လမ်းပတ် နေရာ အစားထိုးဖို့ မန်နေဂျာ ၅ဦး ရာထားတဲ့ နောက်ဆုံးရ ချဲလ်ဆီး သတင်း အဖြာဖြာ

ယနေ့ ညနေ ဂျာမန် အခြေစိုက် သတင်း ဌာန Sport Bild ရဲ့ အဆို အရ ချဲလ်ဆီး အသင်း ဟာ လက်ရှိ နည်းပြ ဖရန့် လမ်းပတ် ရဲ့ နေရာ ကို အစားထိုးဖို့ အတွက် ဥရောပ ထိပ်တန်း မန်နေဂျာ ၅ဦး ကို ရာထားကြောင်း သိရပါတယ် ။

လမ်းပတ် ဟာ လွန်ခဲ့တဲ့ တလကျော်ကျော် က ချဲလ်ဆီး အသင်း ကို ပရီးမီးယားလိဂ် ချန်ပီယံဆု စိန်ခေါ်နိုင်မယ့် အနေအထား သို့ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ၊ တမဟုတ်ချင်း ရလဒ် ယိမ်းယိုင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ၊ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ပွဲမှာ ၄ပွဲ အထိ နိုင်ပွဲ ပျောက်ဆုံးခဲ့လို့ ၊ အဆင့် ၉ နေရာ အထိ ကို ဆင်းပေးထားရပါတယ် ။

ယင်း ဂျာမန် သတင်း ဌာန ရဲ့ အဆိုအရ မကြာသေးခင် ကမှ ပီအက်စ်ဂျီ နည်းပြ ရာထူးမှ ထုတ်ပယ်ခံထားရတဲ့ သောမတ်စ် တူချယ် ဟာ ဒီ စာရင်းထဲမှာ ပါဝင်နေတယ် လို့ သိရပါတယ် ။ လောလောဆယ် အလုပ်လက်မဲ့ ဖြစ်နေတဲ့ ယူဗင်တပ် နည်းပြဟောင်း မက်ဆီမီလီယာမို အယ်လီဂရီ လည်း ချဲလ်ဆီး အသင်း ရဲ့ ပစ်မှတ်ထဲမှာ ရှိနေပါတယ် ။

လက်ရှိ အလုပ် ကိုယ်စီ ရှိနေကြတဲ့ ဆောက်သမ်တန် နည်းပြ ရပ်လ်ဖ် ဟက်ဆန်ဟူတယ် ၊ လက်စတာ နည်းပြ ဘရန်ဒန် ရော်ဂျာ ၊ လစ်ပ်ဇစ် နည်းပြ ဂျူလီယန် နာဂယ်စ်မန်း တို့ဟာလည်း ဒီ ၅ဦး စာရင်းဝင်တွေ ဖြစ်ကြပါတယ် ။ ဒီ ၃ဦးတည်းက တဦးကို နည်းပြ အဖြစ် ခေါ်ယူ ခန့်အပ်ချင်ရင်တော့ အနည်းဆုံး ဒီရာသီ အကုန်အထိ ချဲလ်ဆီးတို့ စောင့်ရနိုင်ပါတယ် ။

အလုပ်လက်မဲ့ ဖြစ်နေတဲ့ တူချယ် နဲ့ အယ်လီဂရီ တို့အနက် တဦးကို ချဲလ်ဆီးတို့ အခု ချက်ချင်း ခေါ်ယူ ခန့်အပ်ခွင့် ရှိပေမယ့် ၊ လောလောဆယ် အချိန်အထိတော့ ၎င်းတို့ကို ကလပ်ဖက်မှ တရားဝင် ကမ်းလှမ်း ချိတ်ဆက်နေခြင်း မရှိဘူး လို့ ယင်း သတင်းကပဲ ဆက်လက် ဖော်ပြခဲ့ပြန်ပါတယ် ။

တဖက်မှာ ယနေ့မနက် Sky Sports မှ ဖော်ပြတဲ့ သတင်း တရပ် အရ ချဲလ်ဆီး အသင်း ဟာ လက်ရှိ နည်းပြ ဖရန့် လမ်းပတ် ကို ကူညီ ပံ့ပိုးပေးဖို့ အတွက် ၊ ၂၀၀၇ – ၂၀၀၈ ခုနှစ် က မန်နေဂျာ လုပ်ဖူးခဲ့တဲ့ အစ္စရေး လူမျိုး နည်းပြ အေဗရန် ဂရန့် ကို လမ်းပတ် ရဲ့ နည်းပြ အဖွဲ့ဝင် တဦး အဖြစ် ခန့်အပ်ဖို့ ကြံဆောင်နေတယ် လို့ သိရပါတယ် ။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မော်ကမ်ဘီ နဲ့ ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ ချဲလ်ဆီး နောက်ခံလူ ၂ဦး ဖြစ်တဲ့ ရိစ်ဂျိမ်းစ် နဲ့ အန်ဒရီယာစ် ခရစ်တန်ဆန် တို့ဟာ မနေ့က လေ့ကျင့်ရေး အစီအစဉ် မှာ ပြန်လည် ပူးပေါင်း ပါဝင်နိုင်ခဲ့ပြီ လို့ သိရပါတယ် ။

အပြောင်းအရွှေ့ သတင်းတွေမှာတော့ ချဲလ်ဆီး အသင်း ရဲ့ အကယ်ဒမီထွက် လူငယ် တိုက်စစ်မှူး ချာလီ ဘရောင်း ဟာ ယနေ့မှာပဲ အင်္ဂလန် လိဂ်ဝမ်း ကလပ် MK ဒွန်းစ် အသင်း ကို မဖော်ပြတဲ့ အပြီးသတ် ပြောင်းရွှေ့ကြေး တရပ် နဲ့ ပြောင်းရွှေ့သွားပြီ လို့ သိရပါတယ် ။

ချာလီ ဘရောင်း ဟာ ဒီမတိုင်ခင်က ဘယ်လ်ဂျီယမ် ဒုတိယတန်း ကလပ် ယူနီယံ စိန့်ဂီးလ်လွိုက်စ် အသင်း သို့ အငှားထွက် ကစားခဲ့ပြီး ၊ အငှား ကစားသမား ဘဝ မှာ အဆင်မပြေဖြစ်ခဲ့ကာ ၊ ရာသီဝက်ကြာ ယူ ၂၃ အသင်းမှာ ပြန်ကစားခဲ့ပါတယ် ။ ၎င်းဟာ ချဲလ်ဆီး အသင်း ရဲ့ အငှား စနစ် ကို အယုံအကြည် မရှိတော့တဲ့ အတွက် အခုလို အပြီးသတ် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ် ။

အသက် ၂၁ နှစ် အရွယ်ရှိ ဘရောင်း ဟာ ချဲလ်ဆီး အကယ်ဒမီ မှာ ပွဲပေါင်း ၁၁၄ပွဲ ကစားပေးခဲ့ပြီး ၊ သွင်းဂိုး ၅၈ ဂိုး အထိ သွင်းပေးခဲ့ကာ ၊ ယူ ၁၈ ချန်ပီယံရှစ် ချန်ပီယံ တကြိမ် ၊ လူငယ် အက်ဖ်အေ ဖလား ၂ကြိမ် ဆွတ်ခူးခဲ့ပါတယ် ။

Team Talk သတင်း ဌာန ရဲ့ ဖော်ပြချက် တခု အရ ချဲလ်ဆီး အသင်း ဟာ လာဇီယို အသင်း ရဲ့ အသက် ၁၈ နှစ် အရွယ် စပိန် လူငယ် တောင်ပံ ကစားသမား ရာအူးလ် မော်ရို ကို ခေါ်ယူဖို့ အတွက် ထိပ်ဆုံး က ရေပန်းစားလျက် ရှိတယ် လို့ သိရပါတယ် ။

လာမာစီယာ အကယ်ဒမီထွက် မော်ရို ဟာ လက်ရှိ ကလပ် လာဇီယို အကယ်ဒမီ အသင်း မှာ ကစားခွင့် နည်းပါးနေလို့ ၊ အသင်းပြောင်းဖို့ စိတ်အားထက်သန်လျက် ရှိနေရာ ၊ ချဲလ်ဆီး အသင်း ကလည်း ယင်း စပိန် ကြယ်ပွင့် ကို အကယ်ဒမီ အတွက် အားဖြည့်ဖို့ စိတ်ဝင်စားလျက် ရှိပါတယ် ။

SPORTS MYANMAR