ပြင်သစ်သား ၃ဦး နဲ့ အင်္ဂလန်သား ၂ဦး အထူး ခြေစွမ်းပြခဲ့ကြတဲ့ ချဲလ်ဆီး ၃ – ၁ လိဒ်စ်ယူနိုက်တက် ပွဲမှ ခြင်္သေ့ပြာတို့ရဲ့ စွမ်းဆောင်ရည်များ ( Ratings )

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ မှာ လိဒ်စ်ယူနိုက်တက် အသင်း ကို ပွဲအစ ၅မိနစ် အတွင်း ပေးခဲ့ရတဲ့ အဖွင့်ဂိုး နဲ့ နောက်ကနေ လိုက်ကစားခဲ့ရကာ ၊ ဂျရူး ၊ ဇူးမား ၊ ပူလီဆစ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ comeback နိုင်ပွဲ ရခဲ့ပြီး ၊ ဇယားထိပ်သို့ ယာယီ တက်ရောက်လာနိုင်ခဲ့ပါတယ် ။ ထိုပွဲစဉ်မှ ချဲလ်ဆီး အသင်းသား တွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 6 )

အဖွင့်ဂိုး ပေးခဲ့ရတဲ့ နေရာမှာ မန်ဒီ ရှေ့ထွက်ခဲ့တာ က အမှား တခု ဖြစ်ခဲ့ပေမယ့် ၊ ပွဲတပွဲလုံး နီးပါးမှာတော့ အမှားအယွင်း မရှိသလောက် နည်းပါးခဲ့သလို ၊ ဒုတိယပိုင်း အတွင်း လူစားဝင် လိဒ်စ် တောင်ပံ ကစားသမား အီယန် ပိုဗေးဒါး ရဲ့ ကန်ချက် ကိုလည်း ကာကွယ်နိုင်ခဲ့ပါတယ် ။

နောက်တန်း – ရိစ်ဂျိမ်းစ် ၊ ကတ်ဇူးမား ( Rating – 8 ) ၊ သီယာဂို ဆေးလ်ဗား ၊ ဘန်ချေဝဲလ် ( Rating – 7 )

ပွဲအစ ၅မိနစ် အတွင်း လိဒ်စ်ယူနိုက်တက် ရဲ့ ကောင်တာ ကို တားဆီးဖို့ လေးပင်ခဲ့တဲ့ ကတ်ဇူးမား ဟာ ကျန်တဲ့ ပွဲချိန်တွေမှာတော့ လိဒ်စ် ရဲ့ အမြင့်ဘော မှန်သမျှ ရှင်းထုတ်နိုင်ခဲ့သလို ၊ ဒုတိယပိုင်း မှာ ထောင့်ကန်ဘော ကနေ တဆင့် ဒီရာသီ ၄ဂိုးမြောက် ပရီးမီးယားလိဂ် သွင်းဂိုး ကို ခေါင်းတိုက် သွင်းယူပေးနိုင်ခဲ့ပါတယ် ။

သီယာဂို ဆေးလ်ဗား ဟာလည်း အသက်အရွယ် အရ လိဒ်စ် ဂိုးသွင်းရှင် ဘန်းဖို့ဒ် ကို တားဆီးဖို့ နှေးကွေးခဲ့ပေမယ့် ၊ လိဒ်စ် ရဲ့ အခြား ထိုးဖောက်မှုတွေမှာ ပင်နယ်တီ ဧရိယာ အတွင်း သို့ ရောက်ရှိလာသမျှ အတိုပေးဘော တွေကို သမ္ဘာ နဲ့ ပါးပါးနပ်နပ် ရှင်းထုတ်နိုင်ခဲ့တာ ကို တွေ့ရပါတယ် ။

အိုလီဗီယာ ဂျရူး ရဲ့ ချေပဂိုး ကို လှလှပပ ဖန်တီးနိုင်ခဲ့တဲ့ ရိစ်ဂျိမ်းစ် ကတော့ ဒီပွဲမှာ အထူး တောက်ပခဲ့တဲ့ ကစားသမား တယောက် ဖြစ်ခဲ့ပါတယ် ။ လိဒ်စ် ရဲ့ ဘယ်အခြမ်း တောင်ပံ ကစားသမား ဂျက်ဟာရစ်ဆင် ကိုလည်း ပထမ တပိုင်းလုံး လှုပ်မရအောင် ထိန်းသွားခဲ့သလို ၊ တိုက်စစ် ခံစစ် မျှတတဲ့ ဟန်ချက် ကို ထုတ်ပြသွားနိုင်ခဲ့ပါတယ် ။

ချေဝဲလ် ကတော့ ပထမပိုင်း မှာ ပိုကောင်းတဲ့ ကစားဟန် ကို ပြသနိုင်ခဲ့တယ် လို့ ဆိုရမှာ ဖြစ်ပြီး ၊ ဒုတိယပိုင်း မှာ လူစားဝင် ကစားသမား ပိုဗေးဒါး ကို အတော် ခက်ခက်ခဲခဲ ထိန်းသိမ်းခဲ့ရပါတယ် ။ ပထမပိုင်း ပြီးခါနီး ထောင့်ကန်ဘော က တဆင့် ခေါင်းတိုက်ဂိုး ရဖို့ နီးစပ်ခဲ့သလို ၊ ဒုတိယပိုင်း အတွင်း ဖရီးကစ် တည်ကန်ဘော က တဆင့် ဟာဗက်ဇ် ကို ကွက်တိ ဖန်တီးပေးနိုင်ခဲ့ပေမယ့် ၊ အဆုံးသတ် ညံ့ခဲ့လို့ ချေဝဲလ် တယောက် assist မရခဲ့ပါဘူး ။

ကွင်းလယ် – အန်ဂိုလိုကန်တေ ၊ မေဆင်မောင့် ( Rating – 8 ) ၊ ကိုင်ဟာဗက်ဇ် ( Rating – 6 )

ကန်တေ ကတော့ ဒီပွဲမှာလည်း ကွင်းလယ် ကစားကွက် မှာ မရှိမဖြစ် အရေးပါတဲ့ အဖျက် တယောက် အနေနဲ့ ထပ်မံ စွမ်းဆောင်ပြခဲ့ပါတယ် ။ လိဒ်စ် ရဲ့ တိုက်စစ် ကစားပုံ အချိတ်အဆက် မမိစေဖို့ တော်တော်များများ ကို ကန်တေ တယောက်တည်း ဒိုင်ခံ ရှင်းထုတ်ခဲ့ပါတယ် ။

လူသစ်တွေ ဘယ်လောက်ပဲ ရောက်လာပါစေ ၊ လမ်းပတ် ဟာ မေဆင်မောင့် ကို သူ့ ကစားကွက် မှာ မဖြစ်မနေ ထည့်သုံးမယ် ဆိုတာ ၎င်းရဲ့ မနေ့ည က ပွဲက မနားမနေ ကြိုးစား ကစားဟန် က သက်သေ ထူနေပါတယ် ။ ဒါ့အပြင် ဇူးမား ရဲ့ ခေါင်းတိုက်ဂိုး အတွက် ထောင့်ကန်ဘော မှ တဆင့် လှလှပပ ဖန်တီးနိုင်ခဲ့သလို ၊ နောက်ထပ် တကြိမ် ထောင့်ကန်ဘော ကနေပဲ assist နောက်တကြိမ် ရရှိဖို့လည်း နီးစပ်ခဲ့ပါသေးတယ် ။

ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ရောက်လာတဲ့ ဟာဗက်ဇ် ကတော့ အခုအချိန် အထိ ကို အားရစရာ ခြေစွမ်းမျိုး မပြနိုင်သေးပါဘူး ။ မနေ့ည က ပွဲမှာလည်း ၎င်းဟာ ဘောလုံး ထိချက် အပျက် များနေခဲ့သလို ၊ လိဒ်စ် ရဲ့ ပြင်းထန်တဲ့ press ကစားပုံ ကို လုံးဝ ခံနိုင်ရည်မရှိခဲ့တာ တွေ့ခဲ့ရပါတယ် ။ ဒါ့အပြင် ပူလီဆစ် မတိုင်ခင် တတိယ ဦးဆောင်ဂိုး ဖြစ်နိုင်မယ့် ခေါင်းတိုက်ခွင့် ကိုလည်း အဆုံးမသတ်နိုင်ခဲ့ပါဘူး ။

တိုက်စစ် – တီမို ဗာနာ ( Rating – 6 ) ၊ အိုလီဗီယာ ဂျရူး ( Rating – 8 ) ၊ ဟာကင် ဇီယက်ချ် ( Rating – 5 )

နောက်တကြိမ် ကံဆိုးခဲ့တာလား ၊ အရည်အသွေးပဲ ကျနေတာလား ဆိုတာ စဉ်းစားရ ခက်ပေမယ့် ၊ ဗာနာ ရဲ့ အပိုင် အလုံး ဖြုန်းတီးမှုတွေက အတော်လေး အံ့အားသင့်စရာ ကောင်းခဲ့ပါတယ် ။ သွင်းဂိုး က လွဲရင် ဗာနာ ရဲ့ တပွဲလုံး ကြိုးစား အားထုတ်မှု ကတော့ ရာနှုန်းပြည့် ကျေနပ်စရာ ကောင်းခဲ့ပါတယ် ။

သို့ပေမယ့်လည်း တပွဲလုံး မှာ ခံစစ် က အကြိမ်ကြိမ် အမှားအယွင်း များနေခဲ့တဲ့ လိဒ်စ် ဖက်ကို ဗာနာ အနေနဲ့ အနည်းဆုံး ဂိုးတဂိုးလောက် ရခဲ့ဖို့ ကောင်းပါတယ် ။ နာကျင်အချိန်ပို မှာတော့ ဝေဖန်မှုတွေ ကို အနည်းငယ် လျော့ပါးစေဖို့ ဗာနာ ဟာ ပူလီဆစ် ရဲ့ သွင်းဂိုး ကို ပါးနပ်စွာ ဖန်တီးပေးခဲ့ပါတယ် ။

ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့် ရခဲ့တဲ့ ဂျရူး ကတော့ အေဘရာဟမ် ထက် ပွဲထွက်ခွင့် ပိုရဖို့ ထိုက်တန်ကြောင်း ကို သွင်းဂိုး တဂိုး နဲ့ ထပ်မံ သက်သေပြနိုင်ခဲ့ပါပြီ ။ နေရာယူပုံ ၊ အမြင့်ဘော ပိုင်နိုင်ပုံ ၊ အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားပုံ အစရှိတဲ့ ရှုထောင့် ပေါင်းစုံ က ပြောစရာ မရှိခဲ့ပါဘူး ။ သို့ပေမယ့် မေဆင်မောင့် ရဲ့ ထောင့်ကန်ဘော ဖန်တီးမှု တကြိမ် ကိုတော့ ခေါင်းတိုက် အဆုံးသတ်ဖို့ ကောင်းခဲ့ပါတယ် ။

ဒဏ်ရာ ကံကြမ္မာဆိုး ကနေ ရုန်းမထွက်နိုင်သေးတဲ့ ဇီယက်ချ် ကတော့ ပုံစံကောင်းတွေ ရထားပြီမှ အခုတခါမှာလည်း ဒဏ်ရာ ထပ်ရခဲ့ပြန်ပါပြီ ။ ပွဲအစ စက္ကန့် ၄၀ က ၎င်းရဲ့ ကန်ချက် ကောင်းခဲ့သလို ၊ ဂျရူး ရဲ့ သွင်းဂိုး အတွက် ရိစ်ဂျိမ်းစ် ကို ဘောလုံး ခင်းပေးနိုင်ခဲ့ပေမယ့် ၊ ချက်ချင်း ဒဏ်ရာ ရသွားခဲ့တာက နှမြောစရာ ကောင်းခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ – ခရစ်တီယန် ပူလီဆစ် ( Rating – 7 ) ၊ မတ်တီယို ကိုဗာဆစ် ( Rating – 6 ) ၊ တမ်မီ အေဘရာဟမ် ( N/A )

SPORTS MYANMAR