မန်နေဂျာသစ် ဖြစ်လာအပြီး ၁၁ရက် အကြာမှာ ပီအက်စ်ဂျီ အတွက် ပထမဆုံး ဆုဖလား ဆွတ်ခူးပေးခဲ့တဲ့ ပိုချက်တီနို ကို အမွှမ်းတင် ချီးကျူးလိုက်တဲ့ မာကွင်ဟိုစ်

မနေ့ည က ကစားခဲ့တဲ့ ပြင်သစ် စူပါဖလား ဗိုလ်လုပွဲမှာ လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီ အသင်း ဟာ မာဆေးလ် အသင်း ကို အကြိတ်အနယ် ယှဉ်ပြိုင် ကစားရင်း ၊ ၂ – ၁ နဲ့ အနိုင်ရရှိကာ ၊ ပြင်သစ် စူပါဖလား ကို နောက်တကြိမ် ထပ်မံ သိမ်းပိုက်သွားပြန်ပါပြီ ။

ဒါဟာ ပီအက်စ်ဂျီ အသင်း ကို စတင် ကိုင်တွယ်တာ ၃ပွဲမြောက် ( ၁၁ရက်မြောက် ) သာ ရှိသေးပေမယ့် ၊ နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနို ကတော့ ပဲရစ်မှာ ပထမဆုံး အောင်မြင်မှု အဖြစ် စတင် ကြေညာနိုင်လိုက်တာ ဖြစ်ပါတယ် ။ ပွဲအပြီးမှာလည်း ၎င်းက ဒါဟာ သူ နဲ့ ပီ်အက်စ်ဂျီ အတွက် အစသာ ရှိသေးတယ် လို့ ဆိုခဲ့ပါသေးတယ် ။

ဒီပွဲမှာ အဖွင့်ဂိုး ကို ပီအက်စ်ဂျီ တိုက်စစ်မှူး မော်ရို အီကာဒီ က သွင်းယူပေးခဲ့ပြီး ၊ ဒုတိယမြောက် ဦးဆောင်ဂိုး ကို လူစားဝင် တောင်ပံ ကစားသမား နေမာ က ပင်နယ်တီ မှတဆင့် သွင်းယူခဲ့ကာ ၊ မာဆေးလ် အတွက် ချေပဂိုး ကိုတော့ ပွဲပြီးခါနီးမှာ ဒီမစ်ထရီ ပါယက် က သော်ဗင် ရဲ့ ဖန်တီးမှုမှ တဆင့် သွင်းယူခဲ့ပါတယ် ။

တဖက်မှာ ဝါရင့် နောက်ခံလူ သီယာဂို ဆေးလ်ဗား ချဲလ်ဆီး သို့ ပြောင်းရွှေ့သွားပြီးနောက် ၊ ပီအက်စ်ဂျီ အသင်း ရဲ့ ကလပ် အသင်း ခေါင်းဆောင် ဖြစ်လာတဲ့ မာကွင်ဟိုစ် အတွက် ဒီပွဲဟာ ပွဲပေါင်း ၃၀၀ ပြည့်မြောက်ခဲ့ခြင်းလည်း ဖြစ်ပါတယ် ။

အသင်း ခေါင်းဆောင် အဖြစ် နဲ့ ပထမဆုံး ဆုဖလား ကို ကိုင်မြှောက်ခွင့် ရခြင်း နဲ့ ပတ်သက်ပြီး မာကွင်ဟိုစ် ကိုယ်တိုင်လည်း အထူး ဝမ်းမြောက် ပျော်ရွှင်လျက် ရှိသလို ၊ နည်းပြသစ် ဖြစ်သူ ပိုချက်တီနို ကိုလည်း အခုလိုပဲ အမွှမ်းတင် ချီးကျူးခဲ့ပါတယ် ။

Canal plus သတင်း ဌာန နဲ့ တွေ့ဆုံခဲ့တဲ့ ပွဲပြီး အင်တာဗျူး မှာ မာကွင်ဟိုစ် က ” အခုလို ဆုဖလား အောင်မြင်မှုတွေနဲ့ နိုင်ပွဲတွေ အတွက် အပြည့်အဝ ကြိုးစား ပေးဆပ်ခွင့် ရတာ ကျွန်တော့ အဖို့ ဝမ်းသာစရာပါ ။ ဒီအတွက်ကြောင့် ကျွန်တော် ပီအက်စ်ဂျီ ကို ပြောင်းလာရခြင်း ဖြစ်ပါတယ် ။ ”

 

” လက်ရှိ အသင်းမှာ နည်းပြသစ် နဲ့ နည်းစနစ် အတွေးအခေါ် အသစ် တွေနဲ့ စတင် ထိတွေ့နေရပါတယ် ။ ဘောလုံး ရာသီ တခု ရဲ့ အလယ် ကာလမှာ မန်နေဂျာ အပြောင်းအလဲ ဖြစ်လာခြင်း ဟာ ဘယ်တော့မှ မလွယ်ကူပါဘူး ။ ဒါပေမယ့် ပိုချက်တီနို ဟာ ခြွင်းချက်မရှိ ပြည့်စုံတဲ့ နည်းပြ တဦး ဖြစ်ပါတယ် ။ ”

” သူဟာ ကစားသမား တွေနဲ့ အမြဲတမ်း ပြောဆို ဆွေးနွေး ဖလှယ်လေ့ရှိပြီး ၊ သူ လိုချင်တဲ့ အရာတွေကို ကစားသမားတွေ နားလည်အောင် ရှင်းပြနိုင်စွမ်း ရှိပါတယ် ။ ကျွန်တော် တို့ဟာ တူချယ် ကိုလည်း ဒီ အသင်း အတွက် သူ စွမ်းဆောင်ပေးခဲ့တဲ့ အရာတွေ အတွက် ကျေးဇူးတင်ပါတယ် ။ ”

” ကျွန်တော် ဆိုရင် သူ့လက်အောက်မှာ အထူး တိုးတက်လာခဲ့သလို ၊ သူဟာ ကျွန်တော် ဘယ်တော့မှ မမျှော်မှန်းထားခဲ့တဲ့ ၊ မတူညီတဲ့ ဘောလုံး အဆင့်အတန်း တရပ်ဆီ ပို့ဆောင် လမ်းပြပေးခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး မာကွင်ဟိုစ် က မနေ့ည က ပွဲအကြောင်း နဲ့ ပတ်သက်ပြီး ” မာဆေးလ် အသင်း နဲ့ ရင်ဆိုင် ကစားရတာ ဘယ်တော့မှ မလွယ်ကူပါဘူး ။ သူတို့ဟာ နိုင်လိုစိတ် အပြည့်နဲ့ ကစားတတ်ကြပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ကလည်း ဒီလို အကြိတ်အနယ် ရှိတဲ့ ပွဲမျိုးကို နှစ်သက်ကြပါတယ် ။ ”

” ခြုံပြီးပြောရရင် ဒီနေ့ပွဲမှာ ကျွန်တော်တို့ ကစားပုံ အရမ်း ကောင်းခဲ့ပါတယ် ။ ခက်ခဲတဲ့ အခိုက်အတန့် တချို့တော့ ရှိခဲ့ပေမယ့် ၊ ကျွန်တော် တို့ဟာ ဆက်လက် တိုးတက်နေဆဲ ဖြစ်ပါတယ် ။ ဒီ အချက် ကသာ အရေးကြီးဆုံးပါ ။ ၂သင်းလုံး ဟာ ပြီးခဲ့တဲ့ လီဂူးဝမ်း က ရုပ်ပျက်ဆင်းပျက် အဖြစ်အပျက် ကို ချန်ထားခဲ့ပြီး ၊ ဒီပွဲကို အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR