အလာဘာ ၊ ဆာဂျီယို ရာမို့စ် တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်း အလျဉ်းမရှိတဲ့ လီဗာပူး

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ လီဗာပူး ဟာ လက်ရှိ ရင်ဆိုင်နေရတဲ့ ခံစစ် ပြသနာ ကို ဖြေရှင်းဖို့ အတွက် အလာဘာ နဲ့ ဆာဂျီယို ရာမို့စ် တို့ကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။

ကစားသမား နှစ်ယောက် စလုံးဟာ ဒီရာသီ အကုန်မှာပဲ သက်ဆိုင်ရာ ကလပ်အသီးသီး နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်လို့ ၊ အလွတ်ကြေး နီးပါး နဲ့ ခေါ်ယူခွင့် ရရှိနေသူတွေ ဖြစ်သလို ၊ တရားဝင် ဆွေးနွေးခွင့်လဲ ရှိနေသူတွေပါ။

ဆာဂျီယို ရာမို့စ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သတင်းတွေ ကိုတော့ စပိန် ရဲ့ နာမည်ကြီး ရုပ်သံ အစီအစဉ် တစ်ခုကနေ တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ရာမို့စ် နဲ့ ရီးရဲ မက်ဒရစ်တို့ အကြား အပြောင်းအရွှေ့ ဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုတွေ အဆင်မပြေ ဖြစ်နေချိန်မှာ ၊ အခုလို သတင်းမျိုးတွေ ပေါ်ထွက်လာတာ တော်တော်လေးကို ထူးဆန်းလွန်းပါတယ်။

လီဗာပူး ပရိသတ်တွေ ရဲ့ ဇာတ်လိုက်ကျော်ကြီး ဂျိမ်း ပီယာ့စ် ကတော့ အဲဒီ သတင်းတွေကို ပယ်ချသွားခဲ့ပြီး ကစားသမား ဟာ လက်ရှိ ကလပ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ မျှော်လင့်ကြည့်လို့ ရပေမယ့် ၊ လီဗာပူး ကိုတော့ ဘယ်တော့မှ ပြောင်းရွှေ့လာမှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်းကို အခုလို ရေးသား သွားခဲ့ပါတယ်။

“ ဆာဂျီယို ရာမို့စ် ဟာ လီဗာပူး ကို ပြောင်းရွှေ့လာဖို့ အတွက် ဖြစ်နိုင်ချေက ဘယ်လိုမှ မရှိပါဘူူး။ သူဟာ လက်ရှိ အသင်းနဲ့ပဲ စာချုပ်သစ် ချုပ်ဆိုလိမ့်မယ် ထင်ပါတယ်။

လီဗာပူး မှာတော့ 2018 ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကြောင့် သူ့ရဲ့ နာမည်ဟာ ရေပန်းစားခြင်း လုံး၀ မရှိပါဘူး” လို့ ဖော်ပြသွားခဲ့ ပါတယ်။

……………………..

အပြောင်းအရွှေ့ သတင်းတွေ ရဲ့ ဂုရုကြီး တစ်ပါး ဖြစ်တဲ့ ဖာဘရီဇီယို ရိုမာနို ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက အလာဘာ ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်း 5 သင်းမှာ လီဗာပူး လဲ ပါဝင်နေတယ်လို့ အခိုင်အမာ ဆိုသွားခဲ့ပြီး ၊ ရီးရဲ မက်ဒရစ် နဲ့ အပြိုင် ခေါ်ယူဖို့ အတွက် အေးဂျင့်ဆီ ကို ဆက်သွယ်မှုတွေ စတင် ပြုလုပ်ထားတယ်လို့ ရေးသားခဲ့ ပါတယ်။

လီဗာပူး သတင်းတွေ ဆိုရင် အတွင်းကျကျ ရေးသား တင်ဆက်နေတဲ့ အခြား နာမည်ကြီး သတင်းထောက် မလစ်ဆာ ရက်ဒီ ကတော့ လီဗာပူး ဟာ အလာဘာ ကို ခေါ်ယူဖို့ အတွက် အခုမှ ဆက်သွယ်လာတာ မဟုတ်ကြောင်း ရှင်းလင်းလိုက်ပြီး ၊ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ တီယာဂို ကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့စဉ် ကတည်းက ဆက်သွယ်ခဲ့တာ ဖြစ်တယ်လို့ ရှင်းလင်းလိုက်ပါတယ်။

တီယာဂို နဲ့ အလာဘာ တို့ဟာ ဘိုင်ယန် မြူးနစ် နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆန္ဒမရှိတော့သူတွေ ဖြစ်သလို ၊ တစ်နှစ် စာချုပ်သက်တမ်း ကျန်ရှိနေတာခြင်းလဲ တူညီနေတာကြောင့် အန်ဖီးလ် ကလပ်က နှစ်ယောက် စလုံးကို တစ်ပြိုင်နက် ချဉ်းကပ်ခဲ့တာပါ။

သို့သော် အဲဒီ အချိန်က အသင်းတာဝန်ရှိသူတွေ ရဲ့ အဓိက ရည်ရွယ်ချက်ဟာ အလာဘာ ရဲ့ ဘယ်နောက်ခံလူ နေရာ နဲ့ ဗဟိုခံစစ်မှာ ကစားနိုင်တဲ့ အချက်ကို အာရုံစိုက်ခဲ့တာ ဖြစ်ပြီး ၊ အခါးအားလျော်စွာ လိုအပ်သလို ဖြည့်တင်း အသုံးပြုနိုင်ဖို့ စဉ်းစားခဲ့တာ ဖြစ်ပါတယ်။

ကော့်စတက် စီမီကက် ကို ခေါ်ယူလိုက်ပြီး နောက်ပိုင်း ၊ အလာဘာ အပေါ် အာရုံစိုက်ထားမှုတွေဟာ လျှော့ကျသွားခဲ့ပါတယ်။

အဓိက အကြောင်းအရင်းက ကစားသမား ဟာ လီဗာပူး က လိုချင်တဲ့ ခံစစ်မှုး တစ်ယောက် ရဲ့ အခြေခံ လိုအပ်ချက်တွေ နဲ့ ကိုက်ညီခြင်း မရှိသလို ၊ အမြင့်ဘော ရှင်းထုတ်ရာမှာလဲ အားနည်းချက်တွေ ရှိတာကြောင့် နောက်ဆုတ်သွားခဲ့တာ ဖြစ်တယ်လို့ မလစ်ဆာ ရက်ဒီက ရှင်းပြထားပါတယ်။

ဒါ့အပြင် ကစားသမား ရဲ့ အသက် ၊ လိုချင်တဲ့ လစာ ပမာဏ အနေအထားတွေကလဲ အန်ဖီးလ် ကလပ်အတွက် စဉ်းစားစရာ အချက်တွေ ဖြစ်ခဲ့တယ်လို့ သုံးသပ်ပြသွားခဲ့ပါတယ်။

SPORTS MYANMAR