အိုဇေးလ် ခြေစွမ်းပြနိုင်အောင် သူ့ဘက်က အစွမ်းကုန် ကူညီပေးခဲ့တယ်ဆိုတဲ့ အူနိုင်း အမ်မရီ

အာဆင်နယ် အသင်း နည်းပြဟောင်း အူနိုင်း အမ်မရီ က သူ အသင်းကို နည်းပြစဉ်တုန်းက အိုဇေးလ် တစ်ယောက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ရရှိအောင် ကူညီ ပေးခဲ့ကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

အမ်မရီ ဟာ အာဆင်နယ် အသင်းကို ကိုင်တွယ်စဉ်တုန်းက အိုဇေးလ် ကို မကြာခဏ ချန်လှပ်တာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရသူ ဖြစ်ပါတယ် ။ အမ်မရီ ဟာ ဂျာမန်သားကို ပွဲကြီးပွဲကောင်းတွေ နဲ့ အဝေးကွင်း ပွဲစဉ်တွေမှာ ချန်လှပ်လေ့ရှိပြီး ကစားသမားရဲ့ ကြံ့ခိုင်မှုအနေအထားကြောင့် ဖြစ်ကြောင်း အမြဲလိုလို ဖြေရှင်း ခဲ့ပါတယ် ။

အမ်မရီ ဟာ ရလဒ်တွေ ဆိုးနေချိန်မှာ အိုဇေးလ် ကို ပြန်လည် အသုံးပြု ခဲ့ပေမယ့် အချိန်လွန်သွားခဲ့ပြီ ဖြစ်ပြီး ရာထူးကနေ ထုတ်ပယ် ခံခဲ့ရပါတယ် ။ အခု အခါမှာတော့ အမ်မရီ က Football London နဲ့ အင်တာဗျူးမှာ အိုဇေးလ် ခြေစွမ်းပြ ကစားနိုင်အောင် အများကြီး ထောက်ပံ့ ကူညီ ပေးခဲ့ကြောင်း ဖွင့်ဟ လိုက်ပါတယ် ။

” ကျွန်တော် တစ်နှစ်ခွဲ ကျော်ကျော်လောက် မီဆွတ် နဲ့ အလုပ် တွဲလုပ်ခဲ့ပါတယ် ၊ သူ့ကို ကူညီဖို့ အားပေးဖို့ ကြိုးစား ခဲ့ပါတယ် ။ သူ အသင်း မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသ နိုင်ဖို့ ကျွန်တော့်ဘက်က တက်နိုင်သလောက် ကူညီ ပေးခဲ့ပါတယ် ။ ”

” အခု လက်ရှိ ပြဿနာက ဘာလဲတော့ ကျွန်တော် မသိပါဘူး ၊ ကျွန်တော် ဗီလာရီးရဲလ် အသင်း အတွက်ပဲ အာရုံ စိုက်ထားပါတယ် ။ ကျွန်တော် အာဆင်နယ် ပွဲတွေ စောင့်ကြည့် ဖြစ်ပါတယ် ၊ အသင်း နဲ့ ကစားသမားတွေရဲ့ ပြဿနာက ဘာလဲတော့ မသိပါဘူး ။ ”

” ကျွန်တော် အသင်းမှာ ရှိစဉ်တုန်းက အိုဇေးလ် အကြောင်းပဲ သေချာ ပြောနိုင်ပါတယ် ၊ သူ စွမ်းဆောင်ရည်ကောင်းတွေ ရရှိဖို့ ကျွန်တော် ကြိုးစား ခဲ့ပါတယ်ဗျာ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

အိုဇေးလ် ဟာ အာဆင်နယ် အသင်းမှာ တစ်ပတ် လုပ်ခ ပေါင် ၃ သိန်းခွဲ ရရှိ နေသူ ဖြစ်ပေမယ့် အသင်း အတွက် ကစားခွင့် မရတာ ပြီးခဲ့တဲ့ နှစ် မတ်လ ကတည်းက ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီရာသီမှာလည်း ပရီးမီးယားလိဂ် လူစာရင်း ကနေကော ယူရိုပါလိဂ် လူစာရင်း ကနေပါ ချန်လှပ် ထားခဲ့ပါတယ် ။

အိုဇေးလ် ဟာ ရာသီကုန်မှ အာဆင်နယ် အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပေမယ့် ဒီဇန်နဝါရီမှာပဲ အသင်းက ထွက်ခွာဖွယ် ရှိနေပြီး တူရကီ ကလပ် ဖီနာဘာချီ ၊ မေဂျာလိဂ် ကလပ် ဒီစီ ယူနိုက်တက် တို့နဲ့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

SPORTS MYANMAR