ရော်နယ်ဒင်ဟို ကြောင့် ခရစ္စတီယာနို ကို မခေါ်ယူခဲ့တာလို့ ဆိုလိုက်တဲ့ ယိုဟန် လာပေါ်တာ

ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌဟောင်း ယိုဟန် လာပေါ်တာ က သူ့အနေနဲ့ ခရစ္စတီယာနို ရိုနာဒို ကို ခေါ်ယူဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် ၊ ရော်နယ်ဒင် ဟို ခေါ်ယူထားခဲ့တာကြောင့် အဲဒီ အခွင့်အရေး ကို ပယ်ချခဲ့တာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ရိုနာဒို ဟာ စပို့တင်း မှာ ကစားနေခဲ့စဉ်က ဥရောပ ထိပ်သီး ကလပ် တော်တော်များများ နဲ့ ချိတ်ဆက်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ လီဗာပူး အသင်းရဲ့ လက်ထောက် နည်းပြဟောင်း ဖြစ်သူ ဖီးလ် သွမ်ဆင် ကလဲ ဂျရတ် ဟူလီယာ လက်ထက်က ရိုနာဒို ကို ခေါ်ယူဖို့ အတွက် သူကိုယ်တိုင် ကြိုးစားခဲ့ဖူးတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့သလို ၊ အာဆင်နယ် အသင်း နည်းပြဟောင်း အာဆင် ဝင်းဂါး ကလဲ အလားတူ ပုံစံမျိုး ပြောဆိုခဲ့ဖူးပါတယ်။

ဒီကနေ့မှာ ထပ်မံ ထုတ်ဖော် ပြောဆိုလာခဲ့သူကတော့ ဘာစီလိုနာ ဥက္ကဌဟောင်း လာပေါ်တာ ပါ။ အွန်လိုင်း ကနေ တဆင့် ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာတော့ ရိုနာဒို ကို ခေါ်ယူဖို့ လာရောက် ကမ်းလှမ်းခြင်း ခံခဲ့ရတဲ့ အပေါ် အခုလိုပဲ ဖွင့်ဟ သွားခဲ့ ပါတယ်။

“ ကျနော် တို့က ရော်နယ်ဒင်ဟို နဲ့ မားကွက်ဇ် တို့ကို စာချုပ် ချုပ်တော့မယ့် စဲစဲပါ။ အဲဒီ အချိန်မှာ မားကွက်ဇ် ရဲ့ ကိုယ်စားလှယ်တွေက ရိုနာဒို ကို ခေါ်မလား ဆိုပြီး ကမ်းလှမ်းကြပါတယ်။ သူက စပို့တင်းမှာပဲ ကစားပေးနေချိန် ဖြစ်ပါတယ်။

အဲဒီ အထဲက အေးဂျင့်တစ်ယောက် ပြောခဲ့တဲ့ စကားက သူတို့ဟာ ယူနိုက်တက် ကို ယူရို 19 သန်း နဲ့ ရောင်းတော့မှာ ဖြစ်တယ် ၊ ဘာစီလိုနာ က လိုချင်တယ် ဆိုရင် ယူရို 17 သန်း နဲ့ ရအောင် ညှိပေးမယ် ဆိုပြီး ပြောခဲ့တာပါ။

ဒါပေမယ့် ကျနော်တို့ အသင်းမှာ ရော်နယ်ဒင်ဟို ကိုခေါ်ယူဖို့ လုပ်ဆောင်ပြီးသား ဖြစ်နေတယ်လေ။ ရိုနာဒို ကလဲ အသင်းက လိုချင်တဲ့ ပုံစံမျိုးထက် ၊ တောင်ပံကို ပိုပြီး ထွက်ကစားတတ်တဲ့သူပါ။ ဒါကြောင့် ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။ ကျနော် ကတော့ နောင်တ လုံး၀ မရပါဘူး” လို့ ပြောဆိုသွားခဲ့ ပါတယ်။

အဲဒီ အချိန်ကများ လာပေါ်တာ ဟာ ရိုနာဒို ကို ခေါ်ယူဖို့ အတွက် ဆုံးဖြတ်ချက် ချမှတ်ခဲ့မယ် ဆိုရင် ဘောလုံး လောက ရဲ့ အခင်းအကျင်းဟာ တစ်မျိုးတစ်ဖုံ အပြောင်းအလဲတွေ ဖြစ်သွားနိုင်ဖွယ် ရှိသွားနိုင်မယ် ထင်ပါတယ်။

လက်ရှိ အချိန်မှာတော့ ဥက္ကဌဟောင်းကြီး ဟာ နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် ပြင်ဆင်လျှက် ရှိနေပြီး ၊ ဘာစီလိုနာ ကို ပုံစံသစ်တွေ နဲ့ တည်ဆောက်ဖို့ ဟန်ပြင်လျှက် ရှိနေပါတယ်။

ဇန်နဝါရီ လ 24 ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ စုစုပေါင်း ကိုယ်စားလှယ် 4 ဦးက ဝင်ရောက် အရွေးခံကြမှာ ဖြစ်ပါတယ်။ အဲဒီ အထဲမှာ လာပေါ်တာ နဲ့ ဗစ်တာ ဖွန့် တို့က အနိုင်ရဖို့ ရေပန်း အစားဆုံး ဖြစ်နေပါတယ်။

ဥက္ကဌဟောင်းကြီး ကတော့ သူသာ အသင်းကို နောက်တစ်ကြိမ် တာဝန် ယူခွင့် ရရှိခဲ့မယ် ဆိုရင် သူ့ရဲ့ ဘုတ်အဖွဲ့ဝင်တွေ အဖြစ် ဂျာအူမီး ဂီရို ၊ CBRE Spain ရဲ့ ယခင် ဒါရိုတ်တာဟောင်း ဖြစ်သူ အဲလက် ဘာဘာနီ ၊ ဇာဗီယာ ဆာလ အိုင် မာတင် တို့ကို ခန့်အပ်ဖို့ ရည်ရွယ်ထားတဲ့ အကြောင်း တရားဝင် ထုတ်ဖော် ပြောဆိုလိုက်ပြီ ဖြစ်သလို ၊ အသင်းရဲ့ ယိမ်းယိုင်နေတဲ့ ဘဏ္ဍာရေး စီမံ ခန့်ခွဲမှု အတွက် ဘယ်လို ပုံစံမျိုး နဲ့ ဖြတ်သန်းသွားမယ် ဆိုတဲ့ အကြောင်းအရာတွေကိုပါ အသေးစိတ် ရှင်းပြနေပြီ ဖြစ်ပါတယ်။