ဖူဟမ်နဲ့ သရေကျခဲ့ပြီးနောက် တော့တင်ဟမ်တို့ လက်ရှိ ကြုံနေရတဲ့ ပြဿနာ တစ်ချို့ကို ထောက်ပြလိုက်တဲ့ ဂလင္းဟိုဒယ်

ဂလန်းဟိုဒယ်က တိုက်စစ်မှုး ဟယ်ရီကိန်းဟာ နောက်ကို တအား ဆင်းလွန်းအားကြီးတယ်လို့ ဆိုလိုက်ပြီး ဖူဟမ်နဲ့ ပွဲစဉ်မှာလည်း စပါးတို့ ဦးဆောင်ဂိုး ရခဲ့ပေမယ့် နောက်တစ်ကြိမ် ချေပဂိုး ပြန်ပေးရကာ သရေကျခဲ့တဲ့ အပေါ် နည်းပြ ဂျိုဆေးမော်ရင်ညို အနေနဲ့ သူ့အသင်းသားတွေကို ရှင်းလင်းတဲ့ မက်ဆေ့ချ် တစ်ခု ပေးရန် တိုက်တွန်း သွားခဲ့ပါတယ်။

မနေ့ညက တော့တင်ဟမ်ဟော့စပါးကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဟယ်ရီကိန်းဟာ စပါး အတွက် ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ပေမယ့်လည်း စကော့ပါကားရဲ့ အသင်းဟာ စပါးတို့ နောက်ထပ် ဂိုးတစ်ဂိုး မသွင်းနိုင်တဲ့ အခွင့်အရေးကို အသုံးချကာ ကာဗယ်လီယိုရဲ့ ခေါင်းတိုက်ဂိုးနဲ့ ချေပဂိုး သွင်းကာ အဝေးကွင်းမှာ သရေ တစ်မှတ် ရယူ နိုင်ခဲ့ပါတယ်။

စပါးဟာ ဒီရာသီ အနိုင်ရတဲ့ အနေအထား ကနေ ရမှတ် ဆုံးရှုံးမှု ၁၀ မှတ်ထိ ရှိခဲ့ပြီး ဒီရလဒ်ကြောင့် မော်ရင်ညိုရဲ့ အသင်းဟာ ပရီးမီးယားလိဂ် title race မှာ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ မန်ယူနိုက်တက် နဲ့ ၆ မှတ် ကွာဟ သွားခဲ့ပါတယ်။ ဟိုဒယ်က စပါး ကစားသမားတွေ ကြုံနေရတဲ့ ပြသနာ တစ်ခုက ဦးဆောင်ဂိုး ရခဲ့ပြီးနောက် ဒုတိယဂိုး အတွက် ဆက်တိုက် သွားရမလား ဒါမှမဟုတ် ဦးဆောင်ဂိုးကို ထိန်းကစား ရမလား ဆိုတဲ့ မသိတာ ဖြစ်တယ်လို့ ဆိုလိုက် ပါတယ်။

စပါးနည်းပြဟောင်း ဖြစ်သူ ဟိုဒယ်က “ကျွန်တော် ကတော့ သူတို့ ဘောလုံး ပိုင်ဆိုင်မှု ဒီထက် ပိုမို အသာစီး ရဖို့ လိုအပ်တယ်လို့ ယူဆတဲ့ အပြင် ကစားသမားတွေ အနေနဲ့ သူတို့ရဲ့ စိတ်ထဲမှာ လွတ်လပ်မှုကိုလည်း ရဖို့ လိုပါတယ်။ ကျွန်တော် ကတော့ စပါးဟာ စိတ်ပိုင်းဆိုင်ရာ ပြသနာ ရှိနေတယ်လို့ ထင်ပါတယ်။ သူတို့ဟာ အခုချိန်မှာ ခံစစ်ကို တအား အားပြု ကစားလွန်းတဲ့ အခြေအနေကို ရောက်နေပါတယ်။

ဟယ်ရီကိန်း ကလည်း ပွဲချိန် တော်တော်များများကို နောက်ကို တအား ဆင်းကစား လွန်းနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် လိုအပ်တဲ့ အချိန်မှာ သူဟာ တိုက်စစ်ကို ရောက်နေတာတော့ အိုကေပါတယ်။ ဖူဟမ်နဲ့ ဒုတိယပိုင်းမှာ သူဟာ နောက်ကို တအား ဆင်းကစား ခဲ့ပါတယ်။ စပါးတို့ တိုက်စစ်ဆင်တဲ့ အချိန်မှာ သူဟာ ပင်နယ်တီ ဧရိယာထဲ ရောက်အောင် လာခဲ့တာကိုတော့ ကျွန်တော် ကြိုက်ပါတယ်။ ဒါပေမယ့် သူဟာ ပြိုင်ဘက် ဂိုးဧရိယာ တစ်ဝိုက်မှာ ခံစစ် ကစားသမားတွေကို ခြိမ်းခြောက် နေတာတော့ မဟုတ်ပါဘူး။

ဒါ့ကြောင့်လည်း နောက်တန်း ကစားသမား ၄ ဦးစလုံးဟာ အနည်းငယ် ဆင်းကစား နေရပါတယ်။ ဒါပေမယ့် ဒီထက် ဆိုးတဲ့ ပြသနာ တစ်ခု ကတော့ ၁-၀ နဲ့ ဦးဆောင် ထားနိုင်ချိန်မှာ သူတို့ဟာ စိတ်နှစ်ခွ ဖြစ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဟာ ဒီရလဒ်ကို ဆက်ထိန်း ကစားရမလား ဒါမှမဟုတ် ပွဲကို အပြတ်ဖြတ် ရမလား ဆိုတာ မသေမချာ ဖြစ်နေပါတယ်။ ဒီလိုပုံစံဟာ အလုပ် မဖြစ်ပါဘူး။ သူတို့ဟာ ဒီရာသီ အနိုင်ရတဲ့ အနေအထား ကနေ ရမှတ် ဆုံးရှုံးတာ ၁၀ မှတ်ထိ ရှိထား ခဲ့ပါတယ်။

သူတို့ ပုံစံတစ်မျိုး ကစားဖို့ စဉ်းစား သင့်ပါတယ်။ ညာခြမ်းက အော်ရီယေးကို အနည်းငယ် ဆင်းကစားခိုင်းကာ ဘယ်ခြမ်းက ရယ်ဂီလွန်ကို တိုက်စစ်ကို အပြည့်အ၀ လိုက်ပါ ကစားခိုင်းသင့် ပါတယ်။ ဒါပေမယ့် သူတို့ဟာ ၁-၀ နဲ့ ဦးဆောင်ထားနိုင်ချိန် တိုက်စစ်ဆင်ရာမှာ အတော့်ကို ဟန်ချက် မညီ ဖြစ်နေပါတယ်။ ကျွန်တော် ကတော့ စပါး အနေနဲ့ ဒုတိယဂိုး ရဖို့ အတွက် ဒီထက် အနည်းငယ် စွန့်စားကစားကာ အနိုင် ၃ မှတ် စုဆောင်း သင့်တယ်လို့ ထင်ပါတယ်။

သူတို့ဟာ ဒီနေရာမှာ အနည်းငယ် ဝေခွဲမရ ဖြစ်နေတယ်လို့ ကျွန်တော် မြင်ပါတယ်။ မန်နေဂျာ ဘက်က ‘ခံစစ်ကို လုံအောင် အထိုင်ကျကစားပြီး ၁-၀ နဲ့ အနိုင်ယူတာကို ငါကြိုက်တယ်’ လို့ မပြောဘူးဆိုရင် ဟယ်ရီကိန်း နဲ့ ဝါရင့် ကစားသမားတွေဟာ မန်နေဂျာဆီကို သွားပြီး ‘ခင်ဗျား ကျွန်တော်တို့ကို ဘယ်လိုမျိုး ကစားစေချင်သလဲ?’ ဆိုပြီး ရှင်းရှင်းလင်းလင်း သွားမေးသင့် ပါတယ်။

ဒီအချိန်မှာ သူတို့ဟာ စိတ်နှစ်ခွဲ ဖြစ်နေတဲ့ ပုံစံပါပဲ။ သူတို့ အနေနဲ့ မန်နေဂျာ ဆီက ၁၀၀% ရှင်းလင်းတဲ့ မက်ဆေ့ချ်ကို ရမှ ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ ဒါဟာ ဘာမဆို ဖြစ်သွားနိုင်တဲ့ ရာသီ တစ်ခု ဖြစ်နေလို့ပါ။ သူတို့ဟာ အခုဆိုရင် ရမှတ် ၁၀ မှတ် ဆုံးရှုံးထားခဲ့ပါပြီ။ မဟုတ်ဘူး ဆိုရင် ရာသီကုန်ကျမှ ဒါတွေကို ပြန်ကြည့်ပြီး ‘ငါတို့သာ ဒီရမှတ်တွေသာ ရခဲ့မယ် ဆိုရင်?’ ဆိုပြီး နောင်တရနေမှာပါ။

အကယ်၍ ဦးဆောင်ဂိုးကို ပြန်လည် ချေပခဲ့ရတဲ့ အခါမှာ သူတို့ အနေနဲ့ တိုက်စစ်မှာ လူများများထားကာ passing တွေနဲ့အတူ တိုက်စစ်ကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ကစား သွားဖို့ လိုပါတယ်။ အခုချိန်မှာတော့ သူတို့ဟာ ၁-၁ ဖြစ်သွားပေမယ့်လည်း ကစားပုံဟာ ထူးမခြားနား ပါပဲ။ ပြိုင်ဘက်ကို ၁-၀ နဲ့ ဦးဆောင်နေချိန်တိုင်းမှာ ကျွန်တော့် အမြင်အရ အသင်းသား တစ်ချို့ဟာ တိုက်စစ်ဆင် ကစားချင်ကြပြီး တစ်ချို့ ကတော့ ခံစစ် ကစားချင်နေကြ ပါတယ်။ သူတို့ တိကျတဲ့ မက်ဆေ့ချ်ကို ရဖို့ လိုအပ်ပါတယ်။” လို့ ဆိုသွားပါတယ်။

SPORTS MYANMAR