အမေ့ခံတို့ရဲ့ သွင်းဂိုးတွေနဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ နောက်ထပ် Comeback တစ်ပွဲ

ခရစ္စတယ်ပဲလေ့စ် ၊ တော့တင်ဟမ် ဟော့စပါး ၊ အာဆင်နယ် တို့ ကို ရှုံးနိမ့် ခဲ့ အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ဒီရာသီ အတွက် ပထမဆုံး အကြိမ် အဖြစ် လန်ဒန် ကလပ် အသင်း တစ်သင်း ကို အနိုင် ရရှိ ခဲ့ပါတယ် ။ ဝက်စ်ဟမ်း ယူနိုက်တက် ကတော့ ကိုဗစ် စဖြစ်ပြီး နောက်ပိုင်း ပထမဆုံး အကြိမ် ကွင်းထဲ ကို ပြန်ရောက် လာတဲ့ ပရိသတ် ၂၀၀၀ ရှေ့မှောက်မှာ အနိုင်ရအောင် ကြိုးစားခဲ့ ပေမယ့် ဒုတိယပိုင်း မှာ ခပ်မြန်မြန် ပေးခဲ့ ရတဲ့ ဂိုးတွေကြောင့် ရှုံးနိမ့် ခဲ့ရ ပါတယ် ။

ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုရက်စ် ဟာလည်း မန်ယူနိုက်တက် ကနေ ထုတ်ပယ်ခံ ရ အပြီးမှာ ယူနိုက်တက် ကို ပြန်လည် အနိုင် မယူနိုင် သေးတဲ့ မှတ်တမ်း ကိုလည်း ဆက်လက် ပိုင်ဆိုင် သွားခဲ့ရ ပါတယ် ။ မန်ချက် စတာ ယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ အပတ်က ဆောက်သမ်တန် ကို Comeback နဲ့ အနိုင်ယူ အပြီးမှာ နောက်ထပ် Comeback တစ်ပွဲ ကို ထပ်ရခဲ့ တာပဲ ဖြစ်ပါတယ် ။

အိမ်ရှင် ဝက်စ်ဟမ်း ရဲ့ ပထမပိုင်း ကစားပုံ က တကယ်ကောင်းခဲ့ ပါတယ် ။ ယူနိုက်တက် ကို အသင်းကြီး တစ်သင်းပမာ ကစား သွားခဲ့ပြီး အခွင့်အရေးပေါင်း များစွာလည်း ရခဲ့ ပါတယ် ။ လူကျွံတဲ့ သွင်းဂိုး ၊ ခြေချော်လဲတဲ့ အပိုင်အလုံး ၊ တိုင်ထိ ထွက်မှု ၊ ဟန်ဒါဆင် ရဲ့ ကာကွယ်မှုတို့ ကြောင့် တိုမက် ဆိုချက် ရဲ့ ၃၈ မိနစ် သွင်းဂိုး တစ်ဂိုးတည်းနဲ့ သာ ကျေနပ် ခဲ့ရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကတော့ မိနစ် ၄၀ ကျော်က အန်တိုနီ မာရှယ် ရဲ့ ကန်ချက် တစ်ကြိမ် ကလွဲရင် ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ မပြုလုပ် နိုင်ခဲ့ ပါတယ် ။ ကွင်းလယ်က ပေါ့ဘာ ၊ ဗန်ဒီဘိ နဲ့ တော်မီနေး တို့ ၃ ယောက်ဟာ အချိတ်အဆက် မမိဘဲ အရွေ့တွေ ၊ ဇုန်အလိုက် လှုပ်ရှားမှုတွေ ထပ်နေပြီး ရှေ့ကို ဘောလုံး မပေးပို့ နိုင် ဖြစ်ခဲ့ရ ပါတယ် ။

ဒုတိယပိုင်း အစ မှာတော့ ဗန်ဒီဘိ နဲ့ ကာဗာနီ အစား အနားပေး ထားတဲ့ ရက်ဖိုဒ့် နဲ့ ဖာနန်ဒက်စ် တို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ ပါတယ် ။ သူတို့ ၂ ယောက် ဝင်လာပြီး မှာ ယူနိုက်တက် ကစားပုံ တက်လာပြီး အခွင့် အရေး ဖန်တီးမှုတွေ ပိုလုပ် နိုင်ခဲ့ ပေမယ့် အဓိက လိုအပ် နေတဲ့ သွင်းဂိုး ကိုတော့ မရရှိခဲ့ ပါဘူး ။

ဝက်စ်ဟမ်း ကတော့ ပထမပိုင်း မှာ ခြေစွမ်းပြ ခဲ့တဲ့ ဘိုဝင် နဲ့ ပါဘလို ဖော်နယ်စ် တို့ ဒုတိယပိုင်း မှာ ကျသွား ခဲ့တာ ကြောင့် ပထမပိုင်း ကလောက် ဗျုဟာကျကျ မထိုးဖောက် နိုင်တာကို တွေ့ခဲ့ရ ပါတယ် ။ ပွဲချိန် ၆၂ မိနစ် မှာတော့ အန်တိုနီ မာရှယ် နာသွားခဲ့ပြီး ဟွမ်မာတာ နဲ့ လူစားလဲ လိုက်ရတာက ပွဲရဲ့ အဓိက ကျတဲ့ အလှည့် အပြောင်း စတင်ဖို့ အချက်ပြ လိုက်တာပါပဲ ။

မာရှယ် ထွက်သွား အပြီး ၃ မိနစ် အကြာမှာပဲ ယူနိုက်တက် တို့ ချေပဂိုး ရခဲ့ ပါတယ် ။ ဒီဂိုး ကိုတော့ ဘရူနို ဖာနန်ဒက်စ် ခင်းပေး ရာကနေ ပေါ့ဘာ က ဧရိယာ အပြင်ကနေ ကန်ချက် ပြင်းပြင်း နဲ့ လှလှ ပပ သွင်းယူ ပေးသွားခဲ့တာပဲ ဖြစ် ပါတယ် ။ ဒီဂိုး စတင်ခဲ့ရာ ဟန်ဒါဆင် ရဲ့ ကန်ချက် ဟာ ဘေးစည်းကို ကျော်တယ်လို့ ဝက်စ်ဟမ်း ဘက်က စွပ်စွဲ ခဲ့တာကြောင့် VAR နဲ့ ပြန်လည် ဆုံးဖြတ်ခဲ့ ပေမယ့် ဂိုးကို မပယ်ဖျက်ခဲ့ ပါဘူး ။

သရေ ဖြစ်သွားပြီး နောက်မှာတော့ ယူနိုက်တက် တို့ အခွင့်အရေးတွေ ပိုရလာခဲ့ ပါတယ် ။ အထူးသဖြင့် ၄၅ မိနစ် အနား ရထားပြီး ဒုတိယပိုင်းမှ ဝင်လာတဲ့ မားကပ် ရက်ဖိုဒ့် ဟာ မာရှယ် ရဲ့ ဘယ်တောင်ပံ ကို ဝင် ကစားပြီး သူ့ရဲ့ ပြေးအားနဲ့ ဝက်စ်ဟမ်း လူကျွံ ထောင်ချောက်ကို အကြိမ်ကြိမ် ဖောက်ထွက် နိုင်ခဲ့ ပါတယ် ။

ပထမ အကြိမ် ကြိုးစားမှု ဟာ ဂိုးတိုင်ထိ ထွက်ခဲ့ ပေမယ့် ဒုတိယ အကြိမ် မှာတော့ ဝက်စ်ဟမ်း ဂိုးသမား ဖေဘီယံ စကီး ပေါ်ကနေ ကျော်ပြီး လှလှ ပပ အဆုံးသတ် ကန်သွင်းကာ ယူနိုက်တက် အတွက် တတိယဂိုး ကို ရယူပေးခဲ့ ပါတယ် ။ အဲ့ဒိ ဂိုးမတိုင်ခင် ၆၈ မိနစ် မှာ မေဆင် ဂရင်းဝုဒ် က တဲလက်စ် ရဲ့ ဖြတ်တင်ဘော ကို ဘယ်ခြေနဲ့ ပတ်ကန်ပြီး ယူနိုက်တက် ကို ၂ – ၁ နဲ့ ဦးဆောင်ပေး ထားနိုင်ခဲ့ ပါတယ် ။

၁ – ၀ အနေအထား ကနေ ၁၃ မိနစ် အတွင်း ၃ – ၁ နဲ့ ရှုံးနိမ့် သွားမှု ဟာ ဝက်စ်ဟမ်းကို ဖွဲ့စည်းပုံ ပျက်သွား စေခဲ့ ပါတယ် ။ ဘိုဝင် နဲ့ ဖော်နယ် တို့ နေရာကို လန်ဇီနီ ၊ ဘန်ရာမာ တို့ ဝင်လာခဲ့ ပြီး ချေပဂိုး အတွက် ကြိုးစား ခဲ့ပေမယ့် အရာ အထင်ခဲ့ ပါဘူး ။ ဘန်ရာမာ ဟာ တစ်ကိုယ်တော် အရည်အသွေး ကောင်းခဲ့ပေမယ့် အသင်းဖော်တွေ နဲ့ ချိတ်ဆက်မှု အားနည်းခဲ့တာကြောင့် ဝက်စ်ဟမ်း တိုက်စစ်ဟာ ပထမပိုင်း ကလောက် မထက်မြက်တော့ တာကိုလည်း တွေ့မြင် ခဲ့ရ ပါတယ် ။

ပွဲရဲ့ နောက်ဆုံး ၁၀ မိနစ် ကတော့ မန်ချက်စတာ ယူနိုက်တက် ဂိုးသမားလေး ဟန်ဒါဆင် လက်စွမ်းပြ တဲ့ အပိုင်းဖြစ်ခဲ့ ပါတယ် ။ ဒီဂီယာ ကို အနားပေး ထားတာကြောင့် အခွင့်အရေး ရလာခဲ့တဲ့ ဟန်ဒါဆင် ဟာ ခရပ်စ်ဝဲလ် ရဲ့ တိကျတဲ့ ဖရီးကစ် ကန်ချက် အပါအဝင် ဝက်စ်ဟမ်း ကစား သမားတွေ ရဲ့ ကန်သွင်းမှုတွေကို နေရာယူမှန်မှန် နဲ့ ကာကွယ် တားဆီး နိုင်ခဲ့ ပါတယ် ။

ဒါကြောင့် ပွဲအပြီး မှာတော့ မန်ချက်စတာ ယူနိုက်တက် က ဝက်စ်ဟမ်း ကို ၃ – ၁ နဲ့ အနိုင် ရပြီး ၁၀ ပွဲ ကစား အပြီးမှာ ၁၉ မှတ် နဲ့ အဆင့် ၄ နေရာ အထိ ခုန်တက် သွားနိုင် ခဲ့ ပါတယ် ။ ဒီညမှာ နည်းပြ ဆိုးရှား ရဲ့ အမေ့ခံ တွေ ဖြစ်တဲ့ ပေါ့ဘာ ၊ ဂရင်းဝုဒ် တို့ ဂိုးတွေ စသွင်း ခဲ့ကြသလို ဂိုးသမားလေး ဟန်ဒါဆင် ကလည်း လက်စွမ်းပြ နိုင်ခဲ့တာကြောင့် ကျေနပ်စရာ ကောင်းတဲ့ ညတစ်ည ဖြစ်ခဲ့ရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ဗုဒ္ဓဟူးနေ့ မှာတော့ ဂျာမန် မြေပေါ်ကို သွားရောက်ပြီး လိုက်ပ်ဇစ် အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ် ကို ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။ ရှုံးထွက် အဆင့်ကို တက်ရောက်ဖို့ အတွက် ၁ မှတ် လိုအပ် နေသေးတဲ့ ယူနိုက်တက်တို့ ဂျာမန်မြေပေါ်မှာ ရလဒ်ကောင်း နိုင်မလား ဆိုတာ ကတော့ စောင့်ကြည့် ရဦးမှာပဲ ဖြစ် ပါတယ် . . . . .

SPORTS MYANMAR