ဂါဘရီယဲလ် ရောက်ရှိလာချိန်မှာ သူ့ဘက်က ဘယ်လို တုန့်ပြန် ခဲ့သလဲ ဆိုတာ ပြောကြားလိုက်တဲ့ ဟိုးလ်ဒင်း

အာဆင်နယ် အသင်း နောက်ခံလူ ဟိုးလ်ဒင်း က လိုင်လီ အသင်း ကနေ ဂါဘရီယဲလ် ကို ခေါ်ယူ လိုက်ချိန်မှာ သူ့အတွက် စိန်ခေါ်မှု အသစ် တစ်ခုလို ခံယူပြီး ကြိုးစား အားထုတ် ဖြစ်ခဲ့ကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

 

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ လိုင်လီ နောက်ခံလူ ဂါဘရီယဲလ် မက်ဂါလွိုက်စ် ကို ပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်း နဲ့ ခေါ်ယူ ခဲ့တာကြောင့် ဟိုးလ်ဒင်း ဟာ အသင်း ကနေ ထွက်ခွာဖို့ နီးစပ် ခဲ့ပြီး နယူးကာဆယ် အသင်း နဲ့ သတင်းတွေ ထွက်ခဲ့ပါတယ် ။

ဒါပေမယ့် အာဆင်နယ် နည်းပြ အာတီတာ ဟာ ဟိုးလ်ဒင်း ကို ထွက်ခွာခွင့် မပေးဘဲ အသင်းမှာ ဆက်လက် ထိန်းသိမ်းဖို့ ဆုံးဖြတ်ချက် ချမှတ် ခဲ့ပါတယ် ။ အင်္ဂလန်သားဟာလည်း အာတီတာ ရဲ့ ယုံကြည်မှု နဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြန်လည် ပြသ ထားနိုင်ပါတယ် ။

အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဟိုးလ်ဒင်း ဟာ ဒီရာသီ အာဆင်နယ် အသင်း နောက်တန်းမှာ ပုံမှန် ပွဲထွက် ကစားခွင့် ရနေပြီး အူဘာမီယန်း မပါနိုင်ချိန်မှာ ကပ္ပတိန် လက်ပတ် ဝတ်ဆင်ပြီး အသင်းကို ဦးဆောင် ခဲ့ပါသေးတယ် ။

ဟိုးလ်ဒင်း ဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၁၈ ပွဲ အထိ ကစားထားပြီး ယခု အပတ် အစောပိုင်းမှာလည်း အသင်း နဲ့ ကာလရှည် စာချုပ်မှာ လက်မှတ် ရေးထိုး ခဲ့ပါတယ် ။ ဟိုးလ်ဒင်း က ဂါဘရီယဲလ် ရောက်ရှိ လာမှုအပေါ် စိန်ခေါ်မှု အသစ် တစ်ခုလို ရှု့မြင် ခဲ့ကြောင်း ပြောကြား လိုက်ပါတယ် ။

” ဂါဘရီယဲလ် က အသင်းကို တန်ကြေး တစ်ခု နဲ့ ရောက်လာတဲ့ ဗဟို နောက်ခံလူ တစ်ဦးပါ ၊ ကျွန်တော် ဘောလ်တန် ကနေ ရောက်လာတဲ့ ဈေးနှုန်း နဲ့ သူ့တန်ကြေး က နှိုင်းယှဉ်လို့တောင် မရပါဘူး ။ ”

” သူ အသင်းကို ရောက်လာချိန်မှာ ကျွန်တော် တွေးမိတာ ရှိပါတယ် ၊ သူက ခုမှ ၂၂ နှစ် ရှိပါသေးတယ် ၊ ကျွန်တော်က သူ့ထက် သုံးနှစ် ကြီးတဲ့ စီနီယာ ကစားသမားပါ ၊ သူ ဒီကို ရောက်လာချိန်မှာ ကျွန်တော့်ထက် ကောင်းကြောင်း ပြသမှာပေါ့ဗျာ ။ ”

” ဒါပေမယ့် ကျွန်တော့်ဘက်ကလည်း သူက တန်ကြေး တစ်ခု နဲ့ ရောက်လာတာကြောင့် ကျနော့် ကစားခွင့်ကို အလွယ်တကူ မပေးလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ ဒီလို တွေးမိတာကြောင့်လည်း အသင်းမှာ ဆက်နေ ခဲ့တာပေါ့ဗျာ ။ ” လို့ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကလည်း ဟိုးလ်ဒင်း ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းဖြစ်ခဲ့ပုံကို ” သူ(ဟိုးလ်းဒင်း) ဒဏ်ရာ ကနေ ပြန်လည် သက်သာလာတာ တစ်နှစ် နီးပါး ရှိသွားခဲ့ပါပြီ ၊ ဒီကြားကာလမှာ သူ ကစားခွင့် မရခဲ့တာလည်း ရှိခဲ့ပါတယ် ။ ”

” သူ ဒီတစ်နှစ်တာကာလ အတွင်းမှာ ဘယ်လောက်အထိ တိုးတက်လာမှု ရှိသလဲ နှိုင်းယှဥ် ကြည့်မယ်ဆိုရင် တကယ့်ကို အံ့ဖွယ်ပါပဲ ။ သူ့ အပေါ်ပဲ မူတည်တာပါ ၊ သူ့ ဘယ်လောက်အထိ ပရော်ဖက်ရှင်နယ် ပီသသလဲ ၊ ဘယ်လောက်အထိ လေ့လာ သင်ယူချင်သလဲ ၊ လေ့ကျင့်ရေးကွင်းမှာ ဘယ်လောက်အထိ အားထည့်သလဲ နဲ့ သူ့ရဲ့ အရည်အသွေး ၊ ခံယူချက်တွေ အပေါ် မူတည်ပါတယ် ။ ”

” သူက ဘက်ပေါင်းစုံမှာ တိုးတက်လာတာပါ ၊ ကျွန်တော် သူ့ကို အားရ ကျေနပ်မိပါတယ် ။ နွေရာသီတုန်းက သူ ကျနော့်ထံ လာရောက်ပြီး တိုင်ပင် ဆွေးနွေး ခဲ့တယ်ဆိုတာ မှန်ပါတယ် ၊ အကြောင်းက ကျွန်တော်တို့မှာ ဗဟို နောက်ခံလူတွေ များနေတာကြောင့် ပွဲထွက် ကစားရဖို့ မသေချာတာကြောင့်ပါ ။ ”

” ဒါပေမယ့် ကျွန်တော်တို့ သူ့ကို ဘယ်မှ သွားခွင့် မပေးခဲ့ပါဘူး ၊ ဘာကြောင့်လဲ ဆိုတော့ သူက ကျွန်တော်တို့ရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်လာမယ်ဆိုတာ သိနေတာကြောင့်ပါ ၊ နေ့စဉ် လေ့ကျင့်ခန်း အစီအစဉ်တွေမှာ သူနဲ့ ပတ်သက်ပြီး ကျွန်တော် မြင်တွေ့ရတာတွေကို ကျေနပ်မှု ရှိပါတယ် ။ ”

” သူ့ အသက်အရွယ်အရ တိုးတက်လာဦးမှာပါ ၊ သူက သူနဲ့ ထိုက်တန်တဲ့ နေရာ တစ်ခုကို ရထားပါတယ် ၊ ဒဏ်ရာ ပြဿနာတွေနဲ့ တခြား ကိစ္စတွေကြောင့် သူ ပွဲထွက် ကစားခွင့် ရနေတာ ဟုတ်ပါတယ် ၊ ဒါပေမယ့် သူက အကောင်းဆုံး ကစားပြပြီး ဘယ်သူ့မှ မေးခွန်းမထုတ်နိုင်အောင် လုပ်ခဲ့ပါတယ် ။ ” လို့ ပြောကြား ထားပါတယ် ။

SPORTS MYANMAR