မက်ဆီ ကို အရ ခေါ်ယူနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတဲ့ PSG ၊ မက်ဆီ ရောက်လာမှ စာချုပ်သစ် လက်မှတ်ထိုးချင်တယ်လို့ မူနေတဲ့ နေမာ

ယူနိုက်တက် နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် အပြီးမှာပဲ နေမာ ကိုယ်တိုင်က မက်ဆီ နဲ့ အတူတူ တွဲကစားချင်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပြီး နောက်ပိုင်း ၊ ပီအက်စ်ဂျီ နဲ့ မက်ဆီ တို့အကြား က အပြောင်းအရွှေ့ သတင်းတွေက တော်တော်လေးကို သွက်နေပါတယ်။

အသင်းနဲ့ နီးစပ်တဲ့ သူတွေ ရဲ့ ပြောပြချက် အရတော့ နောက်ကွယ်မှာ အားကစား ဒါရိုတ်တာ လီယိုနာဒို နဲ့ နေမာ တို့ဟာ မက်ဆီ ကို ခေါ်ယူနိုင်ဖို့ အရေး ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ ဆိုထားပြီး ၊ ဘရာဇီးသား အနေနဲ့လဲ ကစားဖော်ဟောင်း ကို စည်းရုံးရေး ဆင်းပေးဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

မက်ဆီ ဟာ နောက်ထပ် 4 ပတ် အကြာရောက်ရင်ပဲ အခြား ကလပ်တစ်ခုနဲ့ အပြောင်းအရွှေ့ ဆိုင်ရာ ကိစ္စရပ်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ခွင့် ရှိနေပါပြီ။

ဒါကြောင့် ပီအက်စ်ဂျီ အနေနဲ့ အခြား ပြိုင်ဘက် ကလပ်တွေ ထက် နောက်မကျပဲ ခြေလှမ်းလှမ်းနိုင်ဖို့ အစွမ်းကုန် ပြင်ဆင်လျှက် ရှိနေပါတယ်။

လက်ရှိ အခြေအနေတွေ အရတော့ ပီအက်စ်ဂျီ ဟာ နေမာ နဲ့ ဘာပေ တို့ နှစ်ယောက်စလုံးကိုလဲ ဆက်လက် ထိန်းထားနိုင်ဖို့ အတွက် စာချုပ်သစ် ကိစ္စတွေကို ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ နေမာ ရဲ့ စာချုပ်သစ် ကိစ္စက တိုးတက်မှုတွေ ရှိနေတယ်လို့ နားလည်ရသော်လဲ ၊ ဘာပေ ရဲ့ စာချုပ် ကိစ္စကတော့ ထူးခြားမှုတွေ မရှိသေးပါဘူး။

တစ်ချိန်တည်းမှာပဲ ပြင်သစ် တိုက်စစ်မှုးလေးဟာ ရီးရဲ မက်ဒရစ် (သို့) လီဗာပူး ဆီ ပြောင်းရွှေ့ ကစားဖို့ အတွက် စိတ်ကူးနေတယ်လို့တောင် သတင်းတွေ ထွက်ပေါ်လျှက် ရှိနေပါတယ်။

အဲဒီ အခြေအနေတွေ ကြားထဲက PSG အနေနဲ့ မက်ဆီ ကို ခေါ်ယူဖို့ ကြိုးစားရတာ သိပ်တော့ မလွယ်ပါဘူး။ အထူးသဖြင့် FFP ကိစ္စက ရှိနေတာကြောင့် ၊ မက်ဆီ အတွက် ပေးချေလိုက်ရမယ့် လစာ ပမာဏ နဲ့ ပြန်လည် ရရှိလာနိုင်တဲ့ ဝင်ငွေတွေကို တွက်ချက်ရာမှာ ၊ ဗိုင်းရပ် ကိစ္စဝင်ရှုပ်နေလို့ တော်တော်လေးကို အကျပ်ရိုတ်လျှက် ရှိနေပါတယ်။

မက်ဆီဟာ ဘာစီလိုနာ မှာတောင် တစ်နှစ်လုပ်ခ ယူရို သန်း 60 ဝန်းကျင် ရရှိနေသူပါ။ အဲဒီ ပမာဏ က နေမာ ရဲ့ တစ်နှစ်လုပ်ခ ယူရို 36 သန်း + ဘာပေ ရဲ့ လုပ်ခ ယူရို 20 သန်း ထက်တောင် များလို့ နေပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီ ဟာ မက်ဆီ ကို ခေါ်ယူနိုင်မယ့် နည်းလမ်းတွေထဲမှာ ဘယ်နည်းလမ်းက အကောင်းဆုံး ဖြစ်နိုင်မလဲ ဆိုတာ ၊ အဆောတလျှင် ရှာဖွေလျှက် ရှိနေပါတယ်။

ဘာစီလိုနာ အခြေစိုက် သတင်းစာကြီး တစ်စောင် ဖြစ်တဲ့ Mundo ကတော့ နေမာ ဟာ မက်ဆီ ကို အရ ခေါ်ယူပေးနိုင်မှသာ စာချုပ်သစ်မှာ လက်မှတ် ထိုးနိုင်မယ် လို့ ပြောဆိုလိုက်တဲ့ အကြောင်း မျက်နှာဖုံး သတင်းအဖြစ်တောင် ဖော်ပြသွားခဲ့ ပါတယ်။

နေမာ ကိုယ်တိုင် ကတော့ – “ မက်ဆီ အနေနဲ့ အသင်းပြောင်းလာ မယ်ဆိုရင် ကျနော် ကစားနေတဲ့ နေရာမှာ ဝင်ကစားလို့ ရပါတယ်။ ဒါက ကျနော့် အတွက် ပြသနာ မဟုတ်ပါဘူး။ အဓိက က လာမယ့် နှစ်မှာ ကျနော်တို့ နှစ်ယောက် အတူတူတွဲပြီး ပြန်ကစားခွင့် ရဖို့ အတွက်ပါပဲ” လို့ ထုတ်ဖော် ပြောဆိုထားခဲ့ ပါတယ်။

ပဲရစ် အခြေစိုက် သတင်းစာတွေ မှာတော့ နေမာ ဟာ လက်ရှိ ရရှိနေတဲ့ လစာ ပမာဏအတိုင်း ဆက်ပြီး ရမယ် ဆိုရင်တောင် ကျေနပ်ဖွယ် ရှိနေတယ်လို့ ခန့်မှန်းနေကြပြီး ၊ အဓိက လိုချင်တဲ့ အချက်ဟာ ဘောနပ်ကြေး နဲ့ စာချုပ်သက်တမ်း ခိုင်ခိုင်မာမာ ရှိဖို့ အတွက်ပဲလို့ ရေးသား ဖော်ပြလျှက် ရှိနေကြပါတယ်။

ဇန်နဝါရီ ကာလ နီးစပ်လာတာနဲ့ အမျှ မက်ဆီ ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ကတော့ တစ်နေ့ တစ်မျိုး မရိုးနိုင်အောင်ကို ပေါ်ထွက်လာဦးမှာပါ

SPORTS MYANMAR