခွင့်ရတာ နှစ်ပတ်ပဲ ရှိသေးတယ်လေ။ ဒီကြားထဲကမှ ပြင်ဆင်မှုတွေကို အများကြီး ကြိုးစား လုပ်ဆောင်ခဲ့ရတာပါ။

ဒါဟာ အခုမှ အစပဲ ရှိပါသေးတယ်။ ကျနော်တို့ ယုံကြည်ထားတာ က အချိန်တွေ ကြာလာလေလေ ၊ အတူတူလက်တွဲပြီး အလုပ်လုပ်ရတာ နားလည်မှု ရှိလာရမယ် ၊ ပြီးတော့ ကျနော်တို့ ဖြစ်ချင်တဲ့ အိုက်ဒီယာ အတိုင်း ကစားရင်း တိုးတက်မှုတွေ ရှိလာရမယ်လေ။

ဒီဖလားဟာ အချိန်တို အတွင်း ကျနော့် ရဲ့ နည်းစနစ်တွေ နဲ့ အလျှင်အမြန် ရင်းနှီးအောင် ကြိုးစားပေးခဲ့ကြတဲ့ ကစားသမားတွေ အတွက် တကယ်ကို ထိုက်တန်မှု ရှိပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ပိုချက်တီနို ဟာ ထိပ်တန်း နည်းပြတစ်ယောက်လို့ သတ်မှတ်ခံခဲ့ရသည့်တိုင်အောင် စပါးမှာ ကျင်လည်ခဲ့တဲ့ 5 နှစ်တာ ကာလအတွင်း ဆုဖလားတွေကို ဆွတ်ခူးပြနိုင်ခဲ့ခြင်း မရှိပါဘူး။ သို့သော်လဲ ချန်ပီယံလိဂ် ဝင်ခွင့် နှစ်တိုင်းရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာနဲ့တင် သူ့ရဲ့ အရည်အချင်းကို အားလုံးက အသိအမှတ်ပြုခဲ့ကြပါတယ်။

အာဂျင်တီးနားသားကြီးဟာ မနေ့ညက ပြင်သစ် စူပါဖလား ဆွတ်ခူး အပြီးမှာတော့ နည်းပြဟောင်း တူချယ် ကိုပါ ကျေးဇူးတင်တဲ့ အကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့ပါသေးတယ်။

“ အရင်ဆုံး အနေနဲ့ ကစားသမားတွေ ကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဒီကလပ်မှာ အလုပ်လုပ်ခွင့် ပေးခဲ့တဲ့ လီယိုနာဒို ၊ ဥက္ကဌ အယ်ခီလိုင်ဖီ တို့ကိုလဲ ကျေးဇူးတင်ပါတယ်။ သောမတ် တူချယ် နဲ့ သူ့ နည်းပြ အဖွဲ့ဝင်တွေ ရဲ့ စွမ်းဆောင်ရည်တွေကိုလဲ မေ့ထားလို့ မရပါဘူူး။ မနှစ်က သူတို့ ကြိုးစားခဲ့ပြလို့ ဒီလို ဖလားလုပွဲမျိုး ကစားခဲ့ရတာပါ” လို့ ဖော်ကျူးသွားခဲ့ ပါတယ်။

ပြိုင်ဘက် မာဆေး အသင်းရဲ့ နည်းပြ ကလဲ စပါး နည်းပြဟောင်း ဖြစ်သူ ဘို့အားစ် ဖြစ်ပြီး ဒီပွဲမှာ သူ့ ကစားသမား တွေ ရဲ့ စွမ်းဆောင်ရည် အပေါ် ဝေဖန်စရာ အကြောင်းအရင်း မရှိဘူးလို့ မှတ်ချက်ပေးသွားခဲ့ပြီး ၊ သူတို့သာလျှင် ပြင်သစ် ရဲ့ အကောင်းဆုံး အသင်းလို့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ ပါတယ်။

SM