အာဆင်နယ် နည်းပြ ဘဝ ဒုတိယရာသီမှာ ရုန်းကန်ခဲ့ရတဲ့ အကြောင်းအရင်းကို ပြောကြားရင်း အားလုံးကို ကျေးဇူးတင်စကားဆိုလိုက်တဲ့အမ်မရီ

ဂန်နားတို့ရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး နေရာကို ဆက်ခံခဲ့တဲ့ စပိန်လူမျိုး နည်းပြ အူနိုင်း အမ်မရီ ဟာ အာဆင်နယ် အသင်းကို ကိုင်တွယ်ပြီး ၁၈ လ (၂၀၁၈ မေကနေ ၂၀၁၉ နိုဝင်ဘာ ) အကြာမှာပဲ နည်းပြ ရာထူးကနေ ထုတ်ပယ်ခံ ခဲ့ရသူပါ ။

အာဆင်နယ် အသင်းဟာ ၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးပြီး ထိပ်ဆုံး လေးသင်း နဲ့ ရမှတ် ၈ မှတ် အကွာ အနေအထားမှာ အမ်မရီ ကို ထုတ်ပယ် ခဲ့တာ ဖြစ်ပါတယ် ။ အမ်မရီ ဟာ သူ့ရဲ့ နည်းပြ ဘဝ အစမှာ အာဆင်နယ် အသင်းကို ယူရိုပါလိဂ် ဗိုလ်လုပွဲ အထိ ပို့ဆောင် ပေးနိုင် ခဲ့ပါတယ် ။

အူနိုင်း အမ်မရီ ကို ထုတ်ပယ် အပြီးမှာ အာဆင်နယ် အသင်းဟာ ကစားသမားဟောင်းလည်း ဖြစ်သလို မန်စီးတီး လက်ထောက် နည်းပြ ဖြစ်တဲ့ အာတီတာ ကို နည်းပြ အဖြစ် ခန့်အပ် ခဲ့ပါတယ် ။

အသက် ၄၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အူနိုင်း အမ်မရီ ဟာ Football London နဲ့ သီးသန့် အင်တာဗျုး ပြုလုပ်ခဲ့ပြီး အာဆင်နယ် အသင်းကို နည်းပြ တုန်းက တွေ့ကြုံ ခဲ့ရတဲ့ အကြောင်းအရာတွေကို ပြန်ပြောင်း ပြောကြား သွားခဲ့ပါတယ် ။

အမ်မရီ က ” ကျွန်တော် အာဆင်နယ် အသင်းမှာ တစ်နှစ်ခွဲ ကျော်ကျော်လောက် နည်းပြ လုပ်ခဲ့ပါတယ် ၊ ပထမတစ်နှစ်က သိပ်ကို ကောင်းမွန် ခဲ့တယ်လို့ ထင်ပါတယ် ၊ ကျွန်တော်တို့ ယူရိုပါလိဂ် ဖိုင်နယ် အထိ ရောက်ခဲ့ပြီး လိဂ်ပြိုင်ပွဲမှာလည်း ထိပ်ဆုံး လေးသင်းထဲ ဝင်ဖို့ အတော်လေး နီးစပ် ခဲ့ပါတယ် ။ ”

” ကလပ် အသင်း ၊ ပရိသတ်တွေ ၊ ကစားသမားတွေရဲ့ ယုံကြည်မှုကို ရရှိ ခဲ့ပြီး ပထမ ရာသီကို ကောင်းကောင်း အဆုံးသတ် နိုင်ခဲ့ပါတယ် ။ ကျွန်တော် အရမ်း ပျော်ခဲ့ရပါတယ် ၊ အလုပ်ကောင်းကောင်း လုပ်နိုင်ခဲ့ပြီး အသင်းဘက်ကလည်း အပြည့်အဝ အားပေး ထောက်ခံပါတယ် ၊ကစားသမားတွေ ၊ ပရိသတ်တွေ နဲ့ အဆင်ပြေပြေပါပဲ ။ ”

” ဒုတိယ ရာသီ ပထမခြောက်လအတွင်းမှာ ကျွန်တော်တို့ အသင်းအတွက် မကောင်းတဲ့ ဆုံးဖြတ်ချက် အချို့ ချမှတ် ခဲ့ပါတယ် ၊ ကျွန်တော့် အတွက် မဟုတ်ပါဘူး ၊ အသင်း အတွက် မကောင်းတာပါ ။ ”

” ရလဒ်တွေ ဆိုးရွားလာတဲ့ အခါမှာ အခြေအနေတွေက ပြောင်းလဲ သွားပါတယ် ၊ ကျွန်တော့် အာဆင်နယ် နည်းပြ ဘဝ ပထမဆုံး ရာသီမှာ အပေါင်း လက္ခဏဆောင်တဲ့ အရာတွေ အများကြီး ဖြစ်ပေါ် ခဲ့ပါတယ် ၊ အရန်ခုံမှာကောပေါ့ဗျာ ၊ အာဆင်နယ် နည်းပြ လုပ်ရတာ ပျော်ရွှင်ခဲ့ပြီး အဲ့ဒီ အခိုက်အတန့် အတွက် အရမ်း ကျေးဇူး တင်မိပါတယ် ။ ”

” ကျွန်တော်ကတော့ အကောင်းဘက်ကပဲ တွေးပြီး အတွေ့အကြုံ ယူပါတယ် ၊ အာဆင်နယ် က ထွက်ခွာခါစ မှာ သိပ်မလွယ်ကူ ခဲ့ပါဘူး ၊ ကျွန်တော် လုပ်စရာ မရှိ ဖြစ်နေခဲ့ပါတယ် ၊ အခုတော့ အာဆင်နယ် က ပိုင်ရှင်တွေကော ကစားသမားတွေ ၊ ပရိသတ်တွေ ၊ အလုပ်သမားတွေ အားလုံးကို ကျေးဇူး တင်ပါတယ် ။ ”

” အခုဆို အာဆင်နယ် မှာတုန်းက ကောင်းတဲ့ အရာတွေကိုပဲ မှတ်မိပါတော့တယ် ၊ ပထမ တစ်နှစ်က သိပ်ကို ကောင်းမွန် ခဲ့ပါတယ် ။ ကျွန်တော် ဂါဇီဒစ် ၊ ဆမ်လီဟီ ၊ မစ္စတာ ခရွန်ကီ တို့နဲ့ ကောင်းကောင်း အလုပ်တွဲ လုပ်နိုင်ခဲ့ပါတယ် ၊ ရလဒ်ပိုင်းကပဲ အဓိက ပြဿနာ ဖြစ်ခဲ့တာပါ ၊ ဒါပေမယ့် ကျွန်တော့် အတွက် ကောင်းမွန်တဲ့ အတွေ့အကြုံ ပါပဲ ၊ အခွင့်အရေး ပေးခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ် ။ ”

” ဒါက ဘောလုံးပါပဲ ။ အာဆင်နယ် ၊ မီခေးလ် အာတီတာ ၊ ပရိသတ်တွေ နဲ့ အသင်းက လူတွေအားလုံး အကောင်းဆုံးတွေပဲ ဖြစ်ပါစေလို့ ဆုတောင်း ပေးနေပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR