ဘာစီလိုနာ ကို စပိန် စူပါဖလား ဖိုင်နယ်သို့ ရောက်စေခဲ့တဲ့ ပင်နယ်တီ အဆုံးအဖြတ်ဂိုး ကို သွင်းယူခဲ့ပြီးနောက် ၊ စီနီယာ ပွဲကစားခွင့် အကြောင်း ဖွင့်ဟလာတဲ့ ရီကွီပုဂျ်

မနေ့ည က ကစားခဲ့တဲ့ စူပါကိုပါ ( စပိန် စူပါဖလား ) ဆီမီးဖိုင်နယ် ပွဲစဉ် တပွဲမှာ ဘာစီလိုနာ အသင်း နဲ့ ရီးရဲလ်ဆိုစီဒက် အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကာ ၊ သာမန် ပွဲချိန် အတွင်း တဖက် တဂိုးစီ သရေ ရလဒ် ထွက်ပေါ်နေခဲ့ရာ ၊ ပင်နယ်တီ အဆုံးအဖြတ် မှာတော့ ဘာစီလိုနာ က ၃ – ၂ နဲ့ အနိုင်ရခဲ့ပါတယ် ။

ဒီ ရလဒ်ကြောင့် ဘာစီလိုနာ အသင်း ဟာ စူပါဖလား ဗိုလ်လုပွဲ သို့ တက်ရောက်သွားပြီး ၊ ယနေ့ည မှာ ကစားမယ့် ရီးရဲလ်မက်ဒရစ် – ဘီလ်ဘာအို ပွဲမှ နိုင်မယ့် အသင်း နဲ့ ဖလားလုရမှာ ဖြစ်ပါတယ် ။

ဒီပွဲမှာ ဘာစီလိုနာ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ ဟာ ကြံ့ခိုင်မှု မပြည့်ဝလို့ လွဲချော်ခဲ့ပေမယ့် ၊ ဘာကာ နည်းပြ ရော်နယ်ကိုးမန်း ကတော့ လူစုံနီးပါး ထုတ်ကန်သွားခဲ့ပါတယ် ။ အဖွင့်ဂိုး ကို ဧည့်သည် ဘာကာတို့ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင် ရဲ့ သွင်းဂိုး နဲ့ စတင် ဦးဆောင်နိုင်ခဲ့ပါတယ် ။

ဒုတိယပိုင်း ပြန်အစ ၆မိနစ် အကြာမှာပဲ အိမ်ရှင် ဆိုစီဒက် တို့ မီခေးလ် အိုယာဇာဘဲလ် ရဲ့ ပင်နယ်တီ သွင်းဂိုး နဲ့ ပြန်လည် ချေပနိုင်ခဲ့ပါတယ် ။ အချိန်ပို ၁၅ မိနစ်စီ ကစားခဲ့ရာမှာလည်း ၂ဖက်လုံး ဘယ်သူကမှ ဂိုးထပ်မသွင်းနိုင်ခဲ့လို့ ၊ ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ၊ အိမ်ရှင်ဖက်က အဖွင့် ပင်နယ်တီ ၃ကြိမ်ဆက် လွဲချော်ခဲ့ပါတယ် ။

ဘာကာဖက်ကလည်း ဒီဂျောင် နဲ့ ဂရဇ်မန်း တို့ ပင်နယ်တီ လွဲခဲ့ပေမယ့် ၊ နောက်ဆုံး ၅လုံးမြောက် အဆုံးအဖြတ် ပင်နယ်တီမှာတော့ လူစားဝင် လာမာစီယာ အကယ်ဒမီထွက် ကွင်းလယ် ကြယ်ပွင့် ရီကွီပုဂျ် က သေသေသပ်သပ် အဆုံးသတ်နိုင်ခဲ့လို့ ၊ ဘာကာတို့ ဗိုလ်လုပွဲသို့ တက်လှမ်းသွားခဲ့ပါတယ် ။

 

ဒါဟာ ပုဂျ် အတွက် ဒီရာသီ ၇ပွဲမြောက် ပွဲကစားခွင့် ဖြစ်ခဲ့ပေမယ့် ၊ အားလုံး ဟာ လူစားဝင်ခွင့် တွေကချည်း ဖြစ်ခဲ့ပါတယ် ။ အခုအချိန် အထိလည်း ဒီရာသီ အတွက် စီနီယာ ပွဲထွက်ခွင့် ရဖို့ ပုဂျ် အတွက် အခွင့်အရေး အလွန် နည်းပါးနေဆဲ ဖြစ်ပါတယ် ။ ပွဲအပြီးမှာတော့ ပုဂျ် က ပွဲထွက်ခွင့်တွေ ရဖို့ တိုက်ပွဲဝင်သွားမယ့် အကြောင်း ဖွင့်ဟလာပါတယ် ။

ပုဂျ် က ” နောက်ဆုံး ပင်နယ်တီ အဆုံးအဖြတ်ဂိုး ကို သွင်းယူနိုင်ခဲ့လို့ ၊ ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ် ။ ဒီ ပင်နယ်တီ ကို ကန်သွင်းဖို့ ကိုယ်တိုင် တောင်းဆိုခဲ့တာပါ ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ ဒီ ပင်နယ်တီ ကို အဆုံးသတ်ခဲ့တာပါ ။ ပထမ အသင်း မှာ ပါဝင်ခွင့် ရဖို့ ကျွန်တော့ ရဲ့ ဆန္ဒတွေ လျော့ကျသွားခြင်း မရှိသေးပါဘူး ။ ”

” ဒီအတွက် ကျွန်တော် ဆက်လက် တိုက်ပွဲဝင်သွားမှာပါ ။ ရော်နယ် က ပင်နယ်တီ ကန်သွင်းမယ့် ကစားသမား အစဉ် ကို ရွေးပေးခဲ့ပါတယ် ။ အဲ့ဒီမှာ ကျွန်တော် က ၅လုံးမြောက် ပင်နယ်တီ ကန်ခွင့်ကို တောင်းဆိုခဲ့တာပါ ။ ကျွန်တော် ဟာ ပျော်ပျော်နေတတ်တဲ့သူပါ ။ ဘယ်တော့မှ ကိုယ့်မျက်နှာ က အပြုံးမပျက်စေရပါဘူး ။ ကျွန်တော် ကံကောင်းပါတယ် ။ ဘယ်တော့မှ အရှုံးပေးသွားမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ရော်နယ်ကိုးမန်း က ၅လုံးမြောက် ပင်နယ်တီ ကို ပုဂျ်အား ကန်ခွင့်ပေးခဲ့ခြင်း နဲ့ ပတ်သက်ပြီး ” နောက်ဆုံး ပင်နယ်တီ ? အရှေ့ ၄လုံး အတွက် ကျွန်တော် ကန်မယ့် ကစားသမား ရွေးထားပြီးပါပြီ ။ အဲ့ဒီမှာ နောက်ဆုံး အလုံး ဘယ်သူ ကန်မလဲလို့ မေးလိုက်တော့ ၊ ရီကွီ က သူကန်ချင်တယ် ဆိုပြီး ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလာပါတယ် ။ ” လို့ ဆိုခဲ့ပါတယ် ။

ဆက်လက်ပြီး ကိုးမန်း က ဒီရာသီ ဘာကာ စီနီယာ အသင်း ကို ထိုးဖောက်နိုင်ခဲ့တဲ့ ယူ ၂၁ နောက်ခံလူ ၂ဦး ဖြစ်တဲ့ ရော်နယ် အရူဟို နဲ့ အော်စကာ မင်ဂွဲဇာ တို့ကို အခုလိုပဲ ချီးမွမ်းမှု တချို့ လုပ်ခဲ့ပါတယ် ။

ကိုးမန်း က ” အရူဟို ဟာ အချိန်တို အတွင်းမှာ တိုးတက်မှု အများအပြား ပြသနိုင်ခဲ့ပါတယ် ။ အထူးသဖြင့် တည်ငြိမ်မှုရှိတဲ့ ကစားဟန် နဲ့ သူ့ရဲ့ ပင်ကို ကိုယ်ရည်ကိုယ်သွေး ဖြစ်ပါတယ် ။ နောက်ပြီး သူဟာ ဘောလုံး အရည်အသွေးမှာလည်း အထူး တိုးတက်လာပါတယ် ။ လောလောဆယ် မှာ သူဟာ အလွန် ကောင်းတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပေမယ့် ၊ ရှေ့ဆက် ကြိုးစားနေဖို့တော့ လိုပါတယ် ။ သူဟာ မင်ဂွဲဇာ လိုပဲ ဒီအသင်း ရဲ့ အနာဂတ် ကြယ်ပွင့် တဦး ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR