ဒီရာသီမှာ သူ သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန် နေရတဲ့ အကြောင်းအရင်းကို ပြောကြားလိုက်တဲ့ အူဘာမီယန်း

အူဘာမီယန်း ဟာ ၂၀၁၈ ခုနှစ်တုန်းက ဒေါ့မွန် အသင်း ကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့လာ သူ ဖြစ်ပါတယ် ။ အူဘာမီယန်း ဟာ အာဆင်နယ် အသင်းနဲ့ ရာသီအစကတည်းက ကစားတဲ့နှစ်မှာ သွင်းဂိုး ၂၂ ဂိုး နဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ကို ရယူ နိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရာသီမှာလည်း အူဘာမီယန်း ဟာ ပြိုင်ပွဲစုံ ၄၄ ပွဲ ကစားပေးထားပြီး သွင်းဂိုး ၂၉ ဂိုး သွင်းယူ ပေးခဲ့ပြီး အာဆင်နယ် အသင်း အက်ဖ်အေ ဖလား ရရှိရာမှာ အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူ ပေးခဲ့ပါတယ် ။ ဒါ့အပြင် လီဗာပူး အသင်းကို အနိုင်ရခဲ့တဲ့ ကွန်မြုနတီဒိုင်းပွဲမှာ အူဘာမီယန်း ဟာ ဂိုးသွင်း နိုင်ခဲ့ပါတယ် ။

ဒါပေမယ့် ဒီရာသီမှာတော့ အူဘာမီယန်း ဟာ ပရီးမီးယားလိဂ် ၁၅ ပွဲ ကစားရာမှာ သွင်းဂိုး ၃ ဂိုးသာ ရရှိ ထားပါတယ် ။ အူဘာမီယန်း ကတော့ နယူးကာဆယ် နဲ့ ပွဲမှာ ဂိုးသွင်း နိုင်ခဲ့တာဟာ သူ့ရဲ့ ယုံကြည်မှုကို မြင့်တက်စေပြီး အကောင်းဆုံး ပုံစံပြန်လည်ရရှိမယ်လို့ ယုံကြည်နေပါတယ် ။

အူဘာမီယန်း က Sky Sports မှာ ” ဒီရာသီ အစ ကတည်းက ကျွန်တော် အများကြီး ရုန်းကန် ခဲ့ရပါတယ် ၊ ဒါပေမယ့် ဒါက ဘောလုံးမှာ ဖြစ်နေကြ အရာပါပဲ ။ မနှစ်က ရာသီကုန်ခါနီးမှာ အက်ဖ်အေဖလား ရယူပြီး ယူရိုပါလိဂ် ဝင်ခွင့် ရရှိဖို့ ကျွန်တော်တို့ အားလုံး အစွမ်းကုန် ကြိုးစား ခဲ့ပါတယ် ၊ အသင်းအတွက် အရမ်း အရေးပါတာကြောင့်ပါ ။ ”

” တစ်ခါတစ်လေမှာ ကစားသမားတိုင်း အတွက် အနိမ့်အမြင့် အတက်အကျ ဆိုတာ ရှိစမြဲပါပဲ ၊ ကျွန်တော်တို့ ဒီအခြေအနေတွေကို အကောင်းဆုံး ဖြစ်အောင် ကိုင်တွယ် ဖြေရှင်း ရမှာပါ ၊ ကျွန်တော် အကောင်းဆုံး ကြိုးစား နေပေမယ့် အခု အချိန်အထိ ကျနော့်ရဲ့ အကောင်းဆုံး ပုံစံမရသေးပါဘူး ။ ”

” ကျွန်တော် အကောင်းဘက်ကပဲ မြင်ထားပြီး ဒီအခြေအနေတွေကို တွန်းလှန်ပစ်နိုင်မယ်လို့ ယုံကြည်ပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

ဆက်လက်ပြီး ကိုယ်ကိုယ်တိုင် ရုန်းကန်နေရချိန်မှာ အသင်းကို ဦးဆောင်ရတာ ခက်ခဲသလား ဆိုတဲ့ မေးခွန်းကို အူဘာမီယန်း က ” နှစ်ခု စလုံးကို စီမံ ခန့်ခွဲ နိုင်ဖို့ ဆိုတာ တကယ်တော့ ခက်ခဲပါတယ် ၊ ဒါပေမယ့် တက်နိုင်သလောက် ကိုယ့်ဘက်က အပြုသဘောဆောင်အောင် နေရပါတယ် ၊ အသင်းက ကိုယ့်ကို လိုအပ်တာကြောင့်ပေါ့ဗျာ ။ ”

” ကျွန်တော် ကတော့ ကွင်းအတွင်းမှာကော အဝတ်လဲခန်း အတွင်းမှာပါ အသင်းဖော်တွေ အတွက် အကောင်းဆုံး လုပ်ဆောင် ထားပါတယ် ။ တစ်ခါတစ်လေမှာတော့ အခက်အခဲတွေ ရှိတာပေါ့ဗျာ ၊ ကိုယ့်ဘက်က mood မကောင်းရင်တောင် ပျော်အောင် နေပြီး ကောင်လေးတွေ စိတ်ဓာတ် တက်ကြွအောင် လုပ်ပေးပါတယ် ။ ”

” အခု အချိန်မှာ ကျွန်တော်တို့ ကောင်းကောင်း ကစားထားနိုင်ပြီး ဒီပုံစံကို ဆက်လက်ထိန်းသိမ်း ထားရမှာပါ ။ လာမယ့် နှစ်ပွဲလောက် ထပ်နိုင်ရင် ဒီအခြေအနေတွေ ပြောင်းလဲသွားမယ်လို့ ထင်ပါတယ် ၊ ကျွန်တော်တို့ ထိပ်ဆုံး ၆ သင်း နဲ့ သိပ်မကွာသေးပါဘူး ၊ အဲ့ဒီ နေရာကို ပြန်ရောက်အောင် သွားရပါဦးမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR